>unlawfully detained Burmese reporter freed by Burmese regime

>

(Burmese news journals and periodicals selling on streets of Rangoon, file photo, MoeMaKa)

အပြစ်မရှိဘဲ အဖမ်းခံထားရသည့် သတင်းထောက် အချုပ်မှလွှတ်

မိုးမခ အထောက်တော် (ရန်ကုန်)

အောက်တိုဘာ ၂၀ရက်

လူသတ်မှုသတင်း ရေးသားခြင်းနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းရဲ၏ ခေါ်ယူကြိမ်းမောင်းခြင်းကို ခံရပြီးနောက် မကြာမီ ဖမ်းဆီးခြင်းခံခဲ့ရသည့် ဖလားဝါးနယူးစ် ဂျာနယ်၏ သတင်းထောက်ချုပ် ကိုစောမြင့်သန်း အား ယမန်နေ့ညနေက ပြန်လွှတ်ပေးလိုက် ကြောင်းရန်ကုန်မြို့မှ လာသောသတင်းများ အရသိရသည်။


ကိုစောမြင့်သန်းကို တရားမ၀င်အသင်းအဖွဲ့နှင့် ဆက်သွယ်မှုပုဒ်မ၊ အီလက်ထရွန်းနစ် ပုဒ်မနှင့် အစိုးရအကြည်ညိုပျက်အောင် ပြောဆိုမှု စသည့် အနည်းဆုံး ပုဒ်မ ၃ခုနှင့် တရား စွဲဆို ခဲ့ပြီးနောက် တလခွဲကျော်အကြာ တွင်ယခုကဲ့သို့ ပြန်လွှတ်ပေးလိုက် ခြင်းဖြစ်သည်။



အမှုမှ တရားသေလွှတ် ပေးလိုက်သည်ဟု ရန်ကုန်မြို့မှ လာသော သတင်းများအရ သိရပြီး၊ ခံဝန်ချက်ထိုးရခြင်းစသည့် လုပ်ဆောင်မှုမျိုး ရှိမရှိကိုမူ ရှင်းလင်းစွာ မသိရှိရသေးပေ။



စက်တင်ဘာ လနောက်ဆုံးပတ်ထုတ် ဖလားဝါးစ်နယူးစ် ဂျာနယ်တွင် သင်္ဃန်းကျွန်းမြို့နယ်မှ လင်မယားနှစ်ဦး အသတ်ခံရသည့် သတင်းကို ကိုစောမြင့်သန်းနှင့် အခြားသတင်းထောက်တဦး တို့ကမေးမြန်းကာ ဂျာနယ်တွင် ရေးသားဖေါ်ပြခဲ့သည်။ ဂျာနယ်ထွက်ရှိပြီး မကြာမီ ရန်ကုန်တိုင်းရဲက ကိုစောမြင့်သန်းအား ခေါ်ယူကာ လူသတ်မှု သတင်းရေးသားမှုနှင့် ပတ်သက်ပြီး ကြိမ်းမောင်းပြောဆိုခဲ့သည်။



အဆိုပါကိစ္စနှင့် ပတ်သက် သည့် သတင်းကို နာရီပိုင်းအတွင်း ချင်းမိုင်အခြေစိုက် ဧရာဝတီသတင်းဝက်ဘ်ဆိုက်တွင် ဖေါ်ပြခဲ့မှုကြောင့် ကိုစောမြင့်သန်းအား ပြည်ပသတင်းဌါနနှင့် ဆက်သွယ်မှုရှိသည်ဟု စွပ်စွဲကာ စက်တင်ဘာလ ၁ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။



ကျောက်တံတားရဲစခန်းက ကိုစောမြင့်သန်း ဧရာဝတီသတင်းဌာနနှင့် ဆက်သွယ်သည့် အထောက်အထား တစုံတရာမျှ မတွေ့ရှိရသော်လည်း အထက်မှ ညွှန်ကြားချက်အရ အရေးအယူလျင် မဖြစ်သည့် အခြေအနေကြောင့် အရေးယူ ခဲ့ရသည်ဟု ရန်ကုန်မြို့ ဂျာနယ်အသိုင်းအ၀ိုင်း မှကောက်ချက်ချ ပြောဆိုခဲ့သည်။



ရန်ကုန်မြို့မှ သတင်းထောက်တဦးက …

“ကိုစောမြင့်သန်းက အသားလွတ်ကြီး ခံရတာဆိုတော့ လွှတ်ပေးသင့်ပါတယ်။ ဘာအထောက်အထားမှလည်း မရှိပဲနဲ့ ပို့တဲ့သူကို မဖေါ်နိုင်ရင် ဖမ်းမယ်ဆိုပြီးဖမ်းတာကတော့ ဘယ်လိုမှ အဓိပ္ပါယ်မရှိဘူး၊ အခုလို လွတ်တယ်လို့ ကြားတော့ ၀မ်းသာပါတယ်။ သတင်းထောက်က သတင်းရေးလို့ အကြိမ်းမောင်းခံရတယ်။ အဖမ်းခံရတယ်ဆိုတာ ကျွန်တော်တို့ မီဒီယာလောကအတွက် မကောင်းပါဘူး။ ရေးသားတဲ့ သတင်းမှားလို့ တရားစွဲခံရတယ် ဆိုတာမျိုးကို နားလည်နိုင်သေးပေမယ့် အခုကိစ္စကတော့ နကိုကတည်းက ဖြစ်ကိုမဖြစ်သင့်တဲ့ ဟာပါ”

ဟုပြောဆိုသည်။

(Burmese street vendors preparing for selling Burmese journals & periodicals – file photo, MoeMaKa)



မကြာမီ နှစ်ပိုင်းမှ စတင်ပြီး ပုဂ္ဂလိကပိုင် အပတ်စဉ်ထုတ် သတင်းဂျာနယ် အများအပြား ပေါ်ထွက်လာကာ အမျိုးပေါင်း ဒါဇင်နှင့်ချီပြီး အပတ်စဉ်ထွက်ရှိလျက်ရှိသည်။ ပြန်ကြားရေးဝန်ကြီးဌါနမှ ထုတ်ပြန်သော စာရင်းအရ အပတ်စဉ်ထုတ် ဂျာနယ်အမျိုးပေါင်း ၁၅၀ ၀န်းကျင်အထိရှိပြီး ပုံမှန်ထွက်ရှိနေသော သတင်းဂျာနယ်များမှာ အမျိုးအစား ၃၀ ၀န်းကျင်ရှိသည်ဟု သိရှိရသည်။



ထိုသို့ သတင်းဂျာနယ်များ တိုးပွားလာခြင်းကြောင့် သတင်းထောက်များ၊ သတင်းအယ်ဒီတာအရေအတွက်များ လည်းသိသိသာသာ များပြားလာခဲ့သည်။ ယခု ဖမ်းဆီးသည့် လုပ်ရပ်သည် အဆိုပါသတင်းမီဒီယာသမားများမှတဆင့် ပြည်ပရှိမြန်မာ သတင်းမီဒီယာများဆီ သို့ သတင်း မပေါက်စေရန် စစ်အစိုးရက သတိပေးခြိမ်းခြောက်မှု တရပ်အဖြစ် ရှုမြင်ကြသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts