>
အောင်ဝေး
အောက်တိုဘာ ၁၀၊ ၂၀၀၈
မစ်ရှီဂန်မှာတော့
တဆောင်းသစ်ပြန်ပေါ့။
ကျနော့်တိုင်းပြည်ကလေးပေါ်မှာ
ဒုက္ခမိုးတွေ စွေစွေရွာနေရော့မယ်
ကျနော်သိတယ်။
ရွှေဝါရောင်အောက်မေ့ဖွယ်
ရန်ကုန်လမ်းမတွေ
သွေးနဲ့ မျက်ရည် မတိတ်သေးဘူး
ကျနော်သိတယ်။
လေပြင်းတွေမတိုက်ပါစေနဲ့ 
မုန်တိုင်းတွေမလာပါစေနဲ့ ။
ဝသန်မိုးဟာ အငြိုးကြီးတော့မယ်
နွားရိုင်းသွင်းချိန်
ကလေးတွေအပြင်မထွက်ပါစေနဲ့ ။
ဒီမှာတော့
နီလာသိန်းအဖမ်းခံရတဲ့နေ့က
နယူးဂျာစီရောက် တင်မိုးလွင်ရယ်လေ
တယ်လီဖုန်းထဲမှာ ရှိုက်ကြီးတငင် ငိုရှာတယ်။
၂၀၀၈ ဟာ အဆုံးအရုံးတွေ ကြီးလွန်းလှတယ်
ဒိုရာသန်းအေး(ဘိလပ်ပြန်သန်း)
ပဒိုမန်းရှာ
လူထုဒေါ်အမာ
မေရှင်
၂၀၀၈မှာ
ကျနော်တို့ ပေးဆပ်လိုက်ရတာတွေ များလွန်းပါရဲ့။
ကျနော်တို့  ပြန်ရလိုက်တာကတော့
ဦးဝင်းတင်တယောက်တည်းပါပဲလေ။
မနေ့က အင်တာနက်မှာ ဖတ်လိုက်ရတယ်
အင်းစိန်က ဈေးသည်မလေးတွေ
ဦးဝင်းတင် အိမ်ရှေ့ သွားချောင်းကြည့်ကြတယ် တဲ့။
“ဒီဆရာကြီးက ငါတို့ ဘ၀တွေကို
ကယ်တင်ပေးနိုင်လိမ့်မယ်”
ဈေးသည်မလေးတွေ ယုံကြည်သလို
ကျနော်တို့ ယုံကြည်ဖို့ လိုတယ်။
ယုံကြည်ချက်က
မြားကိုဖြောင့်စေတယ်
တရားကို စောင့်စေတယ်။
ယုံကြည်ချက်က
ဓားကို ထက်စေတယ်
အားကို တက်စေတယ်။
ယုံကြည်ချက်က
တပ်ဦးကနေ ချီလိမ့်မယ်။
ယုံကြည်ချက်က
အလံကို မြင့်မြင့်ထူလိမ့်မယ်။
မကြာခင်
ဇာတ်သိမ်းခန်းရောက်တော့မယ်။
တကယ်ပါ
အမေရိကန်ဆောင်းဦးပေါက်မှာ
တယောက်တည်း
တိုင်းပြည်ကို လွမ်းရတာ
အရသာ အရှိဆုံးပါပဲ။ ။
(အောက်တိုဘာ ၁၀ – ၂၀၀၈)
( မူရင်း – http://boboburma.blogspot.com/ )