>Quotable – Quotes in September 2008

>

စက်တင်ဘာလ စာကိုး စကားကိုး

စက်တင်ဘာ ၃၀၊ ၂၀၀၈

“မြန်မာစစ်အစိုးရဟာ ပြည်သူကတင်မြှောက်ထားတဲ့ အစိုးရမဟုတ်ဘူး။ ၁၉၉၀ ခုနှစ်မှာ ရွေးကောက်ထားတဲ့ အန်န်အယ်လ်ဒီပါတီအပေါ် လျစ်လျူရှုပြီး ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲလုပ်မယ်ဆိုပြီး လုပ်နေကြတယ်။ ဒါတွေကို အသိအမှတ်မပြုဖို့ ဦးဇင်းတောင်းဆိုပါတယ်။

“ဘန်ကီမွန်းကလည်း ဆိုင်ကလုံးဖြစ်တဲ့ အတော်အတွင်းမှာ ရောက်လာတယ်၊ သန်းရွှေနဲ့တွေ့တယ်။ ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း ဆက်သွားဖို့ သူက နအဖကိုတိုက်တွန်းခဲ့သေးတယ်။ ဦးဇင်းတို့ ကန့်ကွက်ထားတဲ့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေကို၊ ဦးဇင်းတို့မလိုချင်တဲ့ နအဖ စစ်အစိုးရကိုတောင်မှ သူတို့က အားပေးခဲ့တယ်ဆိုတာ ဒီမိုကရေစီ လိုချင်နေကြတဲ့ ပြည်သူတွေကို စော်ကားတယ်။ နိုင်ငံရေးတက်ကြွတဲ့သူတွေကိုလည်း စော်ကားတာဖြစ်တယ်လို့ ဦးဇင်း ပြောပြခဲ့ပါတယ်။”

(အဲဒီလို အရှင်ဘုရားရဲ့ ပြောဆိုချက်တွေအပေါ်မှာရော အမေရိကန်သမ္မတဘုရှ်က ဘယ်လိုများ တုံ့ပြန် ပြောဆိုခဲ့ပါသလဲ။)



“သူတို့ကလည်း တတ်နိုင်သလောက် လုပ်ပေးမယ်ဆိုတာ ပြောပါတယ်။ ဦးဇင်းကလည်း အပြောသက်သက် မလိုချင်ဘူး၊ လုပ်တာပဲလိုချင်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် သူတို့ လုပ်တယ် ဆိုတာလည်း ဦးဇင်းတို့ သိပ်တော့ မျှော်လင့်ချက်မရှိပါဘူး။ ဦးဇင်းထင်မြင်ချက်က သမ္မတသက်တမ်းလည်း သူက ကုန်တော့မှာ။ အဲတော့ သူ သမ္မတသက်တမ်း မကုန်ခင်လေးမှာ လူ့အခွင့်အရေးကိစ္စ၊ ဒီမိုကရေစီကိစ္စတွေကို စိတ်ဝင်စားတယ်ဆိုပြီး နိုင်ငံတကာက လူ့အခွင့်အရေး လှုပ်ရှားသူတွေကို ခေါ်ပြီး တွေ့ဆုံတာလို့ပဲ ဦးဇင်းမြင်ပါတယ်။

အရှင်ကောဝိဒ၊ ဗွီအိုအေ(မြန်မာပိုင်း)အသံလွှင့်ဌာန၊ စက်တင်ဘာ ၂၄၊ ၂၀၀၈



“ဒီမှာ INGO တစ်ခုက Delegate (ကိုယ်စားလှယ်) တစ်ယောက်ကို လစာ {ဒေါ်လာ}တစ်သောင်းခွဲအထိ ရတယ်။ ကျွန်တော်တို့ မြန်မာဝန်ထမ်းတွေထဲက အမြင့်ဆုံးလုပ်နေတဲ့သူဆို ၁၀၀၀၊ ၁၅၀၀ လောက်ပဲ ရတယ်။ ကျွန်တော်တို့တင် မဟုတ်ပါဘူး။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ Local Staff တွေကို လစာပေးတာ တော်တော်နည်းတယ်။”

ဦးဇော်ထူးဦး၊ လူငယ်စေတနာ့ဝန်ထမ်းများနှင့်ပတ်သက်သော စကားဝိုင်းဆွေးနွေးပွဲ၊ ကြော်ငြာနှင့် ဈေးဝယ်လမ်းညွှန်မဂ္ဂဇင်း၊ စက်တင်ဘာ ၂၀၀၈



“ရေခြားမြေခြားမှ မြန်မာနိုင်ငံသို့ လာရောက်ကူညီသည်ကို ကျေးဇူးတင်ရမည် မှန်သော်လည်း မြန်မာနိုင်ငံသားများ အိပ်မက် မမက်နိုင်သော လစာ ရိက္ခာ နှင့် အခွင့်အရေးများ ရရှိ၍ လာရောက်သူများ ဖြစ်ကြပါသည်။ ထိုစရိတ်စကများသည်လည်း ဧရာဝတီတိုင်းမှ ပြည်သူ လူထုအတွက် မည်မျှထောက်ပံ့ထားသည် ဆိုသော အလှူငွေစာရင်းတွင် ထည့်ပေါင်းသွားလိမ့်မည် ဆိုသော အချက်ကိုလည်း စာဖတ်သူများ သတိပြုစေလိုပါသည်။

ဆိုလိုသည်မှာ လာရောက်ကူညီသူများကို ကျေးဇူးမတင်လိုသည့်သဘော မဟုတ်ဘဲ မြန်မာနိုင်ငံသို့ ကူညီ ထောက်ပံ့မှုများသည် နိုင်ငံသားအဖွဲ့အစည်းများ သန်စွမ်းမှု ရှိခဲ့လျှင် ပိုမို၍ ထိရောက်လိမ့်မည် ဆိုသောသဘောကို ဆိုလိုရင်းဖြစ်ပါသည်။”

ကြော်ငြာနှင့်ဈေးဝယ်လမ်းညွှန်မဂ္ဂဇင်း၊ အယ်ဒီတာ့အာဘော်၊ စက်တင်ဘာ ၂၀၀၈



“ဆယ်တန်းမှာ မြန်မာစာဂုဏ်ထူးနဲ့ ဘယ်လို အောင်လာတယ်တော့မသိဘူး.. ဒီပုံအတိုင်း ဆက်သွားရင်တော့ ပထမနှစ်ကို အောင်မယ်မထင်ဘူး။ လာစမ်း ကျောက်သင်ပုန်းမှာ ကကြီးကနေ အ အထိ လာရေးပြစမ်း လို့ ဆိုပါတယ်။ ကိုယ်လည်း ဟုတ်တိပတ်တိနဲ့ မြေဖြူကိုကိုင်ပြီး ကျဲတော့တာပေါ့.. ၁၀လုံးလောက်လည်း ရေးပြီးရော ပြဿနာက စတော့တာဘဲ.. အောက်နားက ငတိမတွေ တိုးတိုးတိတ်တိတ် ပြောတဲ့ အသံတွေကို အသာနားစွင့်ပြီး မသိမသာနဲ့ ဗြောင်းဗြန်ဖြစ်နေတာတွေကို အသာပြင်ရေးရင်း အ အထိ ရေးပြီးသွားမှဘဲ ချွေးတလုံးလုံးနဲ့ သက်ပြင်းချမိရဲ့.. ဟင်း အရှက် ကွဲပေတော့မလို့ သီသီလေး လိုတယ်။”

ဆောင်းယွန်းလ http://saungyunela.blogspot.com/ စက်တင်ဘာ ၂၂၊ ၂၀၀၈



“အမိန့်ချတဲ့ နေ့ကလည်း တကယ့်ကို ဇာတ်ထဲကအတိုင်းပဲ။ တရားသူကြီးရော တရားခံဖြစ်တဲ့ ကျမတို့ရော ရှေ့နေတွေရော ရောက်နေတာ ကြာပြီ။ ထောင်ဒဏ်ချမှတ်တာ ဖတ်ဖို့ စာအိတ်က ရောက်မလာသေးလို့ စောင့်လိုက်ရတာ။ ကျမတို့လည်း စောင့်နေသမျှ စကားပြောကြပေါ့။ နောက်မှ စာအိတ်ကလေး ၂ အိတ်ကို တရားသူကြီးလက်ကို လာရောက် အပ်နှံတယ်။ ဒီတော့မှ တရားသူကြီးလဲ သူ့ရဲ့  တရားရုံးကို ဖွင့်၊ စာအိတ်ကို ဖောက် အထဲမှာ ရေးထားတဲ့အတိုင်း ဖတ်တော်မူတော့တယ်။ အော် … တရားခွင်ထဲက တရားသူကြီးတောင် သူစစ်တဲ့ လူကို ထောင်ဘယ်လောက်ချရမယ် မသိဘူးတဲ့နော်။”

ခင်မင်းဇော်၊ khinminzaw.blogspot.com စက်တင်ဘာ ၂၊ ၂၀၀၈

“အရပ်သားကလည်း ခိုးမယ်၊ တာဝန်ရှိတဲ့ အစိုးရကလည်း ခိုးမယ်၊ နိုင်ငံရေးသမားတွေကလည်း ခိုးမယ်၊ ထို့နည်းတူ ညာနေမယ်ဆိုရင်လည်း ဒီနိုင်ငံ ဘာ သွားပြီး ထူထောင်လို့ရမှာလဲ။ အခု အဲဒီသီလတွေ ကျနော်တို့နိုင်ငံမှာ အရမ်းပျက်နေတယ်။ အများစုပေါ့ဗျာ။ အများစုကိုပြောတာပေါ့။ လူ (၁၀၀) မှာ (၆၀) ပျက်နေတဲ့နောက် လေးဆယ်ကောင်းနေလည်း မရဘူး။ လူ (၁၀၀)မှာ (၇၀)လောက် သီလစောင့်နိုင်မှသာလျှင် တိုင်းပြည်ကို တိုးတက်အောင်လုပ်လို့ ရမှာ။”

အမျိုးသားရေးဦးဝင်းနိုင်၊ ခေတ်ပြိုင်ဂျာနယ်၊ စက်တင်ဘာ ၁၅၊ ၂၀၀၈



“Eleven Media Groupမှ ထုတ်ဝေလျက်ရှိသော ဂျာနယ်များတွင် ဖော်ပြပါရှိသော အကြောင်းအရာများကို ရည်ညွန်းဖော်ပြခြင်း၊ ကောက်နှုတ်ဖော်ပြခြင်းများမှ လွဲ၍ သတင်းများ၊ ဆောင်းပါးများအပေါ် အသေးစိတ်သုံးသပ်ခြင်း၊ စိစစ်ပိုင်းခြား ပြောဆိုခြင်းများကို ပြုလုပ်လိုပါက မည်သည့်မီဒီယာမဆို သက်ဆိုင်ရာအယ်ဒီတာအဖွဲ့သို့ ခွင့်ပြုချက် တောင်းခံရမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။”

ဝိကလီအလဲဗင်းဂျာနယ်၊ ဂျာနယ် စာမျက်နှာ ၂၊ စက်တင်ဘာ ၁၀၊ ၂၀၀၈





“နေပြည်တော်မှာ ဘယ်မိုဘိုင်းဖုန်းမှ အသုံးပြုလို့ မရပါဘူး။ ဒီအချက်ကလည်း ဝန်ထမ်းတွေ အနေနဲ့ ကျန်ရစ်ခဲ့တဲ့ သူတို့ အိမ်သားတွေနဲ့ ဆက်သွယ်ရေးမှာ အခက်အခဲ တွေ့စေပါတယ်။ လွတ်လပ်မှု မရှိသလို ခံစားကြရပါတယ်။ နောက်တချက်ကတော့ သတင်းအမှောင်ချထားမှုပါ။ နေပြည်တော်မှာ ဝန်ထမ်းအိမ်ယာပေါင်းများစွာ ရှိပေမယ့် ဘယ်အိမ်ယာရဲ့ ခေါင်မိုးပေါ်မှာမှ ဂြိုလ်တုစလောင်း တပ်ဆင်ထားတာ မတွေ့ရပါဘူး။”

တိုင်းကျော်၊ ဒီမိုကရက်တစ်မြန်မာ့အသံ (DVB)၊ စက်တင်ဘာ ၄၊ ၂၀၀၈



ယခုလ The Waves ၏ မျက်နှာဖုံးအကြောင်းအရာမှာ ကျွန်တော်တို့၏ အိမ်နီးချင်း၊ ကျွန်တော်တို့၏ အာဆီယံအသင်းဖော် (ထိုထက်ဆိုရလျှင် ကျွန်တော်တို့နှင့် ဦးတည်ချက်ချင်း နီးစပ် တူညီသော) ဗီယက်နမ် ဖြစ်လာရတော့သည်။ ဗီယက်နမ် (သို့မဟုတ်) အာရှ၏ နောက်ထပ် အံ့ဘနန်းတစ်ခုအကြောင်း ဆိုပါစို့ – – ။”

အယ်ဒီတာအဖွဲ့The Waves မဂ္ဂဇင်း၊ စက်တင်ဘာ ၂၀၀၈





“တခါက ကျနော်ဟာ သခင်ချစ်မောင်(၀ိဒူရ)နဲ့ ဦးကိုကိုကြီးအကြောင်း စကားလက်ဆုံကျဖူးပါတယ်။ ဒီအခါမှာ သခင်ချစ်မောင်က “သိန်း ၄၀ ကိစ္စမှာတော့ သူတပြားမှကို မစားရရှာပါဘူး။ ဆရာက ဆိုရှယ်လစ်ပါတီထဲမှာ မာ့က်စ်ဇစ် ဆိုရှယ်လစ်လေ။ ဒီတော့ ဆိုရှယ်ဒီမိုကရက်တွေဖြစ်ကြတဲ့ ကိုကျော်ငြိမ်းတို့အုပ်စုက ထိုးနှက်လိုက်တာပါပဲ။ ကာရိုက်တာကီးလ်လင်း (character killing) ပေါ့” လို့ ပြောခဲ့ဖူးပါတယ်။”

ဝင်းထွဋ်ဇော် ကျနော်သိခဲ့ဖူးတဲ့ ဦးကိုကိုကြီး၊ အတွေးအမြင်၊ သြဂုတ်၊ ၂၀၀၈


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts