အုန်းနိုင်

Ohm Naing – Articles

တခုခုတော့ ဖြစ်တော့မယ် (၅)
အုန်းနိုင်
ဇူလိုင် ၁၈၊ ၂၀၁၃


ဦးတင်အောင်ဟိန်းတို့ဆီကနေတိုင်းပြည်အခြေအနေ ဘယ်လိုဖြစ်နေပြီလဲဆိုတာ  ကျနော်တို့ စိတ်မချမ်းမသာနဲ့ သိခဲ့ရပြီပဲ..။ ဘယ်လောက်  အတိုင်းအတာအထိ ကြီးထွားသွားမယ်ဆိုတာသာ မသိတာ..။ တခုခုတော့ဖြစ်တော့မယ်လို့  … ထင်နေကြပါပြီ…။ ၁၉၈၈ မတ်လမှာ စစ် မယ့် ဆယ်တန်းစာမေးပွဲတွေကိုလည်း  ရက်ရွှေ့လိုက်ပြီး ဧပြီလမှစစ်ခဲ့ရတယ်..။ တက္ကသိုလ်တွေကိုလည်း  ဖွင့်လိုက် ပိတ်လိုက်နဲ့ ..။ ဖွင့် တယ်..။ ဆူပြန်တယ်..။ ပိတ်ပြန်ပြီး…ဂျာလည်ရိုက်နေတော့တာပါပဲ..။
နောက်ဆုံးအကြိမ်  တက္ကသိုလ်တွေကိုပိတ်လိုက်ရတဲ့ ၁၉၈၈ ဇွန်လ (၂၀) ရက်နေ့နောက်ပိုင်းမှာတော့ ရန်ကုန်မှာ  အထက်တန်းကျောင်း တွေက  မူလတန်း၊ အလယ်တန်းကျောင်းသားလေးတွေပါ…ပါလာကြတာမို့ ..သူတို့မိဘတွေပါ အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေထဲ တစ တစ  ပါလာကြတယ်..။ လူထုကလည်း  ပြန်လည်ခုခံတာတွေ လုပ်လာကြတယ်..။ ဓါးတွေ၊ လှံတွေ၊ ဂျင်ဂလိဆိုတဲ့ ..လောက်လေးထဲကို  ထည့်ပစ်ရတဲ့ သံစူးချွန်တွေကြောင့်  ရဲတွေဘက်မှာလည်း အထိအခိုက်တွေရှိလာတယ်..။
ဆန္ဒပြပွဲတခုအပြီးမှာ ကျောင်းသားတွေက ရွှေတိဂုံကုန်းတော်ပေါ်တက်ကြလို့ ရဲနဲ့စစ်တပ်က ရွှေတိဂုံစေတီကို ၀ိုင်းပိတ်လိုက်ကြပြီး ကုန်း တော်ပေါ်မှာရှိတဲ့ ဘုရားဖူးတွေကိုပါ အကြမ်းဖက် ရှင်းလင်းဖြိုခွဲလိုက်ပါတယ်..။
ဒီသတင်းတွေက ရန်ကုန်ဆင်ခြေဖုံးတွေကို ပျံ့နှံ့သွားပြန်တော့..မြောက်ဥက္ကလာ၊ သာကေတကအစ..။ တာမွေ၊ ကျောက်မြောင်း၊ ကြည့်မြင် တိုင်၊ စမ်းချောင်း စတဲ့မြို့တွေမှာပါ ရဲတွေ စစ်သားကို ချောင်းမြောင်းထိုးခုတ်..၊ ဂျင်ဂလိတွေနဲ့ပစ်တာတွေ ဖြစ်လာလို့ မဟာရန်ကုန်မှာ နေ ၀င်မီးငြိမ်းအမိန့်လို့ခေါ်တဲ့ ညနေကနေ နောက်တနေ့မနက်အထိ အပြင်မထွက်ရအမိန့်ကို ထုတ်လိုက်ရပါပြီ..။
ဇွန်လနောက်ဆုံးပတ်ရောက်တော့  မန္တလေး၊ မော်လမြိုင်၊ တောင်ကြီးနဲ့ ပဲခူးမြို့ တွေမှာပါ လူစုလူဝေးနဲ့ ဆန္ဒပြပွဲတွေဖြစ်ပြီး ပဲခူးမှာဆို ပစ် ခတ်မှုတွေကြောင့် လူ (၇၀) ဦးလောက် အပြင်းအထန် ထိခိုက်ဒဏ်ရာတွေရခဲ့ကြတယ်..။ လူအသေအပျောက်တွေတောင် ရှိတယ်ဆိုတဲ့ သတင်းတွေတောင်  ထွက်လာပါတယ်..။ ညနေ အမြန်ရထားဆိုက်လာတိုင်း  ရန်ကုန်သတင်းတွေက တမျိုးပြီး တမျိုးကြားနေရတော့တာပဲ..။ ကုန်ဈေးနှုန်းတွေကလည်း  တက်ကုန်ပြီ..။ ရန်ကုန်မှာလည်း တနေရာရာမှာ  ရုတ်တရက် လူစုလူဝေးဖြစ်လာပြီး ခွပ်ဒေါင်းအလံနဲ့ ကျောင်း သားတွေပေါ်လာ။ လူထုကို လှုံ့ဆော်ဟောပြောပြီး  ချက်ချင်းလူစုခွဲ..။ လုံခြုံရေးတွေရောက်လာတော့ မဆိုင်တဲ့သူတွေကိုဖမ်း။ အားလုံး တ ထိတ်ထိတ်  တလန့်လန့်ဖြစ်နေကုန်ကြပြီဆိုတဲ့ သတင်းမျိုးတွေလည်း ကျနော်တို့နယ်တွေဆီ ရောက်လာနေပါတယ်..။

(အပိုင်း (၆) တက္ကသိုလ်ကျောင်းသားတွေ …နယ်ပြန်ရောက်နေကြချိန်ကို ဆက်ပါမယ်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts