>China’s Tainted-Milk Crisis Grows


>

တရုတ်ပြည်၏ အစာအဆိပ်သင့်မှု ဆက်လက်ပျံ့နှံ့
နယူးယောက်တိုင်းမ်
စက်တင်ဘာ ၂၆၊ ၂၀၀၈

အဆိပ်သင့်စေသည့် မယ်လမင်း (Melamine) ပါဝင်သော တရုတ်ပြည်မှ ကလေးနို့မှုန့်နှင့် နွားနို့များကို ဈေးကွက်မှ ဖယ်ရှားပြီး နှစ်ပတ်အကြာတွင် အခြား အာရှနိုင်ငံများတွင်လည်း မယ်လမင်းအဆိပ်သင့် အစားအစာကို စမ်းသပ်တွေ့ရှိရသည်။
ယခုအပတ်အတွင်း ဟောင်ကောင်၌ ရောင်းချသည့် ကောက်နှံပင်မှပြုလုပ်ထားသော နံနက်စာတွင် မယ်လမင်းပါဝင်သည်ကို စမ်းသပ်တွေ့ရှိသည်။ တဖန် ထိုင်ဝမ်ရှိ Pizza Hut ဆိုင်များတွင် အသုံးပြုသော ဒိန်ခဲအထုတ်များ၌လည်း အလားတူ အဆိပ်သင့် မယ်လမင်း ပါဝင်နေသည်။ ထို့အပြင် ဂျပန်ကုမ္ပဏီထုတ် အရုပ်ပုံစံဘီစကွတ်တွင် အဆိုပါ အဆိပ်သင့်ဓာတုပစ္စည်း ပါဝင်သည်ဟု မကာအိုမှ တာဝန်ရှိသူများက ထုတ်ဖော်ခဲ့သည်။ စိုးရိမ်မှုသည် အခြားနိုင်ငံများသို့ ပျံ့နှံ့ကာ ယခုအပတ်၌ အာဖရိကနိုင်ငံအချို့သည် တရုတ်ပြည်ထွက် နို့နှင့်နို့ထွက်ပစ္စည်းများ တင်သွင်းမှုကို ပိတ်ပင်ရန် စီစဉ်နေကြသည်။
ထိုင်ဝမ်နိုင်ငံ King Car Food ကုမ္ပဏီမှ ထုတ်လုပ်သည့် Mr. Brown တံဆိပ်ကုန်ပစ္စည်း ၇ မျိုးကို အမေရိကန်ဈေးကွက်မှ ပြန်လည်ရုတ်သိမ်းခဲ့သည်။ Mr. Brown တံဆိပ် အသင့်သုံးကော်ဖီ (coffee mix) နှင့် လက်ဖက်ရည် (tea mix)ထုတ်များ၌ တရုတ်ပြည်ထုတ် မလိုင်အမှုန့်ပါဝင်သဖြင့် အလားတူအဆိပ်သင့်မည်ကို စိုးရိမ်၍ ဈေးကွက်မှ ရုတ်သိမ်းခဲ့ရသည်ဟု အမေရိကန်နိုင်ငံ၏ အစားအစာနှင့်ဆေးဝါးဋ္ဌာန (FDA) က သောကြာနေ့က ပြောကြားသည်။ မယ်လမင်းအဆိပ်သင့်မှုနှင့် ပတ်သက်၍ အမေရိကန်၏ ပထမဆုံး တုန့်ပြန်မှုဖြစ်သည်။ Mr. Brown ကုန်ပစ္စည်းများကို များသောအားဖြင့် အာရှအစားအစာရောင်းချသည့် ဆိုင်များတွင် တွေ့ရသည်။
တရုတ်ပြည်အတွက် နောက်ထပ်ထွက်ပေါ်လာသည့် သတင်းဆိုးတခုမှာ ချိုချဉ် (သကြားလုံး) ကုမ္ပဏီတခု၏ နာမည်ကြီး ‘ယုန်ဖြူ မလိုင်ချိုချဉ်’ အချို့တွင် မယ်လမင်းပါဝင်သည်ကို စမ်းသပ်တွေ့ရှိရခြင်းဖြစ်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က တရုတ်ပြည်ထုတ် နို့နှင့်နို့ထွက်ပစ္စည်းများ၌ အဆိပ်သင့်မှုရှိနိုင်ကြောင်း နိုင်ငံတကာရှိ ကျန်းမာရေးတာဝန်ခံများအား သတိပေးထားသည်။
ယခုအချိန်၌ ကုမ္ပဏီကြီးများက ၎င်းတို့၏ အစားအစာများနှင့် ပတ်သက်ပြီး စားသုံးသူများ၏ ယုံကြည်စိတ်ချမှုရှိစေရန် အစွမ်းကုန် ကြိုးပမ်းနေကြသည်။ တရုတ်ပြည်ရှိ စတားဘတ်(Starbucks)ကော်ဖီဆိုင်များတွင် နွားနို့အစား ပဲနို့ကို ပြောင်းလဲ အသုံးပြုနေသည်။ မက်ဒေါနယ် (McDonald’s) ကလည်း သူတို့၏ ရေခဲမှုန့်သည် အဆိပ်သင့်မှု မရှိကြောင်းနှင့် ခရက်ဖ် (Kraft)ကလည်း သူတို့၏ အိုရီးယို (Oreo) ဘီစကွတ်တွင် တရုတ်ပြည်ထုတ်မလိုင်ကို သုံးစွဲခြင်း မရှိကြောင်း ပြောကြားခဲ့သည်။
သိမ်းဆည်းခဲ့သည့် Misaraing Custard ဘီစကွတ်မုန့်ထုတ်များကို တောင်ကိုရီးယားနိုင်ငံ အစားအစာနှင့်ဆေးဝါးဌာန၏ သတင်းစာရှင်းလင်းပွဲတွင် ပြသနေစဉ်။ တောင်ကိုရီးယားက တရုတ်ပြည်မှ နို့ထွက်ပစ္စည်းပါဝင်သည့် အစားအစာများကို တင်သွင်းခွင့်ပိတ်လိုက်သည်။ (၀ဲဘက်) တရုတ်နိုင်ငံ Zhejiang ပြည်နယ် တိရိစ္ဆာန်ဆေးရုံတခုတွင် တွေ့ရသော မျောက်၂ကောင်။ တိရိစ္ဆာန်ဥယျာဉ်တခုရှိ အဆိုပါ မျောက် ၂ကောင်နှင့် ခြသေ့င်္တကောင်တွင် ကျောက်ကပ်နှင့်သက်ဆိုင်သော ရောဂါများ စွဲကပ်နေသည်။ Sanlu တံဆိပ် နို့မှုန့်များကို တနှစ်မက တိုက်ကျွေးခဲ့သည်ဟု ဆိုသည်။ တရုတ်နိုင်ငံတွင် အဆိပ်သင့် နို့ထွက်ပစ္စည်း အစားအစာများကြောင့် ကလေး ၄ယောက် သေဆုံးခဲ့ပြီး ထောင်နှင့်ချီသော ကလေးငယ်များ နာမကျန်းဖြစ်နေသည်။ (ယာဘက်) (photos:AP)


အဆိပ်သင့် နို့ထွက်ပစ္စည်းပြဿနာဖြစ်ပွားနေသော တရုတ်ပြည်တွင် နို့ချက်စက်ရုံအချို့ကို ပိတ်လိုက်သည်။ နွားနို့ဖြင့် အသက်မွေးသော လယ်သမားများ ၀မ်းနည်းပက်လက်ဖြစ်နေကြသည်။ (photos:Reuters)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts