>Maung Aw – poem

>

ပြည်ဖျက်ပိုး

မောင်သြ

စက်တင်ဘာ ၂၅၊ ၂၀၀၈

(၂ဝဝ၈-ခုနှစ် စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည်သို့)

၁၉၉ဝ. . ခုနှစ် ရွေးကောက်ပွဲဟာ

ပြည်သူ့ ဆန္ဒ အမှန်ပါ. .

မလိမ်မညာ ဖြောင့်မှန်ရှိ

တရားမျှတ လွတ်လပ်၏။

၂ဝဝ၈ ခုနှစ်. .ဆန္ဒခံယူပွဲဟာ

ယုတ်မာကောက်ကျစ် ခြိမ်းခြောက်ကာ

အာဏာကိုသုံး မဲကိုသုံး

လိမ်ညာမဆုံး တစ်နိုင်ငံလုံး။

လက်ရုံးများမြောင် ဖွံ့ကြံ့ကောင်

စွမ်းအားရှင်တို့ ဝိုင်းဝန်းဆောင်

သားကောင်လူဆိုး ပုဆိန်ရိုး

လက်ကိုင်တုတ်ကျိုး ရှက်ဖွယ်မျိုး

မင်းဒိတ် (mandate) သူခိုးပြည်ဖျက်ပိုး။

အမျိုးဂုဏ်လည်း မစောင့်ပါ

ကတိသစ္စာ ဖျက်ကြတာ

အာဏာကိုငန်း ပေါ့ပျက်သွမ်း

ရမ်းကားမုန်တိုင်း ရိုင်းလိုရိုင်း။

ရိုင်းစိုင်းရက်စက် အယုတ်တမာ

ရဟန်းသံဃာ သတ်ဖြတ်တာ

ဗုဒ္ဓဘာသာ ဟုတ်ရဲ့လား

သေနတ်လက်နက် တကားကား။

သံဃာများနှင့် ကျောင်းသားပါ

ပြည်သူများလည်းပါ

”တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း

အေးချမ်းကြပါစေ”

”လူကို လူချင်း လှည့်စားခြင်း

ကင်းရှင်းကြပါစေ”

မေတ္တာဓမ္မ ရွတ်ဆိုကြ

ဆုတောင်းသံများ ကမ္ဘာ့အနှံ

လူသတ်ကောင်တို့ လာပြီလေ

မောင်းသံတီးလို့ ဝိုင်းကြဟေ

ဒူဝေ. . ဒူဝေ ညာသံပေး

တိုက်ထုတ်ကြစို့ မြန်မနှေး။

သွေးစည်းညီကြ ညီနောင်တွေ

အောင်ပွဲဆွတ်ဖို့ နီးပလေ

တောင့်ထားကြလေ တို့တွေအား

ရှေ့မှာ ရောင်နီပေါ်လိမ့်တကား။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts