>Bomb blast in Rangoon near bus stop at city hall

>

မြို့တော်ခန်းမရှေ့ ကားမှတ်တိုင်တွင် ဗုံးပေါက်၊ လူ ၈ ဦးခန့် ထိခိုက်

မိုးမခ အထောက်တော် (ရန်ကုန်)

စက်တင်ဘာ ၂၅၊ ၂၀၀၈

ယနေ့မနက် ၁၀ နာရီ ၃၅ ခန့်က ရန်ကုန် မြို့တော်ခန်းမအနီး ပန်းခြံကားမှတ်တိုင်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ လူ ၈ ဦး ထိခိုက်ကြောင်း၊ ကားမှတ်တိုင်ရှိ ဆူးလေ-အင်းစိန် ၉၇ လိုင်းကားတစင်း (၉က/ ၉၈၂၇) မှန်များကွဲသွားသည်ကို တွေ့ရကြောင်း မျက်မြင်တို့က ဆိုသည်။

လမ်းမတ၀ိုက်ကို လုံထိန်းများက ပိတ်ဆို့လိုက်ပြီး သတင်းလာယူသူ သတင်းထောက်များကို တားမြစ်ထားသည်။ စွမ်းအားရှင်များကို တင်ဆောင်လာသောကား (၄က/ ၁၈၄၂) က အသင့်ရောက်ရှိလာပြီး ၀ိုင်းဝန်း ကြည့်ရှုနေသော လူထုကို ဖြိုခွဲတားဆီးရန် စောင့်ကြည့်နေသည်ကို တွေ့ရသည်။

“မဟာဗန္ဓုလပန်းခြံဘက်ခြမ်း၊ မြို့တော်ခန်းမတည့်တည့်၊ ကားမှတ်တိုင်နောက်၊ လူအများနားနေတဲ့ ခုံတန်းတခုနားက ထပြီး ပေါက်တာ။ ၀ုန်းကနဲပဲ။ ပန်းခြံထဲကို စစ်သားတွေ ၀င်ရှာနေတယ်။ ပန်းခြံဘက်အခြမ်းကို ပိတ်ထားတယ်။ ကျနော်တို့က အရမ်း လန့်နေတာပေါ့။ လမ်းဘေးဈေးသည်တွေကလည်း ပိတ်ပြီး ဖမ်းမှာကို ကြောက်တော့ အမြန်ဆိုင်တွေသိမ်းပြီး ပြန်ကုန်ကြတယ်။ ဓာတ်ပုံရိုက်တဲ့လူတွေကို လိုက်ဖမ်းနေတယ်ဗျာ။ ဘာမှန်းမသိဘူး။” ဟု ပရိသတ်တဦးက ပြောပြသည်။

မြို့ထဲတွင် နာရီဝက်အတွင်း လုံထိန်းများ၊ ၎င်းတို့ကားကြီးများဖြင့် ပြည့်သွားသည်ဟု ၎င်းက ဆက်ပြောသည်။ အစိုးရရုံးများက ၀န်ထမ်းများကို ကားလမ်းမများပေါ်တွင် တွေ့နေရရာ သူတို့ကို ရုံးများက ပြန်လွှတ်လိုက်ပုံရသည်ဟု ထင်မြင်ချက်ပေးနေကြသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts