>Kaung Kin Pyar – The Lighter Side at Regime Court

>

စစ်ခုံရုံးက တလွဲများ

(မီးဖိုထဲမှာ ချက်လို့ တဲ့ ဗျား …)

ကောင်းကင်ပြာ

စက်တင်ဘာ ၂၁၊ ၂၀၀၈

ထူးအိမ်သင် သီချင်းက တနေ့စာ အလွဲများ ပါတဲ့။ မြန်မာပြည်က အလွဲတွေကို သီချင်းလုပ်ဆိုတာပါ။ နည်းနည်းလေးတော့ လွဲနေတယ်၊ လွဲလွဲလေးပဲ ကောင်းပါတယ် … တဲ့။

အခုချိန်မှာ ထောင်ထဲမှာ ခုံရုံးထုတ်ပြီး ၈၈ မျိုးဆက်တွေ၊ ရဟန်းတွေ၊ နိုင်ငံရေး လှုပ်ရှားသူတွေ၊ နာဂစ် မုန်တိုင်း ကယ်ဆယ်ရေး လုပ်သားကြီးတွေကို တရားစွဲ၊ အမှုတွေ ဆင်၊ ရုံးထုတ်၊ ဆွဲချ နဲ့ ချေပတာတွေ လုပ်ခိုင်းနေတာ တချိမ်းချိမ်းပါပဲ။

အရှေ့ပိုင်းခရိုင် တရားရုံးတဲ့၊ အနောက်ပိုင်း ခရိုင်တရားရုံး တဲ့ …။ နံမယ်တွေက ကြည့်လိုက်ရင် ရန်ကုန်မြို့က ဘားလမ်းမှာ၊ ကမာရွတ်တို့၊ ဗဟန်းတို့၊ လသာတို့မှာ ရုံးထုတ်ပြီး တရားဆိုင်နေရသလိုလို။ အချုပ်ကားကြီးနဲ့ ရမန်ကြီး ရက်ပြည့်တိုင်း မြို့ထဲကို ရုံးထုတ်ထား သလိုလို။ တကယ်ကတော့ တရားရုံးကို အင်းစိန်ထောင်မကြီးထဲမှာ အခြေစိုက်ဖွင့်ထားတာမို့လို့ တိုက်ထဲက အဆောင်ထဲက လက်ထိပ်နဲ့ ခြေထိပ်နဲ့ ချုပ်ပြီး ထောင်ကြီးက တရားရုံးကို ချီတက်လာရတာပါ။

တရားရုံးမှာလည်း အမှုတွေက အံ့သြကုန်နိုင်ဘွယ်။ ပြည်ပနိုင်ငံများကို အသရေဖျက်လို့တဲ့။ တရုတ်တို့ ကုလားတို့ကို ဝေဖန်လို့ ဆိုပဲ။ သာသနာကို ဖျက်ဆီးလို့တဲ့။ ဘုန်းကြီးတွေကို ဘုရားမှာ ဆွမ်းကပ်တာ အပြစ်ရောက်နေပြီ။ နိုင်ငံတော်ကို စော်ကားလို့တဲ့။ လူ့အခွင့်အရေး ကြေငြာစာတမ်းကို ဖတ်မိတာက နိုင်ငံတော်ကို လုပ်ကြံသလို အပြစ်ကြီး ဆိုပဲ။

အခု နောက်ဆုံးကတော့ လောကဓာတ်ပညာတွေနဲ့ ပတ်သက်ပါတယ်။ “လောကဓာတ်ပညာ လက်ရောက်မှု”တွေနဲ့ အမှုစွဲပါတယ်။ အင်တာနက်ဥပဒေ အင်တာဖြူဥပဒေ ဆိုတာကလည်း အံ့သြကုန်နိုင်ဖွယ်ပါပဲ။ အီးမေး သုံးလို့ ပြီးတော့ “ချက်”လို့ စသည်ဖြင့် အမှုမှာ စွဲထားတာတွေက ပြုံးချင်စရာပါ။

ပြည်ပက အဖျက်အမှောက်သမားတွေနဲ့ နာဂစ်ကယ်ဆယ်ရေးလုပ်သားကြီးက အဆက်အသွယ် လုပ်ပါတယ်တဲ့။ ဆက်သွယ်ပုံမှာ နေ့စဉ် “ ချက်” တဲ့နည်းနဲ့ ဆက်သွယ်ကြတာလို့ စွပ်စွဲပါတယ်။ ဒီလောက် အင်တာနက်ကို ပိတ်ဆို့ တားမြစ် ဖိနှိပ်ထားတဲ့ကြားက မောင်မင်းတို့ ဘယ်နေရာကနေ “ချက်” သလဲလို့ အမှုစွဲသူတွေက မေးတဲ့အခါ၊ ကွန်ပျူတာသမား ကယ်ဆယ်ရေးလုပ်သားကြီးက အမှန်အတိုင်း ဖြေပါတယ်။

“ကျနော်တို့က ဘယ်နေရာမှာ “ချက်” သလဲ။ ဟုတ်လား။ ကျနော်တို့ “မီးဖို” ထဲမှာ “ချက်” ရင်း တွေ့ကြ ဆုံကြတယ်” လို့ ပြောလိုက်ပါတယ်။

တရားရုံးကလည်း သူပြောတဲ့အတိုင်း မှတ်တမ်းတင်ပါတယ်။ လောကဓာတ်ပညာတွေကို ဗူးလုံး နားမထွင်းတဲ့ တရားသူကြီးတွေ ၀န်ထမ်းတွေကတော့ နာဂစ် ကယ်ဆယ်ရေးလုပ်သားကြီးကို စိတ်ဆိုးကြပါတယ်။ ငါတို့ကို မချေမငံ စကားကပ်ပြီး လျှောက်ပြောနေတယ် ပေါ့လေ။

အလွဲကလေးကတော့ ဒီလိုပါနော်။ အင်တာနက်သမားတွေကတော့ သိကြမယ်ထင်ပါရဲ့။ သံခိတ်က (ခက်ဆစ်) က ဒီလိုပါ ခင်ဗျား –

ချက် = chat

မီးဖို = http://meebo.com – ၀က်ဆိုက်က တဆင့် ပိတ်ထားသော ချက်အစီအစဉ်များကို ကျော်လွှား သုံးစွဲနိုင်တဲ့ အင်တာနက်ဆိုက်

သူပြောတာ အမှန်ကတော့ – ပြည်ပကလူတွေနဲ့ chat လုပ်ရာမှာ MeeBo ထဲမှာ သွားရောက်ပြီး chat ရတာ ဖြစ်တယ်လို့ ဆိုတာပါ ခင်ဗျား။ မီးဖိုထဲမှာ ချက်ကြရတယ် ဆိုတာ ရိုးရိုးသာမန်တွေးလည်း ဟုတ်တာပါပဲနော်။

အဖျက်သမားတွေနဲ့ နာဂစ်ကယ်ဆယ်ရေးလုပ်သားကြီးတို့ ဘယ်မီးဖိုထဲမှာ ဘာဟင်းတွေ ချက်မိလို့ ဘယ်လိုမျိုး အမှုတွေ ကြီးကုန်ပါလိမ့်လို့ … ကွမ်းယာဆိုင်က ချာတိတ်က ပါးစပ်လေး အဟောင်းသားနဲ့ အတွေးနယ်ချဲ့ ကျန်ရစ်ပါတယ်။

ဟဲ ဟဲ …

(ဉာဏ်ကျယ်လေး ကောင်းကင်ပြာ ကိုယ်တွေ့ တဆင့် ပြန်ရေးသည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts