ကျော်ဟုန်း

Kyaw Home – Poem

ဗမာ့ အာဇာနည်တွေအတွက် မိုးတွေတောင် ဝမ်းနည်းရစ်ဖွဲ့ စွေ
ကျော်ဟုန်း
ဇူလိုင် ၁၉၊ ၂၀၁၃


မြန်မာနိုင်ငံတော်ရဲ့ အကြီးမားဆုံး ဆုံးရှုံးမှုကြီး
အဲ့ဒါ ..အာဇာနည်ကြီးတွေ ကျဆုံးတဲ့ နေ့ 
၁၉၄၇၊ ဂျူလိုင် (၁၉) နံနက်ခင်း ၁၀ နာရီ ၃၇ မိနစ်
မိုးတွေတောင် ဝမ်းနည်းလွန်းလို့  စွေ။
တိုက်ဆိုင်တာပဲလား၊ တမင်ရွယ်ရော့လား
နှစ်စဉ် ဂျူလိုင် (၁၉) ရောက်တိုင်း
မြန်မာပြည်မှာ
အဲ့ဒီ နံနက်ခင်း မှိုင်းမှုံရီဝေ
လူတွေအားလုံး မှိုင်းမှုံရီဝေ
ဒါပေမယ့် စစ်ယူနီဖောင်းဝတ်တချို့ နဲ့ 
စစ်အုပ်စုအကြီးအကဲတွေ မပါ။ (အံ့သြစရာ)
ဗိုလ်ချုပ်တကာတို့ ရဲ့ ဗိုလ်ချုပ်အောင်ဆန်း
မြန်မာပြည်ရဲ့ အမြဲတမ်းဖခင် ဦးအောင်ဆန်း
ပြီးတော့.. သူ့ လုပ်ဖော်ကိုင်ဘက်များ
သခင်မြ၊ ဒီဒုတ်ဦးဘချို၊ ဦးဘဝင်း၊
မွန်းပွန်စော်ဘွားကြီး စပ်စံထွန်း၊ မန်းဘခိုင်
ဦးရာဇတ်၊ ဦးအုန်းမောင် နဲ့  ရဲဘော်ကိုထွေး
အာဏာရူးနဲ့ ကိုလိုနီနယ်ချဲ့ သတ်လျှိုမှုကြား
တိုင်းပြည်တာဝန်ထမ်းရင်း အသက်စွန့် သွားကြရ
တို့ များအာဇာနည်တွေ ဆုံးတာ (၆၆)နှစ်တိုင်လဲ
ဘယ်ခါမမေ့ တသသစွဲ။
အသည်းနာ ခံပြင်းစရာကောင်းလွန်းတာက
တိုင်းပြည်ရဲ့ ကယ်တင်ရှင် ဗိုလ်ချုပ်အောင်ဆန်းကိုတောင်
တနှစ်တခါ၊ တမနက်၊ တမိနစ် ဂါရဝပြုဖို့ တောင်
စစ်အုပ်စု အဆက်ဆက်က ဝန်လေးနေ
အထိမ်းအမှတ် ဝမ်းနည်းဥသြရှည်ဆွဲဖို့ အစီအစဉ်မရှိ
ပြည်သူတွေကို အကဲစမ်း စိမ်ခေါ်နေတဲ့
(၆၆)နှစ်မြောက် အာဇာနည်နေ့ ။
စစ်အုပ်စု စစ်ယူနီဖောင်းချွတ်တွေ
သန့် ရှင်းအစိုးရလို့ ကြွေးကြော်သူတွေ
တိုင်းပြည်သူကို ဘဝင်ဆူအောင်လို့ 
အမျိုးမျိုး နှိပ်စက်တတ်တာတော့ ကျွမ်းကျင်
တိုင်းပြည့်သခင်ကို စော်ကားဖို့ လဲ ကျွမ်းကျင်
တဘဝစံများရဲ့ လက်ဝယ်မှာ
မကြာသေးခင်က ဖွင့်ပေးလိုက်တဲ့
အာဇာနည်ဗိမာန်ဆိုတာ
လူကြီး (၂၀၀)ကျပ်၊ ကလေး (၁၀၀)ကျပ် ဝင်ကြေးနဲ့ 
ရုံသွင်းစားရုံအဆင့်ပဲ ထားလေရော့သလား။
ပြင်းတယ်၊ ပြင်းလွန်းလှတယ်
အာဏာရူး ဂဠုံဦးစောထက် ပြင်းတယ်
စိန်ကြီး၊ မှုံကြီး၊ ရန်ကြီးအောင်တို့ ရဲ့
တော်မီဂမ်းထက်ပြင်းတယ်
ခင်မောင်ရင်၊ သုခ၊ သက်နှင်း၊ ဘညွန့် တို့ ထက် ပြင်းတယ်
စစ်အုပ်စု ရိုင်းပျမိုက်မဲမှုက ပိုပြင်းလှတယ်။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ နောက်ဆုံးမှာတမ်း
အစ-အဆုံး ပြန်နားမထောင်ရဲတဲ့သူတွေ
ဘိုးလဲမသိ၊ ဘလဲမသိတဲ့ စစ်အုပ်စုတွေ
အာဇာနည်နေ့ ရောက်လေတိုင်း
တနှစ်တမျိုး မရိုးစေရ
ဘာမလုပ်ရ၊ ညာမလုပ်ရနဲ့ ပြည်သူကိုအမိန့် ထုတ်
အာဇာနည်တွေကို အခါခါ လုပ်ကြံနေလေရဲ့။
ရိုသေထိုက်သူကို မရိုသေခြင်း
မပြစ်မှားထိုက်သူကို ပြစ်မှားခြင်း
စစ်အုပ်စုတို့  မှန်မှန်ကျင့်တဲ့ ကျင့်ဝတ်
အာဏာကို မစင်ပုံထဲက လောက် ပမာ
အထက်လှန်အောက်ကော် မြူးပျော်ကြရင်း
အာဇာနည်တွေအတွက် တာဝန်မဲ့နေကြပေမယ့်…။
တာဝန်သိ ပြည်သူတွေက
ကျောင်းသားအုပ်စုတွေက
ကိုယ့်နည်းကိုယ့်ဟန်နဲ့  ဥသြဆွဲအလေးပြုမတဲ့
အာဇာနည်နေ့  တို့ မမေ့
အာဇာနည်နေ့  တို့ မမေ့
အာဇာနည်နေ့  တို့ မမေ့
မြန်မာပြည် တည်သရွေ့ 
ကမ္ဘာ တည်သရွေ့ 
အာဇာနည်နေ့  တို့ မမေ့ ။      ။
ကျော်ဟုန်း

(၆၆ – အာဇာနည်နေ့ ၊ မချိ ရင်ခတ်အလွမ်း )

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts