>Interview with Zaw Min – How to achieve democracy in Burma by supporting NLD

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

>

မြန်မာပြည်အရေးဟာ အန်အယ်လ်ဒီ တခုတည်း လုပ်ရမယ့် အရေးမဟုတ်ဘူး (ဆက်သွယ်မေးမြန်းခန်း)

ဗွီအိုအေ (မြန်မာဌာန)

စက်တင်ဘာ ၁၅၊ ၂၀၀၈

အနှစ် ၂၀ ကြာခဲ့ပြီးတဲ့ကာလမှာ ၁၉၈၈ ခုနှစ်က မြန်မာပြည်သူတွေရဲ့ နိုင်ငံရေးအုံကြွမှု ဘာ့ကြောင့် မအောင်မြင်ခဲ့သလဲ။ မြန်မာ့ဒီမိုကရေစီတိုက်ပွဲဟာ ဘာကြောင့် ဒီလောက် ကာလကြာရှည်နေခဲ့သလဲ ဆိုတာတွေကို ဝေဖန်ဆန်းစစ်သူတွေ အတော်များလာပါတယ်။ လူပြောအများဆုံး သုံးသပ်ချက်တွေကတော့ ၁၉၈၈ ခုနှစ်က အတိုက်အခံ ခေါင်းဆောင်တွေ မညီညွတ်ခဲ့ကြလို့၊ လူအများစုဟာ သဘောထား ပြင်းထန်ပြီး အပေးအယူ ညှိနှိုင်းမှုကို လက်မခံချင်ဘဲ အာဏာရှင်စနစ် အမြစ်ပြုတ်ရေးကိုပဲ လောဘတကြီး တောင်းဆိုခဲ့မှု၊ အာဏာရှင်တွေရဲ့ ရက်စက် ကြမ်းကြုတ်မှု၊ ဒါ့အပြင် နောက်ဆုံးထွက်လာတဲ့ သုံးသပ်ချက်ကတော့ ထပ်တလဲလဲ အဖမ်းဆီးခံ၊ အထိန်းသိမ်းခံခဲ့ရတဲ့ ခံနေရဆဲလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ မင်းကိုနိုင်၊ ကိုကိုကြီး စတဲ့ ခေါင်းဆောင်တွေကြောင့် မြန်မာ့ဒီမိုကရေစီရေးနဲ့ အလှမ်းဝေးနေရတာ ဖြစ်တယ်လို့ ဆိုသူတွေလည်း ရှိပါတယ်။ ဒီသုံးသပ်ချက်တွေကို မြန်မာဘလော့ဂ်တခုမှာ ထပ်ပြီး ဝေဖန်ထားတဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီက ဦးဇော်မင်းကို ကျနော် ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးသန်းလွင်ထွန်း။ ။ ကဲ ဦးဇော်မင်းရေ၊ ကျနော် နောက်ဆုံးတင်ပြခဲ့တဲ့ ဒီသုံးသပ်ချက်။ အဲဒါကတော့ ရန်ကုန်မြို့က ၈၈ မျိုးဆက်ကျောင်းသားလို့ အမည်ခံထားတဲ့ ကိုအေးလွင်က ပြောခဲ့တယ်လို့ ဆိုပါတယ်။ ဒေါ်စု၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီး စတဲ့ခေါင်းဆောင်တွေကြောင့် မြန်မာ့ဒီမိုကရေစီရေး အနှစ် ၂၀ လောက် နောက်ကျနေခဲ့ရတာလို့ သူက ဆိုပါတယ်။ အချုပ်နှောင်ခံ အဖမ်းဆီးခံပြီးတော့ ခေါင်းမာမာနဲ့ ဒီမိုကရေစီရေးကို တောင်းဆို တိုက်ပွဲဝင်နေလို့ စစ်အစိုးရရဲ့လုပ်ငန်းတွေ နှောင့်နှေးနေတယ်လို့ သူက ဆိုလိုတာလားဗျ။

ဦးဇော်မင်း။ ။ ကျနော့်အနေနဲ့ ပြောရမယ်ဆိုလို့ရှိရင်တော့ ဒီ ၁၉၈၈ ခုနှစ်ကနဲ့ ပတ်သက်လို့ပေါ့ လေ၊ ဗမာပြည်ဒီမိုကရေစီရေး နှောင့်နှေးတယ်ဆိုတာ ခေါင်းဆောင်တွေကြောင့်၊ ဘယ်သူကြောင့်၊ ဘယ်ဝါကြောင့် ဖြစ်တယ်ဆိုတာထက် အဲဒီခေတ် အဲဒီအချိန်တုန်းကဖြစ်တဲ့ အခြေအနေတွေနဲ့ တချို့ အခြေအနေတွေမှာ ကျနော်တို့ဘက်ကနေပြီးတော့ သက်ဆိုင်ရာ အခြေအနေ ကာလအလိုက် ဖမ်းမဆုပ်နိုင်တဲ့ အခြေအနေတွေကြောင့် ဖြစ်ပါတယ်။ အဲလို ဖမ်းမဆုပ်နိုင်တယ် ဆိုတာလည်း စောစောကပြောတဲ့ ရှိရမယ့် အနေအထားတွေ၊ အတွေ့အကြုံတွေ အဲဒီအပေါ်မှာ မူတည်တယ်လို့ ကျနော်မြင်ပါတယ်။

ဒီလို ခေါင်းဆောင်တွေက သူတို့လိုချင်တာတွေကို ခေါင်းမာမာနဲ့ တောင်းဆိုနေလို့ စစ်အစိုးရရဲ့ လုပ်ငန်းတွေ နှောင့်နှေးနေရတယ် ဆိုတဲ့ အယူအဆက ဖြစ်နိုင်ခြေရှိလား။

ဒီကိစ္စက လုံးဝမဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ စစ်အစိုးရက အစကတည်းက အာဏာကို လက်လွှတ်ဖို့ သူတို့မှာ ရည်ရွယ်ချက်မရှိတဲ့အခါကျတော့ အခု တနည်းအားဖြင့် ပြောရမယ်ဆိုရင် ဒီအစိုးရက ဒီမိုကရေစီရေးနဲ့ ပတ်သက်လို့ လှုပ်ရှားတောင်းဆိုနေတဲ့သူတွေကို သူတို့က အပြစ်တော့ ပုံချတာပါပဲ။ အဲလို အပြစ်ပုံချတဲ့အခါမှာ စောစောက အထူးသဖြင့် ခေါင်းဆောင်ပိုင်းဟာ ပိုပြီးတော့ အပြစ်ပြောခံရပါတယ်။ နိုင်ငံတခုက ဒီမိုကရေစီလမ်းစပေါ်ကို ရောက်လာဖို့ကိစ္စက တခါတလေကျတော့ လူတွေရဲ့စိတ်ထဲမှာရှိတဲ့ စိတ်ကူးနဲ့ အချိန်နဲ့ တခါတလေကျတော့ အဲဒီထက်ပိုပြီး ကြာချင်လည်း ကြာနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့နိုင်ငံတွေမှာ ဒီမိုကရေစီရအောင်လို့ တိုက်ပွဲဝင်ခဲ့ကြတာ အနှစ် ၂၀၊ ၃၀၊ ၄၀ စသည်ဖြင့် ကြာပါတယ်။ အဲတော့ ကျနော်တို့ ဗမာပြည်မှာလည်း တခါတလေကျတော့လည်း အောင်ပွဲ မရသေးဘူး၊ ဒီမိုကရေစီ မဖြစ်ထွန်းသေးဘူး ဆိုတဲ့အပေါ်မှာ အားမလို အားမရစိတ်နဲ့ တချို့ကလည်း အားမလို အားမရစိတ်နဲ့ မဟုတ်ဘဲနဲ့ အခြား အကြောင်းကြောင်းကြောင့်သော်လည်း စွပ်စွဲတာတွေ ရှိမှာပေါ့လေ။ ဆိုတော့ အဲဒါကြောင့်မို့လို့ ဒီဟာတွေဟာ ခေါင်းဆောင်တွေဟာ အပြစ်ရှိတယ် ဆိုပြီးတော့ အဲဒါကြောင့် ကြန့်ကြာတယ်လို့ ပြောကြပါတယ်။ ကျနော့်အမြင်နဲ့ ပြောရမယ်ဆိုရင်တော့ တိုင်းပြည်တခုရဲ့လွတ်မြောက်ရေးဟာ အင်မတန် ကြာပါတယ်။

အင်း — အင်မတန်ကြာတယ်ဆိုတာက ဒီလို အနှစ် ၂၀ ကြာခဲ့ပြီးတဲ့ကာလတောင်မှပဲ စစ်အာဏာရှင်စနစ် လက်ထက်မှာပဲ ရှိနေပြီးတော့ အပြောင်းအလဲ ဆိုတာကို မမြင်ရသလောက် ဖြစ်နေတဲ့ အခြေအနေမျိုးဟာ ဒိထက် ထပ်ပြီးတော့ ဘယ်လောက်များ ကြာဦးမယ်လို့ ယူဆသလဲခင်ဗျ။

အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့ စောစောက တချို့ပေါ့လေ ဒေါ်အောင်ဆန်းစုကြည်တို့ကို စွပ်စွဲနေသလိုမျိုး၊ နှစ် ၂၀ ကြာပြီ ဘာမှလည်း မပြောင်းဘူး ဆိုတာထက်စာရင် တကယ်တမ်း ပြောရမယ်ဆိုရင်တော့ ဗမာပြည်က မပြောင်းတာ ၁၉၆၂ ကတည်းက ဖြစ်ပါတယ်။ အခုဆိုရင် ၄၆ နှစ်ရှိပါပြီ။ လက်နက်နဲ့ လက်နက်မရှိတဲ့လူတွေအပေါ်မှာ တမင် ဖိနှိပ်ချုပ်ချယ်ပြီးတော့ စိုးမိုးထားတဲ့ကိစ္စဟာ အခုလို အခြေအနေမျိုးမှာ လက်နက် မရှိတဲ့သူတွေက ပြန်တွန်းလှန်တဲ့အခါမှာ အကြမ်းမဖက်တဲ့နည်းနဲ့ တွန်းလှန်တယ်ပေါ့လေ အဲဒီအခါမှာ ဘာပဲပြောပြော အခြေအနေ၊ အချိန်တွေကို ကျနော်တို့ ပေးဆပ်ရတာတွေ ရှိပါတယ်။

မြန်မာနိုင်ငံရဲ့ဒီမိုကရေစီရေးဟာ လာတော့လာမယ်ပေါ့လေ၊ ဒါပေမယ့်လည်း ဖြည်းဖြည်းတော့ စောင့်ရမယ်ဆိုတဲ့ အဖြေမျိုးဖြစ်နေတယ်ဆိုတော့ လက်ရှိအခြေအနေမှာရော ဒီလို ဖြည်းဖြည်းမှ ရောက်လာမယ်ဆိုတဲ့ တိုးတက်မှု အလားအလာတွေကို မြင်နေလို့လား။

ကျနော်အနေနဲ့ စောစောကပြောတာကတော့ ကျနော့်ချဉ်းကပ်မှု တစုံတရာအရ အချို့ကိစ္စတွေမှာ ကျနော်တို့ လောမကြီးဖို့၊ နှစ် ၁၀၀ ကြာမယ်လို့ ကျနော် ဆိုလိုတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ပေါ့ဗျာ ပြန်စဉ်းစားကြည့်တဲ့အခါမှာ အောင်ပွဲတခုရဖို့ ဆိုတာကတော့ သဘာဝအရတော့ မလွယ်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အောင်ပွဲတခုရဖို့အတွက် ကြားမှာ ဖြတ်သန်းရမယ့်အခြေအနေတွေဟာ အမျိုးမျိုးရှိတယ်၊ ရှုပ်ထွေးတယ်၊ ကိုယ်တွက်ထားတဲ့အတိုင်း ဖြစ်မလာဘူး။ ကိုယ်တွက်မထားတဲ့အတိုင်းတွေလည်း ဖြစ်တယ်။ ဒီဟာတွေကို ကျနော်တို့ နားလည်ဖို့လည်း လိုပါတယ်။ တဖက်မှာပဲ ကိုယ့်ရဲ့ပြိုင်ဖက်ဖြစ်တဲ့လူတွေက ကိုယ့်ရဲ့ရည်မှန်းချက် မအောင်မြင်အောင် အမျိုးမျိုး ချေမှုန်းတာလည်း ခံရပါတယ်။ အဲလိုချေမှုန်းတဲ့အခါမှာ ကိုယ်က အင်အားနည်းတဲ့ အခါမှာ ကိုယ့်မှာ လက်နက်မရှိတဲ့အခါမှာ ကိုယ့်မှာ အာဏာမရှိတဲ့အခါမှာ ကိုယ်ကပြန်ပြီးတော့ အောက်ကနေပြီးတော့ တော်တော်လေးကို ခံရပါတယ်။ အဲဒီလို ခံနေရတဲ့အချိန်မှာ တိုက်ပွဲဝင်ရတဲ့ အခါကျတော့ ကျနော့်ကို မေးမယ်ဆိုရင်၊ ဘယ်တော့ ဒီမိုကရေစီရမလဲလို့ မေးရင်တော့ ကျနော် မဖြေနိုင်ပါဘူး။ ဒါပေမယ့်လို့ ဒီမိုကရေစီ ရမယ်ဆိုတာ ဘယ်တော့ရမယ်မှန်းတော့ ကျနော် မသိဘူး၊ သို့သော်လည်းပဲ ကျနော် ဆက်ပြီး တိုက်ပွဲဝင်ဖို့ကတော့ ကျနော်တို့ တာဝန် ဖြစ်ပါတယ်။

အခုလက်ရှိမှာ မြန်မာပြည်သူအများစုက သဘောထား ပြင်းထန်ပြီးတော့ အပေး အယူ ညှိနှိုင်းမှုတွေကို လက်မခံချင်ဘဲနဲ့ ဖြစ်နေတယ်။ အာဏာရှင်စနစ် အမြစ်ပြုတ်ရေးကိုပဲ လောဘတကြီး တောင်းဆိုနေတယ်ဆိုတဲ့ သုံးသပ်ချက်တွေနဲ့ ပတ်သက်လို့ကော ဦးဇော်မင်းအနေနဲ့ ဘယ်လိုမြင်လဲခင်ဗျ။

ကျနော်မြင်တာတော့ ဗမာလူထုဟာ အဲလောက်အထိ မိုက်မဲတဲ့သူတွေ မဟုတ်ပါဘူး။ ဒါကတော့ ပြောတဲ့သူတွေက သူတို့ထင်မြင်ယူဆချက်နဲ့သူတို့ ဖြစ်ပါလိမ့်မယ်။ ဥပမာအားဖြင့်ဗျာ ဗိုလ်ချုပ်အောင်ဆန်းက ဗြိတိသျှအစိုးရဆီကနေပြီးတော့ ဗမာပြည်လွတ်လပ်ရေး ရအောင် ဆောင်ရွက်ခဲ့တာက အမှန်အတိုင်း ပြောမယ်ဆိုရင်တော့ အင်္ဂလိပ်အစိုးရနဲ့ စကားပြောပြီး ယူခဲ့တာဖြစ်ပါတယ်။ အင်္ဂလိပ်အစိုးရကို စစ်အနိုင်တိုက်ပြီးတော့ ယူခဲ့တဲ့ လွတ်လပ်ရေး မဟုတ်ပါဘူး။ ဒီအချက်ဟာပဲ ဒါ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကျော်က အဖြစ်အပျက်တခုဖြစ်ပါတယ်။ ကျနော်တို့ဗမာလူထုဟာ အစွန်းရောက်တယ်၊ ဗမာလူထုဟာ အဆုံးသတ်တိုက်ပွဲကိုပဲ လိုချင်တယ်၊ အပေးအယူ လုပ်လိုတဲ့ ဆန္ဒမရှိဘူးဆိုတာ မဟုတ်ပါဘူး။ ကျနော်တို့ရှေ့သမိုင်းမှာ ကျနော်တို့ရဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းကိုယ်နှိုက်ကိုက အပေးအယူလုပ်တဲ့နည်းနဲ့ မြန်မာပြည် လွတ်လပ်ရေးကို စကားပြောတဲ့နည်းနဲ့ မြန်မာပြည်လွတ်လပ်ရေးကို ရအောင်ယူခဲ့တာဖြစ်ပါတယ်။

အဲဒီအချိန်က ဗိုလ်ချုပ်အောင်ဆန်းအနေနဲ့ ပြည်သူလူထုရဲ့ ယတိပြတ် ဆန္ဒတခုကို ညှိနှိုင်းယူပေးခဲ့ရတာပဲလေ၊ အဲဒီအချိန်မှာ ယတိပြတ်ဆန္ဒဖြစ်တဲ့ လုံးဝလွတ်လပ်ရေးဆိုတာကို ညှိနှိုင်းပြီး ရရင်ရ မရရင် ချမယ်ဆိုတဲ့ စကားမျိုးတောင် ဗိုလ်ချုပ်အောင်ဆန်းဆီကတောင် ထွက်ခဲ့တာ မဟုတ်ဘူးလား။

မှန်ပါတယ်ခင်ဗျာ၊ ဒါပေမယ့် အဲဒီအချိန်တုန်းက ပြန်ကောက်ကြည့်မယ် ဆိုရင် အဲဒီ အချိန်တုန်းက ဒုတိယကမ္ဘာစစ်ကြီးပြီးခါစ အခြေအနေဖြစ်ပါတယ်။ အခု ကျနော်တို့ဒီမှာ လက်ရှိရင်ဆိုင်နေရတဲ့ အခြေအနေကတော့ ဘယ်စစ်မှ မဖြစ်ဘဲနဲ့ သာမန်ကာလအတွင်းမှာ သာမန်အခြေအနေမျိုးကို ရင်ဆိုင်နေရတာ ဆိုတော့ ကျနော်ထင်ပါတယ်၊ ဒုတိယကမ္ဘာစစ်ပြီးကာလထက်တောင် ပိုပြီး ခက်ကောင်းခက်နိုင်ပါတယ်လို့ ကျနော် မြင်ပါတယ်။

အခု လက်ရှိအခြေအနေအရ ဆိုရင် မြန်မာစစ်အစိုးရအနေနဲ့ သူတို့ရည်ရွယ်ထားတဲ့ လမ်းပြမြေပုံ ၇ ချက်အတိုင်း အခုဆိုလို့ရှိရင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုပြီးပြီ၊ လာမယ့် သက္ကရာဇ် ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲလုပ်မယ် ဆိုတော့ ဒီအချက်တွေနဲ့ကော တဖြည်းဖြည်းချင်း ဒီမိုကရေစီလမ်းကြောင်း ဆီကို ဦးတည်မယ်လို့ ယူဆလား။

ဟို မဖြစ်သေးတဲ့အနာဂတ်ကို ဘာဖြစ်မလဲလို့ ပြောရတာတော့ ခက်တာပေါ့ဗျာ၊ ဒါပေမယ့်လို့ အခု လောလောဆယ်သွားနေတဲ့ ယေဘုယျ အခြေအနေအတိုင်း ပြောရမယ်ဆိုရင်တော့ စစ်အစိုးရက ရေရှည် အာဏာချုပ်ကိုင်ထားဖို့ ရည်ရွယ်ထားတဲ့အတွက်ကြောင့်မို့လို့ အခြေခံဥပဒေကို မတော် မတရားရေးထားတဲ့ အခြေခံဥပဒေကို ညစ်နည်းမျိုးစုံ သုံးပြီး အတည်ပြုတာပေါ့၊ ဆိုတော့ ဒီဟာကပဲ ရေရှည်မှာ အာဏာကို လက်မလွှတ်ချင်ဘူး ဆိုတဲ့သဘောကို ပြတာဖြစ်ပါတယ်။ အဓိက ကတော့ ကျနော်တို့ဟာ ကိုယ်လိုချင်တဲ့ ရည်မှန်းချက် ပန်းတိုင် ရောက်ဖို့အတွက် အားလုံးက မဆုတ်မနစ်ဘဲ ၀ိုင်းဝန်းပြီးတော့ ဆောင်ရွက်ဖို့လိုတယ်လို့ ကျနော်ကတော့ အဲဒီလိုမြင်ပါတယ်။

အခုလောလောဆယ်အားဖြင့် မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီးတော့ ကုလသမဂ္ဂ ကလည်း ကြားဝင်ဖျန်ဖြေပေးမှုတွေလုပ်နေတယ်၊ နောက်ပြီးတော့ တဖက်မှာဆိုလို့ရှိရင်လည်း အမေရိကန် ဦးဆောင်တဲ့ အနောက်အုပ်စုနိုင်ငံတွေကနေပြီးတော့ ဖိအားပေးပြီးတော့ မြန်မာစစ်အစိုးရကို ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ တောင်းဆိုနေတယ်၊ တဖက်ကကျတော့ တရုတ် အာစီယံ အိန္နိယ စတဲ့ နိုင်ငံတွေက ကျတော့ ချော့ချော့မော့မော့ ချဉ်းကပ်ပြီး ဖျောင်းဖျတဲ့နည်းတွေ သုံးနေတယ်။ ဒီနည်းလမ်းတွေအနေနဲ့ရော မြန်မာ စစ်အစိုးရအနေနဲ့ ဒီနည်းလမ်းတွေထဲမှာရော ဘယ်နည်းလမ်းတွေနဲ့ ဒီမိုကရေစီရေးကို ပိုပြီးတော့ ရှေးရှုပြောင်းလဲ လာနိုင်လိမ့်မယ်လို့ ထင်သလဲ။

အခု ဒီ လေးငါးဆယ်နှစ်အတွင်းမှာဖြစ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကြည့်ရရင် တကယ်တမ်းပြောရမယ်ဆိုရင် ကျနော်တို့အိမ်နီးချင်းနိုင်ငံတွေကလည်း ဗမာစစ်အစိုးရကို သူတို့အနေနဲ့ သဘောကျအောင် ဖျောင်းဖျနိုင်တဲ့ အရည်အချင်းမရှိဘူးဆိုတာ ကျနော်တို့ မြင်နေရတာ လက်တွေ့ပဲ ဖြစ်ပါတယ်။ နိုင်ငံတကာဖိအား ဆိုတဲ့နေရာမှာလည်း နိုင်ငံတကာဖိအားက လိုပါတယ်။ သို့သော်လည်းပဲ နိုင်ငံတကာ ဖိအားကို ကျနော်တို့က အလွန်အကျွံ အားမကိုးမိဖို့ လိုပါတယ်။ အဲတော့ အဓိက က ဘယ်သူ့ကိုပဲ အားကိုးရမလဲဆိုတော့ ကျနော်တို့က ကိုယ်ဟာကိုယ်ပဲ အားကိုးရမှာ ဖြစ်ပါတယ်။ ကျနော်တို့က နိုင်ငံတကာဖိအားကို အားကိုးပြီး အဲဒီ အပေါ်မှာတွက်ပြီး အလုပ်လုပ်ပြီးတော့ ကိုယ့်ရဲ့ အလုပ်လုပ်ရမယ့် ချဲ့ရမယ့်စွမ်းအားကို ထည့်မတွက်ဘူး သို့မဟုတ် အဲဒီအပေါ်မှာ လုံ့လမစိုက်ဘူးဆိုရင်တော့ ဒါ ကျနော်တို့အပြစ်သာ ဖြစ်ပါလိမ့်မယ်။

ကိုယ့်အားကိုယ်ကိုးဆိုတဲ့နေရာမှာ မြန်မာပြည်တွင်းမှာ ထင်ရှားတဲ့ အတိုက်အခံ ပါတီတွေအနေနဲ့ နိုင်ငံရေးပါတီအဖွဲ့တခုကနေ ဦးဆောင်ပြီး လူထုကို အုံကြွအောင် လူထုကို သပိတ်မှောက်အောင် လှုံ့ဆော်မှုမျိုးက ဗမာပြည်မှာ ဗမာ့နိုင်ငံရေးမှာ အခု လောလောဆယ်အားဖြင့် မရှိဘူးဖြစ်နေတယ်လေ။ လစ်ဟာနေတယ်ပေါ့၊ အဲဒါနဲ့ပတ်သက်လို့ကရော ကိုဇော်မင်းတို့အနေနဲ့ ဘယ်လိုများယူဆသလဲ။

မှန်ပါတယ်၊ အဲဒါကလည်း လက်တွေ့ ပကတိမှာ မှန်ပါတယ်။ အခု အင်န်အယ်လ်ဒီဟာ ဘာပဲပြောပြော ကျနော်တို့နိုင်ငံမှာက တရားဝင် အတိုက်အခံပါတီလည်း ဖြစ်ပါတယ်၊ ဥပဒေကြောင်းအရ။ နောက်တခုက ကျနော်တို့ နှလုံးသားအရပြောမယ်ဆိုလို့ရှိရင် အင်မတန် လက်ရှိ ရှိနေသေးတဲ့ ပါတီကြီးလည်း ဖြစ်ပါတယ်။ အန်အယ်လ်ဒီအနေနဲ့လည်း အများကြီး မလုပ်နိုင်သေးဘူးဆိုတာ ဒီကာလမှာ တွေ့ရပါတယ်။ သို့သော် ကျနော်တို့ မြန်မာပြည်အရေးဟာ အန်အယ်လ်ဒီ တခုတည်း လုပ်ရမယ့် အရေးတော့မဟုတ်ပါဘူး။ သူများနိုင်ငံတွေ ဥပမာနဲ့ ပြန်ကြည့်ရင် သူများနိုင်ငံတွေမှာလည်း အဓိက ပါတီကြီးတွေ အဖွဲ့ကြီးတွေ အားနည်းနေတဲ့အချိန်၊ မလုပ်နိုင်တဲ့အခြေအနေမှာ ကျန်တဲ့ လူထုလူတန်းစား အလွှာအသီးသီးမှာရှိတဲ့ အဖွဲ့အစည်းအသီးသီးက သူတို့လိုအပ်တဲ့ တာဝန်တွေကို သူတို့လိုအပ်တဲ့ ထောင့်တွေကယူပြီး ထမ်းဆောင်နေကြတာ ဖြစ်ပါတယ်။ အဲဒီနမူနာကို ယူရလိမ့်မယ်လို့ ကျနော်တော့ အဲဒီလိုမြင်ပါတယ်။ ဥပမာအားဖြင့်ပေါ့ခင်ဗျာ၊ တောင်အာဖရိကနိုင်ငံဟာ လူဖြူတွေရဲ့ အုပ်ချုပ်မှုအောက်ကနေပြီးတော့ လွတ်မြောက်ဖို့အတွက် သူတို့တိုက်တဲ့နေရာမှာ အဓိကဖြစ်တဲ့ သူတို့ရဲ့ပါတီကြီးလို့ အဖွဲ့ကြီးလို့ သူတို့ပြောတဲ့ အာဖရိကန်အမျိုးသားကွန်ကရက်က အင်အား ချည့်နဲ့နေတဲ့ အချိန်မှာ၊ ရုပ်သိမ်းခံထား ရတဲ့အချိန်မှာ ကျန်တဲ့ အိမ်ရှင်မများသမဂ္ဂ စသည်ဖြင့် သမဂ္ဂပေါင်းများစွာထဲကနေ စုပေါင်းပြီးတော့ နှစ်ပေါင်းများစွာ လူဖြူအစိုးရကို လွတ်မြောက်ရေးအတွက် သူတို့ ပြန်ပြီး ခုခံတွန်းလှန်ပြီးတော့ တိုက်ပွဲဝင်ခဲ့တာ ဖြစ်ပါတယ်။ ဆိုတော့ အဲဒီဥပမာကို လိုက်ပြီးတော့ ကျနော်တို့က အန်အယ်လ်ဒီက အခု အင်အားနည်းနေသော်ငြားလည်း ကျန်တဲ့ အသင်းအပင်း အဖွဲ့အစည်းက ကုန်ကုန်ပြောရရင်ဗျာ မြန်မာပြည်မှာဆိုရင် အိမ်ရှင်မများသမဂ္ဂဆိုတာတောင် ထွက်လာပြီးတော့ ကျနော်တို့ ၈ လေးလုံးကလို ပြန်ပြီးတော့ တိုက်ပွဲဝင်မယ်ဆိုလည်း အလွန်အင်မတန် ၀မ်းမြောက်စရာ ကောင်းပါတယ်။ ကျနော်မြင်တာက နိုင်ငံရေးအဖွဲ့အစည်းမှ လွတ်မြောက်ရေးတိုက်ပွဲတွေကို တိုက်လို့ရတာ မဟုတ်ပါဘူး။ ကျန်တဲ့ အဖွဲ့အစည်း အသင်းအပင်းအသီးသီးလည်း သူ ကျရာ နေရာကနေပြီးတော့ ဒီမိုကရေစီရေး၊ လွတ်မြောက်ရေး နဲ့ ငြိမ်းချမ်းရေး စသည်ဖြင့် အဲဒီကိစ္စတွေအတွက် သူတို့မှာ တိုက်ပွဲဝင်နိုင်တဲ့ အခွင့်အလမ်း ရှိပါတယ်။

ဒီလို အသင်းအပင်း အဖွဲ့အစည်းတွေ ဖွဲ့ခွင့်က ဗမာပြည်မှာ မရှိဘူးဆိုတာရော။

မှန်ပါတယ်၊ တောင်အာဖရိကမှာတုန်းကလည်း အဲဒီ အသင်းအပင်းတွေက ဖွဲ့ခွင့် မရှိပါဘူး။ သူတို့ တိတ်တဆိတ် ဖွဲ့ထားတဲ့ အဖွဲ့အစည်းတွေသာ ဖြစ်ပါတယ်။

အဲတော့ ဦးဇော်မင်းဆိုလိုတဲ့သဘောက ဗမာပြည်ထဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဦးဆောင်မှုကိုပဲ စောင့်မနေဘဲနဲ့ မိမိဖာသာ ၀ိုင်းပြီးတော့ လှုပ်ရှားကြဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ပံ့ပိုးပေးကြဖို့ဆိုတဲ့ သဘောကို ပြောချင်တာလား။

အဲဒီသဘောနဲ့ နည်းနည်းတူပါတယ်။ ဘာဖြစ်လို့ ကျနော်ပြောရသလဲဆိုရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကပြောမှ လုပ်မယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကပြောမှ သပိတ်မှောက်မယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကပြောမှ လမ်းမပေါ်ထွက်မယ်ဆိုတာကို စောင့်နေရင်တော့ ကျနော်တို့ ကိုယ်တိုင်ကလည်း နိုင်ငံသားတဦးအရ လွတ်လပ်မှုကို လိုလားတဲ့ နိုင်ငံသားတဦးအရ ကျနော်တို့ကိုယ်တိုင် တာဝန်ကျေမယ် မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ သားစဉ် မြေးဆက်တွေ လွတ်မြောက်ဖို့၊ ရှေ့အနာဂတ် ကောင်းစားဖို့အတွက်က အားလုံးမှာ တာဝန်ရှိပါတယ်။ ကျနော်တော့ အဲဒီလိုပဲ ယူဆပါတယ်။

(မူရင်း – ဗွီအိုအေ မြန်မာဌာန၊ ၂၀၀၈ သြဂုတ်လ ၃၁ ရက်နေ့ ထုတ်လွှင့်ချက် www.voanews.com/burmese)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts