မောင်တူး

Maung Too – Articles

သက်ရှိ ပန်းချီ – အပိုင်း (၄)
မောင်တူး
ဇူလိုင် ၂၀၊ ၂၀၁၃
 ဒေါင်းခွင်ကျောင်းသားဌာနချုပ် တနေရာ (အလယ်လူသည် စာရေးသူဖြစ်သည်။)
ဖရဲသီး စားနေတယ်။ နောက် ဖရဲသီးတလုံးက ကျောပိုးအိတ်ထဲမှာ။ သံလွင်မြစ်ဘေး ဖရဲခင်းတွေက သဲသောင်ပေါ်မှာစိုက်ထားတာ။ ဖရဲ ညွှန့်တွေ ပြုတ်တို့တယ်။ ဖရဲညွန့် ဟင်းချို။ ဖရဲညွန့် ချဉ်ဖတ်။ ဖရဲတမျိုးထဲကို ဟင်းလျာလုပ်ပြီး စားနေကြရတဲ့ ထွီဖါဝီကျိုး (ခွေးအိပ်တောင်) တိုက်ပွဲ။ အခုတော့ ရပ်သွားပြီ။  ၁၉၉၁ ခုနှစ် ဖေဖေါ်ဝါရီလောက်ကစဖြစ်ခဲ့တဲ့ မာနယ်ပလော တော်လှန်ရေးဌာနချုပ်အနီး ခွေးအိပ်တောင်ပွဲဟာ သင်္ကြန်မတိုင်ခင်လောက် နားသွားတယ်။ တိုက်ပွဲတလျှောက် ခံကြီးမောင်ကုန်းမှာ ကျနော်တို့ ခံစစ်ဆင်ခဲ့ရတယ်။ တောင်ကုန်းနာမည် ကတော့ မယ်ပတောင်ကုန်းလို ခေါ်ပါ တယ်။ ဒါပေမယ့် လက်နက်ကြီးတွေနဲ့ ထုတဲ့ဒဏ် အများကြီးခံခဲ့ရတာမို့ ခံကြီးမောင်ကုန်း နာမည်တွင် ခဲ့တာပါ။ ကျနော်တို့ခံစစ်ကြောင်း ဦးစီးက ဗိုလ်မှူးရောဘတ်ဇံ။ သူက ကရင့်တော်လှန်ရေး ခေါင်းဆောင်ကြီး မန်းဘဇံရဲ့သား။ ဗိုလ်မှူးရော ဘတ်ဇံရဲ့ စကားပြောစက်နာမည်ဝှက်ကို ဖူးကီးဒိုလို့ ကရင်လိုနာမည်ပေးထားတယ်။ ဖူးကီးဒိုစစ်ကြောင်းမှာ ကျောင်းသားတပ်မတော် တပ် ရင်း ၂၀၄၊ ၂၀၅၊ ၂၁၀၊ ၂၁၂ ကနေ ၆၀၁ အထိ ပါဝင်ပါတယ်။ ကျောင်းသားတပ်မတော် ဗဟိုတပ်တွေလဲ ၀င်ကူပေးတယ်။
ခံကြီးမောင်တောင်ကုန်းပေါ် လက်နက်ကြီးတွေ ကျည်တွေ ကျရောက် ပေါက်ကွဲလိုက်တာ။ ကျင်းတွေ နက်အောင်ထပ်တူး။ ဘန်ကာတွေပေါ် တင်တဲ့ သစ်လုံးလေးတွေက လက်နက်ကြီးဒဏ်နဲ့ စင်ထွက်ကုန်လို့ သစ်လုံးကြီးတွေ ထပ်တင်၊ ထပ်ကာလုပ်ကြရ။ ဖြတ်ထားတဲ့ သစ်လုံးကြီး တလုံးကို ကျနော်နဲ့ နိုင်ဝင်း ထမ်းနေတုန်း လက်နက်ကြီးတလုံးကျတော့ လွင့်ထွက်သွားကြတယ်။ ကျနော်က လှိမ့်ထွက်လို့ မြေကြီးနဲ့ဆောင့် မိပေမယ့် ကြီးကြီးမားမားဒဏ်ရာမရပေမယ့်  နိုင်ဝင်းကတော့ ခြေကျင်းဝတ်ကို လက်နက်ကြီးစဖောက်သွားတယ်။ မာနယ်ပလော ဆေးရုံ၊ မယ့်စရီယန်းဆေးရုံ၊ နောက်ဆုံး မဲဆောက်ဆေးရုံ ရောက်သွားတယ်။ အဲသည်နောက် သူလဲ တိုက်ခိုက်ရေးမလိုက်ရတော့ဘူး။ အခု နိုင်ဝင်း နယ်သာလန်နိုင်ငံမှာ ရှိနေတယ်။
၁၉၉၂ ခုနှစ် နှစ်လယ်ပိုင်း ဘန်ကောက်မှာလုပ်ခဲ့တဲ့ ဒီဗွီဘီကွင်းဆင်း သတင်းထောက်သင်တန်းဆင်းပွဲ 
၁၉၉၁ ခုနှစ် သင်္ကြန်မတိုင်မီ ထွီဖါဝီကျိုးကို န၀တ အစိုးရတပ်တွေက သိမ်းလိုက်တယ်။ ဗိုလ်ချုပ်မှူးကြီးစောမောင်အဆင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေအတက်။ အဲသည်နောက် အမျိုးသားညီလာခံစဖို့ ကြေညာတယ်။ အစိုးရထိုးစစ်တွေ ရုပ်သွားတော့ ကျနော်တို့လည်း မာနယ်ပ လောပြန်ရောက် ဒေါင်းခွင် ကျောင်းသားဌာနချုပ်ကို စပြီးတည်ဆောက်ချိန်။ ၁၉၉၂ ခုနှစ် အစ။ ကျောင်းသားတပ် ရဲဘော် ၁၀ ဦး သတင်း ထောက် သင်တန်းတက်ရမယ်လို့ အမိန့်ကျလာတယ်။ တော်လှန်ရေးအသံ ဒီဗွီဘီရေဒီယိုအတွက်။
သင်တန်းကို ဘန်ကောက်မှာသွားတက်ရတယ်။ ၁၉၉၂ ခုနှစ် နှစ်လည်ပိုင်း။ ပထမ ကြေးမုံဦးသောင်း လာသင်ပေးဖို့ ဒါပေမယ့် မလာဖြစ်ပါ။ ဆရာဦးဝင်းအောင်နဲ့ သင်ဖြစ်တယ်။ ဗွီအိုအေ ဦးဝင်းအောင်ပါ။ ဆရာဦးဝင်းအောင်က ရန်ကုန်ကနေ ဘန်ကောက်ရောက်နေပြီး အမေရိကန် သွားဖို့ပြင်နေချိန် ကျနော်တို့ကို တလသင်တန်းပေးပါတယ်။ သတင်းရေးနည်း။ ဖတ်နည်း။ သတင်းကိုးကားဖို့ နောက်ခံသမိုင်းအချက်အလက် ရှာတာ၊ သတင်းသမိုင်း စသဖြင့်ပါ။ တခြားသတင်းထောက်ဝါရင့် (၂) ဦးကလဲ အချိန်ပိုင်း နဲနဲလောက်လာသင်ပါတယ်။ နေးရှင်းက မစ္စတာ မိုက်အီမိုးနဲ့ နေးရှင်းကဘဲ ဆရာရပ်ဘတ်ချိုတို့ဖြစ်ပါတယ်။ နေးရှင်းသတင်းစာတိုက်ကိုလဲ သွားလေ့လာခဲ့ကြပါတယ်။ အဲသည်နောက် ကျ နော်တို့ နယ်စပ်ကျောင်းသားဌာနချုပ် ဒေါင်းခွင်ကိုပြန်အရောက် ဒီဗွီဘီရေဒီယို စတင်လွှင့်တယ်။
၁၉၉၂ ခုနှစ် ဇူလိုင်လ ၁၉ ရက် တနင်္ဂနွေ မြန်မာသက္ကရာဇ် ၁၃၅၄ ခုနှစ်၊ ၀ါဆိုလပြည့်ကျော် ၅ ရက်မှာ ဒီဗွီဘီရေဒီယို စတင်ထုတ်လွှင့်တယ်။ ပထမ စတင်ထုတ်လွှင့်ချိန်မှာ တရက်တကြိမ် ည ၉ နာရီ ကနေစ ၂၅ မိနစ်သာ ထုတ်လွင့်ပါတယ်။ နောက်ပိုင်းကျမှ မနက်တနာရီ ည တနာ ရီဖြစ်လာပြီး ဒီနေ့အထိ တနေ့ (၂) နာရီ လှိုင်းတိုအဖြစ် ထုတ်လွှင့်နေဆဲပါ။ ဒီဗွီဘီ တီဗွီကိုတော့ ၂၀၀၅ ခုနှစ်မှာ စတင်ထုတ်လွှင့်ခဲ့ပါတယ်။
ဒီဗွီဘီရဲ့ အသံလွှင့်ရုံဌာနချုပ်ကို နော်ဝေးနိုင်ငံ၊ အော်စလိုမြို့မှာ ထားရှိခဲ့ပါတယ်။ ဒါဟာလည်း အဲ့သည်ကာလ စစ်အစိုးရရဲ့ဖိနှိပ်မှုကြောင့် စိတ်ချရတဲ့နေရာမှာ ထားရတာပါ။ ဒါပေမယ့် မြန်မာ့သတင်းတွေရရှိဖို့ ရုံးခွဲတွေထားရမှာတော့ ထိုင်း- မြန်မာနယ်စပ် အိန္ဒိယနဲ့ တရုတ် နိုင်ငံ တို့မှာ ထားခဲ့ရပါတယ်။ ထိုင်းမြန်မာနယ်စပ် ကေအင်န်ယူဌာနချုပ် (သို့မဟုတ်) တော်လှန်ရေးဌာနချုပ် မာနယ်ပလောမှာ ဒီဗွီဘီရုံးကို ထား ရှိခဲ့ပါတယ်။ ဒီဗွီဘီစတင်ထုတ်လွှင့်တဲ့ ၁၉၉၂ ခုနှစ်ကနေ ၁၉၉၆ ခုနှစ်အထိ အဝေးရောက်အစိုးရလို့ခေါ်တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုး သားညွှန့်ပေါင်းအစိုးရ (အင်န်စီဂျီယူဘီ) ရဲ့ ဦးစီးမှုအောက်မှာရှိခဲ့ပါတယ်။ အဲသည်တုန်းက ကျနော် အော်စလိုမှာ သွားရောက် တာဝန်ထမ်း ဆောင်ရတဲ့အခါ ရေဒီယိုအဖွင့်မှာ (ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ အသံလွှင့်ဌာန ဒီမိုကရက်တစ် မြန်မာ့အသံက စ တင်ထုတ်လွှင့်နေပါပြီ) ဆိုတာကို ကြေညာခဲ့ရပါတယ်။ ဒါပေမယ့် ၂၀၀၆ ခုနှစ်မှာတော့ ဒီဗွီဘီဟာ လွတ်လပ်တဲ့ အနှောင်အဖွဲ့ကင်းတဲ့ သ တင်းဌာနအဖြစ် ကြေညာခဲ့ပါတယ်။ အခုတော့ ဒီဗွီဘီ ၂၁ နှစ်သား ရှိခဲ့ပါပြီ။
ကျနော့်အနေ့ ကျောင်းသားတပ်မတော်သားဘ၀၊ ကျောင်းသားတပ်မတော် ပြန်ကြားရေးဌာနတာဝန်အရ ဒီဗွီဘီသတင်းထောက် လုပ်ရင်း က ဖြတ်သန်းခဲ့တဲ့ ၂၁ နှစ်အတွင်းမှာ မာနယ်ပလော၊ ဒေါင်းခွင်၊ ဖါပွန်နယ်၊ ထိုင်းနယ်စပ် မဲ့စရီးယန်း၊ ကယားပြည်နယ်၊ ကရင်နီ နယ်စပ်၊ မယ့်ဟောင်ဆောင်၊ မဲဆောက် မြို့ တွေကို အခြေစိုက်သတင်းတွေ စုဆောင်းထောက်လှမ်း ပေးပို့ခဲ့ရပါတယ်။ ၁၉၉၂ ခုနှစ်မှာ တနေ့  ၂၅ မိနစ်နဲ့ စခဲ့တဲ့ ဒီဗွီဘီဟာ ၂၀၀၂ ခုနှစ်လောက်မှာ တနေ့ တနာရီကို ကောင်းကောင်းလွင့်နိုင်နေပြီး အရင်က သတင်းတပုဒ် စာနဲ့ရေး ဖက်စ်နဲ့ ပို့ပြီးလွှင့်ခဲ့ကြရာက အီးမေးလ်၊ အင်တာနက်၊ အမ်ဒီ ခေါ် မီဒီဒစ်ဇ် အသံဖမ်းစက်တွေ သုံးနိုင်နေပါပြီ။ ဖလင်တလိပ်ကို ၃၈ ကွက်ပါတဲ့ ဖလင် လိပ်တွေသုံးပြီး ဒီဗွီဘီဝက်ဘ်ဆိုဒ်မှာ သတင်းစာမျက်နှာအပြင် အသံနားထောင်နိုင်ယုံအပြင် ဓါတ်ပုံတွေပါတင်လာနိုင်နေပါပြီ။ ကျနော်တို့လဲ ရေမြင့်ကြာမြင့်ဆိုသလို သတင်းပို့ သတင်းယူနည်းတွေ တိုးတက်လာခဲ့တယ်။
၂၀၀၅ ခုနှစ် တီဗွီစတင်ထုတ်လွှင့်အပြီး ၂၀၀၇ ခုနှစ် သံဃာ့တော်လှန်ရေးကာလမှာတော့ နအဖစစ်အစိုးရက မမြင်စေချင် မတွေ့ စေချင်ပေ မယ့် ပြည်သူတွေ မြင်လို သိလိုတဲ့သတင်းတွေကို ရေဒီယိုတင်မက တီဗွီကပါ ဝေေ၀ဆာဆာကြီး ထုတ်လွင့်နိုင်နေပါပြီ။ ၂၀၀၅ မှာ တီဗွီ စခဲ့ပြီးကိုး။ ဒါကြောင့် ဒီဗွီဘီဟာ အလျှင်အမြန် ကြီးထွားဖွံ့ ဖြိုးလာခဲ့သလို ခေတ်နဲ့အညီဖြစ်လာတဲ့ မာလ်တီမီဒီယာ သတင်းဌာနကြီး ဖြစ်လာ ခဲ့ပါပြီ။ ဒါပေမယ့် ၂၀၀၇ ခုနှစ်မှာ ဒီဗွီဘီ သတင်းထောက်တွေဟာ အမည်မဖေါ်ရဲသေးပါ။ ငါသတင်းထောက်ရယ်လို့ ထုတ်မပြောရဲပဲ လျှို့ဝှက် သတင်းပို့နေခဲ့ကြရတာပါ။ ဒါတောင်မှ၂၀၀၇ စက်တင်ဘာအပြီး ဒီဗွီဘီသတင်းထောက်တွေ အဖမ်းခံခဲ့ကြရပါတယ်။ ထောင်တွေ ထဲ နှိပ် စက်ညှင်းပမ်းခံခဲ့ရပါတယ်။ အခုခါမှာ အားလုံးပြန်လွတ်မြောက်ပြီး ဖြစ်ပါတယ်။ ဒီလို ပြည်တွင်းသတင်းထောက်တွေ ဒီဗွီဘီ ၀ိုင်းတော်သား တွေအဖို့ ထောင်နဲ့ အချုပ်နှုတ်ခမ်းမှာနင်းပြီး အလုပ်လုပ်နေရချိန် တဖက်မှာ ကျနော်တို့တောတွင်းနဲ နယ်စပ် ဒီဗွီဘီသတင်းထောက်များရဲ့ အခြေအနေကလဲ မလွယ်လှပါ။ ကျနော်ကိုယ်တိုင် ကြုံခဲ့သည်များကို အခုပြောပါမယ်။
အဲသည်ကာလက ထိုင်းနယ်စပ် အခြေစိုက် ဒီဗွီဘီသတင်းဌာနရုံးတွေ ထိုင်းရဲက၀င်ဖမ်းခဲ့တာ မကြာခဏ ရှိခဲ့ပါတယ်။ ဘန်ကောက် ဒီဗွီဘီ ရုံးတောင်မှ အဖမ်းခံခဲ့ရပြီး မြ၀တီကို ပြန်ပို့ခံခဲ့ရတဲ့အထိ အခြေအနေဆိုးခဲ့ပါတယ်။ နယ်စပ် မြန်မာဘက်အခြမ်းမှာလဲ ၁၉၉၃ ခုနှစ် ဒေါင်းခွင် စတူဒီယို ထူထောင်ပါတယ်။ အေဘီအက်စ်ဒီအက်ဖ် (ကျောင်းသားတပ်မတော်ဌာနချုပ်) မှာပါ။ ကျနော်တို့ဒေါင်းခွင် စတူဒီယိုက သတင်းတို၊ သတင်းရှည်တွေအပြင်၊ ရေဒီယိုဇတ်လမ်းတွေ၊ ဆောင်းပါး ဖတ်ကြားခြင်း အစီအစဉ်တွေ၊ တေးသီချင်း အစီအစဉ်တွေ၊ ရေဒီယိုဆွေးနွေး ၀ိုင်းတွေနဲ့ ပြည်သူတွေရဲ့ ပေးစားပြန်စာ အစီအစဉ်တွေ ထုတ်လုပ်ပါတယ်။ တိတ်ခွေနဲ့ အသံသွင်းအစီအစဉ်ကို အော်စလိုအရောက်ပို့ကြ ပါတယ်။ စဉ်းစားကြည့်ပါ။ ဖာပွန်မြို့နယ် နယ်စပ် ဒေါင်းခွင်ကနေ နော်ဝေးနိုင်ငံ၊ အော်စလိုမြို့ကိုပို့ရမယ့် ခရီးရှည်ပါ။ ဒါပေမယ့် ရောက်အောင် ပို့ ခဲ့ကြ အချိန်မီလွှင့်နိုင်ခဲ့ကြလို့  ဒီကနေ့ ၂၁ နှစ်သား ဒီဗွီဘီရယ်လို့ ဖြစ်လာတာလို့ တွေးမိပါတယ်။
အသံသွင်းတိတ်ခွေကိုပို့မယ့်ခရီးစဉ်အစ ဖါပွန်မြို့နယ်၊ ဒေါင်းခွင်ကနေ သံလွင်မြစ်ကို လှေနဲ့ တနာရီ ခွဲလောက် စုန်ဆင်း၊ သော်လဲထရွာ ရောက်၊ အဲသည်ကတဆင့် တောလမ်းကိုကားနဲ့ မဲ့စရီးယန်းထိုင်းမြို့ ကို ၃ နာရီလောက် မောင်းရပါတယ်။ အဲသည်ကနေ စာတိုက်နဲ့ တိတ် ခွေပို့ ၊ အော်စလိုရောက်ဖို့ ၃ ရက်က ၅ ရက်ကြာတယ်။ ဒီဗွီဘီအစ ဒေါင်းခွင်စတူဒီယို၊ မာနပလောစတူဒီယို၊ မဲဆောက် ရွှေဗဟိုလ်စည် စတူ ဒီယို၊ အိန္ဒိယနိုင်ငံ၊ နယူးဒေလီက စတူဒီယိုတွေမှာ အသီးသီးတာဝန်ယူခဲ့ကြသူတွေကို ဒီနေရာက သတိတရရှိနေပါတယ်။ ဒီနေ့ ၂၀၁၃ ဇူလိုင် ၁၉ ဟာ ဒီဗွီဘီ ၂၁ နှစ်ပြည့်မဟုတ်လား။

ဒေါင်းခွင်စတူဒီယို (ဒီဗွီဘီ) တွင် ရိုက်ထားသောပုံ ၁၉၉၃ ခုနှစ်ဘယ်စွန်လူသည် စာရေးသူဖြစ်သည်။
ဒေါင်းခွင်ကထွက်ခဲ့ကြတဲ့ ဒီဗွီဘီသတင်းထောက်လို့လဲ ပြောလို့ရတဲ့၊ ၀ိုင်းတော်သားတွေလို့လဲ ပြောနိုင်တဲ့သူတွေ အများကြီးပါ။ ဘီအယ်လ် စီရှေ့ နေအဖွဲ့ က ဦးအောင်ထူး၊ ကိုကျော်ကျော် (ဆယ်ပြား)၊ ကိုစိုင်းမြင့်သူ၊ ဆရာတင်ရွှေ (ကွယ်လွန်) ပြည်ပ ပြည်တွင်း နယ်စပ်နေရာ အသီးသီးကို ရောက်နေကြတဲ့ နိုင်ဝင်း၊ ကိုစိန်ဝင်း၊ အေးအေးခိုင်၊ မွှေးမွှေး၊ ကွယ်လွန်သွားတာ မကြာသေးတဲ့ ကိုမောင်မောင်ကြီး၊ ကနဦး ဒီဗွီဘီ သတင်းထောက်တွေဖြစ်ကြတဲ့ ကိုအောင်မျိုးမင်း၊ ကိုဇော်ထွန်း၊ အသံဖမ်း ကိုအောင်ဇော်မင်း၊ ကိုသားငယ်၊ ကိုဝလုံး (ရှေ့ တန်းကျဆုံး) စသဖြင့်  အားလုံးထည့်ရေးရင် မဆုံးနိုင်တဲ့ ဂမုန်းခိုင်ဆိုသလို အများကြီးပါ။ ဒီထဲမှာ ဘန်ကောက်စွမ်းအားမြှင့်ကျောင်းသားတွေ သံရုံးစီး သတင်းယူခဲ့သူ ကိုထက်အောင်ကျော်လဲပါတာပေါ့၊ ကိုစိုးဝင်းညို (ကွယ်လွန်)၊ နော်ဝေးက မခင်နှင်းထက်၊ နမ်းခမ်းကယောက်၊ မအေးအေး မွန်တို့လဲ ပါဝင်နေတယ်။ အထူးသဖြင့် ဒီဗွီဘီအစကနဦးမှာ ကျနော်နဲ့  လုပ်ဖေါ်ကိုင်ဖက်တွေက ဒေါင်းခွင်စတူဒီယိုက များပါတယ်။ အများစု အကုန်နီးပါးဟာလဲ ကျောင်းသားတပ်မတော်က ရဲဘော် ရဲမေတွေ ဖြစ်ပါတယ်။ အလေးစားဆုံးကတော့ ဒီဗွီဘီအစမှာ လခလုပ်ခမရပဲ လုပ် ခဲ့ကြတာ။ ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts