>Mi Tay Po’s words

>

မင်းဖြူမှန်မှန်ပြော
မိတေဖိုး
စက်တင်ဘာ ၁၀၊ ၂၀၀၈


`မင်းဖြူမှန်မှန်ပြော´ ဆိုတာ မြန်မာ့ ရှေးဟောင်း အမွေအနှစ် ကမ္ဘာ့ ဒုတိယ အကြီးဆုံး မင်းကွန်း ခေါင်းလောင်းကြီးမှာ ရေးထိုးထားတဲ့ စာဆိုတာ အားလုံး နီးပါး သိမှာပါ။ ဒါပေမဲ့ လူတွေ တော်တော်များများက မှားယွင်းပြီး `မမင်းဖြူမှန်မှန်ပြော´ လို့ ပြောတတ်ကြပါတယ်။ (ဆရာ မင်းသိင်္ခ ရေးခဲ့တဲ့ ၀တ္ထု ခေါင်းစဉ်နဲ့ မှားယွင်း ရောထွေး သွားတာလည်း ဖြစ်နိုင်ပါတယ်) ဒါပေမဲ့ အဲသည်အမှားဟာ တော်တော် ဆိုးရွားပါတယ်။

ဒီနှစ် ၂၀၀၈ ခု သြဂုတ်လ(၃)ရက်နေ့ ညနေ(၃) နာရီမှာ မင်းကွန်း ခေါင်းလောင်း ကြီးဟာ ချိတ်ဆွဲထားတဲ့ မျက်နှာကျက် ကနေ အောက်ကို ပြုတ်ကျ သွားပါတယ်။ လူတွေလည်း နမိတ် အမျိုးမျိုး ကောက်ကြပါတယ်။ ဒီသတင်းကို ထုတ်လွှင့်တဲ့ သတင်းဌာန တချို့က မင်းကွန်း ခေါင်းလောင်းကြီးမှာ ရေးထိုးထားတဲ့စာကို မမင်းဖြူမှန်မှန်ပြော လို့ ဖတ်သွားတာ ကြားလိုက်တော့ ကျမ ဒီစာကို ရေးချင်စိတ် ဖြစ်မိပါတယ်။ သိပြီးသားတွေ ဆရာလုပ်တယ်လို့ ထင်ချင်ရင်လည်း ထင်ခွင့်ရှိပါတယ်။

ကျမတို့ ရှေးမြန်မာ ပညာရှင်ကြီးတွေဟာ ကိန်းဂဏန်း အက္ခရာတွေနဲ့ မြန်မာဗျည်း အက္ခရာတွေကို နေ့တွေနဲ့ ကြားခံပြီး ဆက်စပ်မှု ပြုတဲ့နည်းကို တီထွင်ခဲ့ပါတယ်။ အထင်ကရ ကိန်းဂဏန်းတွေ ခုနှစ်သက္ကရာဇ်တွေကို မှတ်သားရာမှာ ဒီနည်းကိုသုံးပြီး ရွတ်ဆိုလို့ ကောင်းတဲ့ စာချိုးလေးတွေနဲ့ လက်ဆင့်ကမ်း ထားခဲ့ပါတယ်။ ကွန်ပျူတာ နည်းပညာတွေ မထွန်းကားစဉ်က လူတွေရဲ့ အတတ်ပညာနဲ့ အသိဥာဏ် အားသာခဲ့တဲ့ အချက်လို့ ကောက်ချက်ချရင် ရမယ် ထင်ပါတယ်။ ဖတ်မိတဲ့ သူတွေထဲမှာ ဒ်ီနည်းကို မသိတဲ့သူ တယောက်တလေများ ပါခဲ့ရင် သိအောင်လို့ ဗဟုသုတလေးမျှပါရစေ။ နှစ်သက်စရာ ထိန်းသိမ်းထားသင့်တဲ့ အတတ်ပညာ တခုလည်း ဖြစ်တယ်ထင်လို့ပါ။

မြန်မာဗျည်း အက္ခရာ (၃၃) လုံးကို ရေးထုံးစည်းကမ်းအရ (၅) လုံးစီ တတန်း ရေးရပါတယ်။ အဲသည်မှာ ဗျည်းနဲ့ နံပါတ်ကို နေ့ ကြားခံပြီး ဆက်စပ်ထားတာက ဒီလိုပါ…


မှတ်ချက်။ ။ ဠ(လကြီး)သည် အသံထွက်အရ ဗုဒ္ဓဟူး – နံပတ် ၄ ဖြစ်ပါသည်။

မြန်မာပြည်ရဲ့ ယဉ်ကျေးမှုအမွေ ပုဂံ ဘုရား ပုထိုးစေတီတွေဟာ အဆူပေါင်း လေးသန်း ကျော်ရှိပါသတဲ့။ ဘယ်လောက်များသလဲဆိုရင် တနေရာမှာ ရပ်ပြီး ကြိုက်တဲ့ဘက်ကို လက်ညှိုး ထိုးလိုက် ဘုရားစေတီတွေနဲ့ မလွတ်ဘူးတဲ့။ အဲလောက်များတဲ့ ဘုရားပုထိုးစေတီ အရေအတွက်ကို မှတ်မိလွယ်အောင် `လှည်းဝင်ရိုးသံ တညံညံ၊ ပုဂံဘုရားပေါင်း´ လို့ စာချိုးခဲ့ပါတယ်။ အပေါ်က တွက်နည်း အတိုင်း ကြည့်ရင် `လှည်းဝင်ရိုးသံ တညံညံ´ ဆိုတာ ဂဏန်း အရေအတွက်နဲ့ (၄၄၄၆၇၃၃) ပါ။ အဓိပ္ပာယ်ကလည်း ဘုရားဖူးလာတဲ့ လှည်းတွေ မပြတ်ဘူးဆိုတဲ့ သဘောပါ။ နောက်တခါ ငလျင် အကြီးအကျယ် လှုပ်လို့ ပုဂံဘုရားတွေ ပြိုကျခဲ့ရတဲ့ အရေအတွက် ကိုလည်း `ရွှေလသာ ၀ါဝါ၀င်း ၊ဘုရားရေသောက်ဆင်း´ လို့ မှတ်သားထားခဲ့ပါတယ်။ `ရွှေလသာဝါ၀ါဝင်း´ ဆိုတော့ (၄၄၆၄၄၄)ဆူပေါ့။ ဘုရားတွေ မြေခ ..တချို့ ဧရာဝတီမြစ်ထဲ ပြိုကျကုန်တာကို တင်စားပြီး ဘုရား ရေသောက်ဆင်းတယ်လို့ စပ်ခဲ့ပါတယ်။ အဓိပ္ပာယ်လည်းရှိ မှတ်လည်း မှတ်မိစေတဲ့ စာတွေပါ။ မန္တလေးမြို့ တည်ခဲ့တဲ့ ခုနှစ်ကိုလည်း `အုတ်ကျစ်ကျော်အေး၊ မန္တလေး´ လို့ မှတ်သားခဲ့ပါတယ်။ `အုတ်ကျစ်ကျော်အေး´ ဆိုတော့ (၁၂၂၁) ခုနှစ်ပေါ့။ မန္တလေး မြို့တည်ရာမှာ အုတ်လုပ်တဲ့သူက ဦးကျော်အေးမို့ အဲလို စပ်ခဲ့ တာလားတော့ မသိပါ။ (သိတဲ့သူများ ရှိရင် ပြောပြ ပေးပါလား) ဒါပေမဲ့ မှတ်မိ နေစေတာတော့ အမှန်ပါ။

ဥပမာတွေတော့ အများကြီး ရှိပါသေးတယ်။ ဒါပေမဲ့ မင်းကွန်း ခေါင်းလောင်းကြီးမှာ ရေးထွင်းထားတဲ့စာကို ပြောချင်တာမို့ တခြား စာတွေကို မပြောပြတော့ပါဘူး။ `မင်းဖြူမှန်မှန်ပြော´ ဆိုတာ မင်းကွန်း ခေါင်းလောင်းကြီးမှာ အသုံးပြုထားတဲ့ ကြေးပိဿာချိန်ကို မှတ်သားထားတာပါ။ အလေးချိန် (၅၅ ၅၅၅) ပိဿာ ရှိပါတယ်တဲ့။ အဓိပ္ပာယ် ကလည်း မင်းကောင်းမင်းမြတ် ဖြူစင်တဲ့ မင်းတွေဟာ စကားကိုမှန်ကန်စွာ ပြောရမယ်ဆို တဲ့ အဓိပ္ပာယ် ဖြစ်လိမ့်မယ်လို့ ယူဆမိပါတယ်။ ခေါင်းလောင်းကြီးမှာ ဖျက်လို့ မရတဲ့ စာအနေနဲ့ အသေအချာကို ထွင်းပြီး သတိပေးထားတာပါ။ ရှေးမြန်မာ လူကြီးတွေ ဘာလုပ်လုပ် အဓိပ္ပာယ်မဲ့ စာဖြစ်ပြီးရော ရေးသွားတာမျိုး မဟုတ်လောက်ဘူး လို့ ထင်ပါတယ်။ အဲဒါကို `မမင်းဖြူမှန်မှန်ပြော´ လို့ မှားယွင်း ပြောဆိုနေကြမယ် ဆိုရင်တော့ အလေးချိန် အရေအတွက်လည်း မှားယွင်းသွားမှာဖြစ်သလို မမင်းဖြူကို အမှုစစ်နေတဲ့ အဓိပ္ပာယ်မျိုး ရောက်သွား ပါလိမ့်မယ်။ ဒါကြောင့် ကျေးဇူးပြုပြီး အသေးအမွှားမို့ ဆိုကာ အလေးမထားဘဲ မမှားကြပါနဲ့ လို့ တောင်းပန်ပါရစေ။

အကြောင်း တိုက်ဆိုင်လို့ ဟိုအရင်တုန်း ကတည်းက အပျင်းပြေ ဆွဲထားတဲ့ ကာတွန်းလေးကိုပါ တင်ပေးလိုက်ပါတယ်။


Photobucket


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts