>Khayampya Htetlu’s poem 1

>

ကြာနေပြီ နာရီတွေလည်း ကြည့်ဦး

ခရမ်းပြာထက်လူ

စက်တင်ဘာ ၂၊ ၂၀၀၈

ငါရောက်နေတာကြာပြီ

ကြာသလောက် ကြောက်စရာကောင်းတဲ့လောက

ပယောဂနဲ့ ပရောပရီ

ငါးခုံးမတစ်ကောင်ကြောင့်လည်း

ကမ္ဘာ့မြေပုံပေါ်က ငါလွင့်စင်

တကိုယ်ရေ တကာယ လင့်စင်ထိုးပြီးလည်း နေခဲ့ရ

မြောက်တစ္ဆေ၊ တောင်တစ္ဆေ

ဒုတိယကမ္ဘာစစ်၊ အဖေတို့ဖြစ်ခဲ့သလို

ညည အင်္ကျီအသစ်ကလေးဝတ်ပြီး အိပ်ရ

စိတ်မချရ

ဓာတ်ကြီး ၄ပါးကို နတ်ကြီး ၄ပါးလည်း မကယ်နိုင်

မရှုနဲ့၊ လေထုကိုလည်း မထိန်းထားနိုင်

ငါ့ကို နှင်ထုတ်နေတာ အချစ်လား စစ်လား

အပြစ်တွေ ပြောမနေနဲ့ ဂျင်းပင်လ်ထဲမှာ

ဂျက်မထိုးထားတဲ့ အသွေးအသား တအားမောင်းထွက်လာလိမ့်မယ်

လူငယ်ဟာ လူလည်မဟုတ်ဘူးလို့ အာခံ

ကမ္ဘာကိုလည်ချင် ပတ်ချင် ကယ်ချင်တဲ့စိတ်ကူး

ကောင်းကင်ကို တူးဆွ မြေကြီးမှာ မျိုးချမယ်

ဟိုက၀င်တိုက် ဒီက၀င်တိုက်

အတိုက်ခံရမှာပဲ လောကဓံဆိုတာ ၈ပါးတောင်

ရှောင်လို့မရ

တင်းနစ်ရိုက်သလို စကဒ်တွေ ရင်သားတွေ

ကော့လန် ကန်ထွက်နေသလို ဘယ်လိုမှ ကြည့်မလှ

တိုက်ပွဲဆိုတာ မင်းသိမှာပါ၊

ခိုအိမ်ထဲ ခွေခေါက်နေတဲ့ သိန်းသန်းကုဋေ

ဘယ်လိုချိုးချိုး မကျိုးတဲ့အပိုးတွေ

“မင်း ခွေးစကား မပြောနဲ့”

ငွေစကားတော့ ပြောရမယ်

ညည်းလိုက်ညူလိုက် ညဥ့်နက်တဲ့အထိ

ညံနေတာ ညံ့နေအောင် ညည်းမအိပ်သေးဘူးလား၊

မပြောနဲ့ အခြေအနေက ခြေချလို့မရအောင်

ခေါင်းနဲ့ခေါင်းအုံး ထိတွေ့ ဆက်ဆံလို့ မရအောင်

အလုပ်က မဆိုးပါဘူး၊ ဆိုးတာက အရက်မြည်းရတဲ့တာဝန်

တာဝန်ကတာဝန် တွန့်ခေါက်နေလို့မရ

တောက်ခေါက်နေရင် တာထွက်လို့မရ

စား ၀တ် သေ ရေး

ခုတော့ ဆေးဖြစ်ဝါးဖြစ်နဲ့ ဘေးဖြစ်သွားတဲ့ နေရေး

ဒီလိုသောက်ရင်း စားရင်း ပျောက်ရှ တံခါးပေါက်တွေ

သောက်ရေခွက်ထဲမှာ သေရည်တွေ

သေရင် ငါ့အရိုး၊ မီးလှုံလိုက်

လိုက်မဖမ်းနဲ့တော့ ဓာတ်လိုက်နေပြီ

ဒါနဲ့ ကာမ မှားယွင်း ထိုးဆင်းသွားပြီ

ထိုးထွင်းသိမြင်ခြင်းမရှိ

ပြောနေပြီ ပြေးနေပြီ ပြာနေပြီ

ရယ်ရွှင်ဘွယ် တပွေ့တပိုက်နဲ့ စိုက်နေပြီ

မကိုက်ဘူး မကိုက်ဘူးနဲ့ ကိုက်ထားလိုက်တာ

ရောက်ကတည်းက လူဟာ လူနဲ့မတူ

အပူလုံးကြီး ခြေလက်တပ်ထားသလို

နေအစိုင်အခဲများ ဖြာထွက် ဖြန့်ကျက်ထားသလို။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts