>World News in Variety and Brief

>

ထူးထူးခြားခြား ကမ္ဘာတလွှား၊ နိုင်ငံတကာသတင်း တိုထွာ

မိုးမခ အထောက်တော် ၀၀၈

သြဂုတ် ၃၀၊ ၂၀၀၈


စပိန်နိုင်ငံမှ ခရမ်းချဉ်သီး ပစ်ပေါက်ပွဲ

(သြဂုတ် ၂၈၊ အေအက်ဖ်ပီသတင်း)

သြဂုတ်လ ၂ရ ရက်နေ့မှာ စပိန်နိုင်ငံရဲ့ Bunol မြို့လေးမှာ နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့ Tomatina ခေါ် ခရမ်းချဉ်သီးပစ်ပွဲကို ပြုလုပ်ခဲ့ပါတယ်။ လူဦးရေ ၉ ထောင်ကျော်လောက်သာရှိတဲ့ ဒီမြို့လေးကို နိုင်ငံအသီးသီးက ပရိသတ် ၄ သောင်းခန့် လာရောက်ဆင်နွှဲခဲ့ကြတယ်လို့ သိရပါတယ်။


ပွဲတော်မှာ လူတွေက ထရပ်ကားကြီးတွေနဲ့ သယ်ယူလာတဲ့ ခရမ်းချဉ်သီးများကို တဦးနဲ့ တဦး ပစ်ပေါက်ကြကာ လမ်းများဟာ ခရမ်းချဉ်သီး အရည်များနဲ့ဖုံးလွှမ်းနေပါတော့တယ်။


Tomatina ပွဲတော်ကို နှစ်စဉ် သြဂုတ်လရဲ့ နောက်ဆုံး ဗုဒ္ဓဟူးနေ့မှာ ကျင်းပပါတယ်။ ဒီ ပွဲတော်ပေါ်ပေါက်လာတဲ့ သမိုင်းကို မည်သူကမျှ အသေအချာ မသိကြပါဘူး။ အများစု လက်ခံထားတာက ၁၉၄၄ လောက်မှာ လူငယ်တွေ အချင်းချင်း ရန်ဖြစ်ကြပြီး ခရမ်းချဉ်သီးတွေနဲ့ ပစ်ပေါက်ခဲ့ရာမှ စတင်ခဲ့တယ်လို့ ဆိုပါတယ်။


မျက်နှာကိုဖုံးထားသည့် အမျိုးသမီးအား ပြတိုက်မှနှင်ထုတ်

(သြဂုတ် ၂၈၊ ရိုက်တာသတင်း)

မျက်နှာဖုံးစွပ်ထားသဖြင့် ပြတိုက်အစောင့်တဦးက နှင်ထုတ်ခဲ့သည့် မွတ်ဆလင် အမျိုးသမီးတဦးကို အီတလီ ဗင်းနစ်မြို့ပတိုက် ဒါရိုက်တာ Filippo Pedrocco က ဗုဒ္ဓဟူးနေ့တွင် တောင်းပန်လိုက်ပြီး၊ ပြတိုက်ကို အချိန်မရွေး လာလည်နိုင်ပါကြောင်း အသိပေးလိုက်သည်။


အဆိုပါ မွတ်ဆလင်အမျိုးသမီးသည် ခင်ပွန်းသည်အပါအ၀င် ကလေးများနှင့်အတူ ဗင်းနစ်ရှိ Ca’ Rezzonico ပြတိုက်ကို ပြီးခဲ့သည့် တနင်္ဂနွေနေ့က လည်ပတ်ခဲ့ရာ အ၀င်ဝကတည်းက အစစ်အဆေးခံပြီး ပြတိုက်ထဲ ၀င်ရောက်ခဲ့ခြင်းဖြစ်သည်။ ပြတိုက် ဒုတိယအထပ်သို့ ရောက်သောအခါ အစောင့်တဦးက မျက်နှာဖုံးမချွတ်လျင် ပြတိုက်မှ ထွက်ခွာရမည်ဟု ပြောဆိုခဲ့သည်။ သူမက မျက်နှာဖုံးချွတ်ရန် ငြင်းဆန်ပြီး ပြတိုက်ထဲက ထွက်ခွာခဲ့ကြောင်း သိရသည်။


၁၉၇၀ နှစ် နောက်ပိုင်း အကြမ်းဖက်သမားများရန်က ကာကွယ်သည့် ဥပဒေ အရ အီတလီတွင် အများပြည်သူများရှေ့၌ မျက်နှာကို ဖုံးအုပ်သည့် အ၀တ်အစားကို ပိတ်ပင်ခဲ့သော်လည်း ဘာသာရေးအရ အမျိုးသမီးများ မျက်နှာ ဖုံးအုပ်ထားခြင်းကို အထူးကန့်ကွက်ခြင်း မရှိခဲ့ကြပေ။ အဆိုပါကိစ္စနှင့် ပတ်သက်၍ အီတလီလူမျိုးအချို့က ပြတိုက်အစောင့်ကို သူရဲကောင်းကြီး သဖွယ် သတ်မှတ်ကြကြောင်း သိရသည်။

ကမ္ဘာကျော် ပီဆာ မျှော်စင် ကို စိန်ခေါ်မည့် နောက် မျှော်စင်တခု

(သြဂုတ် ၂၈၊ ရိုက်တာသတင်း)

နယ်သာလန်နိုင်ငံ မြောက်ပိုင်း Bedum မြို့လေးရှိ လူသိနည်းသော ၁၂ ရာစု ခေတ်မှ အဆောက်အဦတခုသည် ဥရောပ၌ အတိမ်းစောင်းဆုံးသော မျှော်စင်ဖြစ်သည်ဟု ဂျီသြမေတြီ ပညာရှင် Jacob van Dijk က ပြောကြားလိုက်သည်။ ယခုတပတ်အတွင်း တိုင်းထွာချက်အရ Bedum မြို့ ရှိ အမြင့် ၃၅.ရ မီတာ ရှိ Walfridus မျှော်စင်သည် ၂.၆၁ မီတာ တိမ်းစောင်းနေပြီး၊ အမြင့် ၅၅.၈၆ မီတာမြင့်သော ပီဆာမျှော်စင်သည် ၄ မီတာ တိမ်းစောင်းနေသည်။ အကယ်၍ ထိုမျှော်စင် ၂ခုသည် အမြင့် အတူတူဖြစ်ပါက နယ်သာလန်၏ Walfridus မျှော်စင်သည် ၆ စင်တီမီတာ ပိုမို တိမ်းစောင်းနေမည်ဟု အဆိုပါ ပညာရှင်က ထုတ်ဖော်ခဲ့သည်။

စည်းကမ်းမဲ့ လမ်းဖြတ်ကူးသူများကို အရှက်ကွဲစေမည့် ရှန်ဟဲရဲများ၏နည်းလမ်း

(သြဂုတ် ၂၇၊ ရိုက်တာသတင်း)

သတ်မှတ်ထားသည့် လမ်းဆုံ လမ်းခွများ၌ စည်းကမ်းမဲ့ လမ်းဖြတ်ကူးသည့် ခြေလျင်လျှောက်သူများ၊ ဆိုင်ကယ်၊ စက်ဘီးစီးသူများ အားလုံးကို ဖမ်းဆီးပြီး သူတို့၏ ဓာတ်ပုံများကို သတင်းစာ၊ ရဲ တီဗွီ အထူးသတင်းများတွင် ဖေါ်ပြသွားမည် ဖြစ်ကြောင်း ရှန်ဟဲ ဒေးလီး သတင်းစာ၌ ဖော်ပြထားသည်။


အဆိုပါ အစီအစဉ်သည် သာမန် လမ်းစည်းကမ်း ချိုးဖောက်သူတဦးအတွက် လွန်ကဲသည့် ဒဏ်ခတ်မှု ဖြစ်သည်ဟု တရုတ် ရှေ့နေများအဖွဲ့က ဝေဖန်ပြစ်တင်လိုက်ပြီး ရှန်ဟဲ ရဲတပ်ဖွဲ့ကို တန်ပြန် တရားစွဲမည်ဟု တုန့်ပြန်လိုက်သည်။


တရားဥပဒေ၏ အရေးအကြီးဆုံးသော အချက်မှာ ပြစ်ဒဏ်သည် ကျူးလွန်သည့် ပြစ်မှု အရွယ်အစားနှင့် လိုက်ဖက် ကိုက်ညီမှု ရှိရမည်ဟု ရှန်ဟဲ မြို့ခံ ရှေ့နေတဦးဖြစ်သူ Liu Chunquan က ပြောကြားသည်။



ဟင်းချက်သည့်ဆီကိုသာ သုံးသည့် ဥရောပ ကားပြိုင်ပွဲ

(သြဂုတ် ၂ရ ၊ ရိုက်တာသတင်း)

အကုန်ကျ သက်သာပြီး ပတ်ဝန်းကျင်ကိုလည်း ကာကွယ်စေမည့် အစားထိုး လောင်စာဆီ အသုံးပြုမှုကို အာရုံစိုက် သတိပြုမိစေရန် ရည်ရွယ်ချက်ဖြင့် ဟင်းချက်ရာမှစွန့်ပစ်ထားသော ဆီ အကြွင်းအကျန် တမျိုးတည်းသာ အသုံးပြုလျက် အသင်း ၈ ဖွဲ့ ပါဝင်ခဲ့သော လန်ဒန် မှ အေသင် မိုင်၂၅၀၀ ခရီးရှည် ကားမောင်းပြိုင်ပွဲသည် သြဂုတ်လ ၂၇ ရက်နေ့ က ပြီးဆုံးခဲ့သည်။


“Grease to Greece” ဟု ခေါ်ဆိုသည့် ကားပြိုင်ပွဲကို လန်ဒန်မှ အသက် ၃၄ နှစ်အရွယ်ရှိ Andy Pag က ဦးဆောင်ခဲ့ပြီး ၁၀ ရက်ကြာ ဥရောပကို ဖြတ်မောင်းသည့် ခရီးတလျှောက်၌ စားသောက်ဆိုင်မျိုးစုံမှ စွန့်ပစ်သည့် စားသုံးဆီများကို တောင်းခံ အသုံးပြုခဲ့သည်ဟု သိရသည်။


“ စားသောက်ဆိုင်တိုင်းက သူတို့မသုံးတော့တဲ့ ဆီအဟောင်းတွေကို ရက်ရက်ရောရော ပေးကြပါတယ်။ သူတို့ ပစ်ရတော့မယ့် အမှိုက်ကို ကျနော်တို့က သိမ်းပေးသွားတာကိုး ” ဟု Andy Pag က ရိုက်တာသတင်းကို ပြောပြခဲ့သည်။


ပြိုင်ပွဲ ပြီးဆုံးသည့် ဗုဒ္ဓဟူးနေ့၌ အေသင်ရှိ ဗြိတိသျှသံရုံးတွင် သံအမတ် Simon Gass က အနိုင်ရရှိသည့် အသင်းကို အခမ်းအနားဖြင့် ဆုချီးမြှင့်ခဲ့သည်ဟု သိရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts