Uncategorized

message for fans in Maung Wuntha Facebook page

Facebook ပရိသတ်အတွက် မောင်ဝံသ အခြေအနေ သတင်းပေးပို့ချက်
လွတ်လပ်စိုး
ဇူလိုင် ၂ဝ၊ ၂ဝ၁၃

 

ဖေဖေ့ရဲ့ လက်ရှိကျန်းမာရေးအခြေအနေ(၁၉.၇.၂၀၁၃၊ အာဇာနည်နေ့)

ဒီနေ့ဟာ အားလုံးသိကြတဲ့အတိုင်း မြန်မာပြည်သူပြည်သားတွေအတွက် အမှတ်တရအရှိဆုံးနေ့တစ်နေ့ဆိုတာ ပြောစရာမလိုပါဘူး။

ဖေဖေ့အတွက်လဲ ဒီနေ့ဟာ အမှတ်တရရှိနေမယ့် နေ့တစ်နေ့ပါပဲ လို့ ဖေဖေက ပြောပါတယ်။ ဘာကြောင့်ပါလဲ…။

ဖေဖေက သူ ပြောချင်တာကို ပြောဖို့တောင် မလွယ်ကူတဲ့အခြေအနေကနေ ဒီနေ့တော့ ………
ပြောချင်လွန်းလို့ ဆောင်းပါးချုပ်အတွက် ဆေးရုံပေါ်က အမှာစာကို သမီးကြီး ထိုက်ကို နှုတ်တိုက်ချပြီး ရေးနိုင်ပါပြီ။
ဆောင်းပါး စာမူတွေ စာစီထားတာကိုလဲ ပရုပ် အချောဖတ်ပြီးသွားလို့ ဒီနေ့ အလုပ်တွေ အများကြီး ပြီးသွားတာ စိတ်ထဲမှာ ကျေနပ်လိုက်တာလို့ ပြောပါတယ်။
 ပြီးတော့ အာဇာနည်နေ့မှာ ရေးဖြစ်တာမို့ အမှတ်တရ ပိုဖြစ်တယ်ဆိုပြီး ၀မ်းသာနေပါတယ်။
ဦးနှောက်အလုပ်လုပ်ရတာ အရမ်းများမှာစိုးလို့ နောက်နေ့တွေမှ ဆက်လုပ်ပါပြောတာကို ဇွဲအရမ်းကောင်းတဲ့ ဖေဖေက လက်မခံဘဲ အပြီးလုပ်ပါတယ်။

လေးချောင်းထောက် အကူအညီနဲ့ ဖြေးဖြေးချင်း လမ်းလျှောက်ကျင့်နိုင်လာပေမဲ့ ညာဘက်လက်က ကီးဘုတ်ကို မနှိပ်နိုင်သေးတာကိုတော့ မချင့်မရဲဖြစ်နေလို့ ရေးချင်တာတွေကို ပါးစပ်က အခုလိုမျိုး ပြောပြီး တယောက်က လိုက်ရေးပေးတာမျိုးနဲ့ ပြောချင်လွန်းလို့ကို ပြန်ရေးနိုင်တော့မှာလို့ အားပေးရပါတယ်။
ဒီနေ့ရဲ့ တိုးတက်မှုကို ပရိသတ်တွေကို အသိပေးပါဆိုလို့ FB ကနေတဆင့် အသိပေးလိုက်ပါတယ်။


ဖေဖေ့ရဲ့ လက်ရှိကျန်းမာရေးအခြေအနေ(၁၈.၇.၁၃)

မနေ့က ဖေဖေ့ဆီ နဲနဲလေး စောပြီး ရောက်တယ်။
ရောက်ရောက်ချင်း အခန်းထဲ ၀င်တော့ ဖေဖေ့က အိပ်ရာပေါ်မှာ လှဲလျက်ရှိနေတယ်။
ဖေဖေက မြင်မြင်ချင်း ဟာ သမီး….တဲ့။ ဖေဖေ့လက်ကို ကိုင်ပြီး ဆုပ်နယ်ပေးနေတုန်း ဖေဖေက သမီးနဲ့ မတွေ့ရတာ ကြာပြီတဲ့။ မြေးလေးရော နေကောင်းရဲ့လားတဲ့။ တရက်လောက် ခေါ်လာပါလားတဲ့။

ဒီရက်ထဲ ကိစ္စ၀ိစ္စတွေ များစွာကြား နစ်မြုပ်ရင်း ဖေဖေ့ဆီ မရောက်တာ ရက်အနည်းငယ်ရှိသွားပြီလေ။
မောင်နှမတွေ ရောက်တုန်းဆိုတော့ အိမ်ကနေ လိုတာလုပ်ပေးရင်း ဖေဖေ့သတင်းကို
နားထောင်နေခဲ့တာကိုး။

အမထိုက် ပြောပြချက်အရ ဖေဖေ သက်သာတယ်ဆိုတာကို သိထားတော့ တော်တော် ၀မ်းသာမိပါတယ်။ စိတ်လဲ ချမိပါတယ်။
တကယ်တမ်း ဖေဖေ့ကို တွေ့လိုက်ရတော့ ထင်ထားတာထက် ပိုပြီး လန်းလန်းဆန်းဆန်း ဖြစ်နေတာကို မြင်ရတဲ့အခါ တော်တော်လေး အားတက်မိတယ်။

ဖေဖေက ထမင်းလဲ တော်တော်စားနိုင်တယ်။ ညာဘက်လက်ဖျားလေးလဲ လှုပ်နိုင်တယ်။
လေးချောင်းထောက်နဲ့ လမ်းလျှောက်စကျင့်နေပြီလို့ ပြောတယ်။

ဖေကြီး သားသမီးတွေ ရောက်လာလို့ မီးမီးကို မေ့နေပြီ ထင်လို့ မလာတာဆိုတော့
အော် သားသမီးတွေလာတော့ အားရှိတာပေါ့ ဒါပေမယ့် မမေ့ပါဘူးတဲ့။

ဖေဖေက စကားလဲ တော်တော်လေး သွက်အောင် ပြောနိုင်လာတယ်။ ဖေဖေ့ ငယ်သူငယ်ချင်းဦးမြင့်မောင်မောင် တောင်ကြီးက ဖုန်းဆက်တာတောင် ပြန်ပြောနိုင်နေပြီ။

ဦးမျိုးမြင့်ညိမ်းပေးလိုက်တဲ့ ပဲ့တင်သံဂျာနယ်ကိုလဲ ခေါင်းအုံးလေး လက်အောက်က ခုပြီး ပေးထားလိုက်တာ စိတ်ဝင်တစား ဖတ်နေသေးတယ်။
စာဖတ်လို့ မရဘူးဆိုပေမယ့် မောင်လေးဆရာဝန်က ပြောတယ်လေ…တသက်လုံး ဒီလို နေလာတဲ့သူတစ်ယောက်က အခြား ဘာမှ စိတ်မ၀င်စားဘူး။ သူ စိတ်ဝင်စားတဲ့ အရာနဲ့မှ ပြန်ပြီး ထူမတ်မှာတဲ့။ ဒါကြောင့် သင့်ရုံလောက်တော့ ခွင့်ပြုပေးထားတယ်တဲ့။

ဖေကြီးရဲ့ ထူးခြားချက်တစ်ခုက နေ့စွဲတွေ အကြောင်းအရာတွေကို တခုချင်း စနစ်တကျ သူ့အကန့်နဲ့သူ မှတ်မိနေတတ်တာပါ။ ကျမတို့နဲ့များ ကွာပါ့။

ကျမတို့ကို ဖေဖေက တခု လုပ်ခိုင်းရင် တခုမဟုတ် တခု လိုနေတတ်တယ်။ အရည်အချင်းကလဲ မိုးနဲ့မြေလို ကွာတာကိုး….နော။
ဒါဆို ဖေဖေက ရှင်ဘုရင်က ခွေးကြည့်ခိုင်းသလို မလုပ်နဲ့လို့ ပြောပါတယ်။
ဒါကြောင့် တခုခုဆို အချက်အလက် မစုံပဲ ဘာမှ မပြင်ဆင်ထားပဲ အကြောင်းအရာတစ်ခုကို ဖေဖေ့ရှေ့ ချမပြရဲပါဘူး။ သွားမမေးရဲပါဘူး။

ဖေဖေ ခိုင်းထားတဲ့အလုပ်ကို ဖေဖေ့ဆီ မသွားခင် တ၀က်လောက်ပြီးထားမှပဲ သွားရဲပါတယ်။ မေးလိုက်တဲ့အခါ ဒိုးဒိုးဒေါက်ဒေါက် မဖြေနိုင်ရင် သူ့ဆီက question တွေ တရစပ်ထွက်လာတဲ့အခါ မျက်စိသူငယ်နားသူငယ်ဖြစ်လွန်းလို့ပါ။

ဘာပဲပြောပြော မနေ့ညက အပျော်တ၀က်နဲ့ အိမ်ပြန်လာခဲ့ရပါတယ်။

 ဖေဖေရဲ့ တိုးတက်လာသောကျန်းမာရေးအခြေအနေ (ဇူလိုင် ၁၂ )

ဖေဖေ့ဆီ ဒီနေ့ မရောက်ဖြစ်ပေမယ့် အမဖြစ်သူ ထိုက်ရဲ့ ပြောပြချက်အရ ဖေဖေ ဒီနေ့ speech therapist လာတော့ စကားတော်တော်လေး ပြောဖြစ်တယ် လို့ ပြောပါတယ်။

ပြောဖြစ်လိုက်တဲ့အကြောင်းလေးက စိတ်ဝင်စားဖို့ကောင်းပါတယ်။
မနေ့ကအထိ ဖေဖေ့ကို ရုပ်ပုံတွေ အခန်းထဲမှာရှိတဲ့ လူ့အသုံးအဆောင်တွေကို သုံးပြီး ပစ္စည်းတွေရဲ့ အမည်ကို ပြောပြခိုင်း၊ အသုံးဝင်ပုံတွေကို ပြောပြခိုင်းပါတယ်။

တခု ထူးခြားတာက ဖေကြီးက ပစ္စည်းအချို့ကို english လို ပြောထွက်တာ မြန်တယ်လို့ သိရပါတယ်။ ပန်ကာကို ပြတော့ stand fan လို့ ပြောတယ်တဲ့။
ဒါကိုတော့ ကျမ ယုံပါတယ်။ ဘာသာပြန်စာရေးဆရာဖြစ်တဲ့ ဖေဖေရဲ့အကျင့်လေးတစ်ခုကို ဒီနေရာမှာ ကြုံကြိုက်တုန်း ပြောပြချင်ပါတယ်။

 ဖေဖေက စကားလုံးတခုကို english လို ပြောပြီး မြန်မာလို ချက်ချင်း ပြောပြဖို့ မေ့နေတတ်တာက ကျမတို့ မိသားစုကြားမှာ ဟာသတစ်ခုလို ဖြစ်နေခဲ့ဖူးတာပါ။

ပြီးတော့ ကျမတို့ သိပြီးသား စာကြောင်းဖြစ်ဖြစ်၊ စကားလုံးဖြစ်ဖြစ်ကို ဘာသာပြန်ပြန်ပြနေတတ်သေးတယ်။
သိပြီးသားလို့ ပြောရင်လဲ ဘယ်လိုသိတာလဲ၊ တကယ်သိလို့လား၊ ဘာအဓိပ္ပာယ်လဲလို့ ထပ်ပြီး အသေးစိတ် မေး နေတတ်သေးတယ်။
 ပြီးတော့မှ သမီး မဆိုးဘူးဆိုပြီး ပြောလို့ ကျမတို့ ၀ါးခနဲ ၀ိုင်းရီလိုက်တော့မှ ပြုံးပြုံးကြီး လုပ်နေတတ်တယ်။
တခါတလေ သိပြီးသားစာလုံး ဖြစ်ပေမယ့် ဖေကြီးကို စချင်တာနဲ့ မသိဘူးလို့ ပြောရင် သေချာ အစအဆုံး ရှင်းတော့တာပါပဲ။
စပ်ဖြဲဖြဲနဲ့ နားထောင်နေတော့မှ နောက်နေမှန်းသိတာပါ။

စကားပြန်ကောက်ရရင် ဒီနေ့ ရုပ်ပုံတွေ ပြရင်း စစ်သားပုံကို ပြပြီးတော့ ဘာလဲ လို့ မေးပါတယ်။ ဖေဖေက စစ်သားလို့ ပြောတယ်။
အဲဒီတော့ စစ်သားဆိုတာ ဘာလဲ ဘဘ သိလား နဲနဲလောက် ပြောပြပါဆိုတော့…..
စစ်သားဆိုတာ အရင်တုန်းကတော့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ပေါ့၊ နောက်ပိုင်းကျတော့ ပြောင်းသွားတယ်တဲ့။

အဲဒီတော့ ဆရာမတွေက ဘယ်တုန်းက ပြောင်းသွားတာလဲ။ ဘယ်နှစ်ခုနှစ်က ပြောင်းသွားတာလဲ ဆိုတော့ ၁၉၆၂ လောက်က ဗိုလ်ချုပ်ကြီးနေ၀င်းက အာဏာသိမ်းပြီးကတည်းက စပြီး နှစ်သီးစားဖြစ်သွားတယ်တဲ့။

နှစ်သီးစားဆိုတာ ဘာလဲ သိလားလို့ ဆရာမတွေကို မေးတယ်။ ဆရာမတွေက မသိဘူးအဘ ရှင်းပြပါ ဆိုတော့ နှစ်သီးစားဆိုတာ စစ်တပ်ကနေပြီး ပင်စင်ယူပြီးသွားတော့ အစိုးရဌာနဘက်ကို ကူး၊ အစိုးရလစာကိုလည်း စားတယ်၊
 ပြီးသွားတဲ့အခါကျတော့ စစ်တပ်ဘက်က ပင်စင်ကိုလဲ စားတယ် အဲဒါကို ခေါ်တာ နောက်တဖြည်းဖြည်းနဲ့ ဘယ်လိုဖြစ်လာလဲဆို တော့ ဗိုလ်ချုပ်ကြီးတွေ အကြီးပိုင်းတွေ ရာထူးကြီးတွေက အခွင့်အာဏာတွေ လုပ်ပိုင်ခွင့်တွေကို တဖြည်းဖြည်းနဲ့ ယူလာပြီး အကောင်တွေ ကြီး လာတယ်တဲ့။
 နောက်ပိုင်းကျတော့ သွင်းကုန် ပါမစ်တွေ ချပေးတာတို့ import တွေ ထုတ်ပေးတာတို့ လုပ်ရင်း လုပ်ရင်းနဲ့ သူတို့တွေက အရမ်းကို ကြီးပွားလာတယ်။
 အဲဒီ ကမှတဆင့် ဗိုလ်ချုပ်ကြီးတွေရဲ့ တပည့်တွေ သူတို့နားမှာ နေတဲ့သူတွေက အသိုင်းအ၀ိုင်းအုပ်စုတွေက ကြီးလာကြ့ပန်ရော….
အဲဒီကမှတဆင့် အာဏာကို ယစ်မူး သွားရော အဲဒီတော့ သူတို့က မဖယ်ပေးချင်တော့ပဲ နေရင်း နောက်ပိုင်းကျတော့ ….ဆိုပြီး ခန နားလိုက်သေးတယ်။

အခု ဒီမိုကရေစီအစိုးရဆိုပြီး ပြောနေပေမယ့် လွှတ်တော်ထဲမှာ ဒေါ်စုလဲ နေရာများများရအောင် ကြိုးစားနေရတယ်၊
သူတို့နဲ့ အပေး အယူလုပ်ရင်း လုပ်နေရတယ် အဲဒါပဲ ဆိုပြီး ပြောတယ် တဲ့။

သမီးတို့ကို ပြောတာတွေ အရင်တုန်းက အခြေအနေနဲ့ဆိုရင် အများကြီး လက်ချာရိုက်လို့ ရတယ်တဲ့။
လက်ချာ ရိုက်ပေးမှာတဲ့။ ပြီးသွားတော့ အဘပြောတာတွေ အဆီအငေါ်တည့်ရဲ့လား မသိဘူး feedback လေး ပြန်ပေးပါလို့ မေးတယ်တဲ့။
ဒီလို မေးတာကို ဆရာမတွေက နားမလည် ဘူးတဲ့ အမထိုက်က ၀င်ပြီး ဆရာမတို့ကို ဖေဖေ ပြောတာတွေ ဘယ်လို နားလည်လဲလို့ မေးတာဆိုတော့မှ ကောင်းပါတယ် ဆိုပြီး ပြောကြတယ်တဲ့။

ကဲ…ဒါပါပဲ မောင်ဝံသဆိုတာ ဒါပါပဲ fb friends များတို့ရေ လို့ပဲ ပြောလိုက်ချင် ပါတယ်။ သူ့ဘ၀ တလျှောက်လုံး စိတ်ဝင်စားခဲ့တဲ့ အကြောင်းအရာက ဘာလဲ ဆိုတာ သက်သေပြလိုက်တာပါပဲ။
ဦးနှောက်ထဲမှာ သံမှိုနှက်သလို စွဲမြဲနေတဲ့အကြောင်းအရာ တွေကို ဘယ်လို အကျိတ်မျိုး၊ cancer cell မျိုးမှ မသတ်နိုင် ဘူးဆိုတာ ဖေဖေ့ရဲ့ မိတ်ဆွေတွေ စာဖတ်ပရိသတ်တွေကို အသိပေးလိုက်ပါတယ်ရှင်။

ဖေဖေက စာပြန်ေ၇းချင်လို့ လေ့ကျင့်ခန်းတွေ အသားကုန် လုပ်နေပါတယ်။ ဒါပေမယ့် လက်က မရေးနိုင်လဲ သူ အခု ပြောတဲ့အကြောင်းအရာတွေ ကို စာစီချလိုက်ရင် ဆောင်းပါးတစ်ပုဒ်တော့ ရနိုင်ကောင်းပါရဲ့နော်။

ဒါဟာ ကျမရဲ့ ဖေဖေ မောင်ဝံသပါပဲ။ ကျမတို့အနေနဲ့ ဘယ်သူ့သားလဲ ဘယ်သူ့သမီးလဲဆိုတာ ခေါင်းမော့ပြီး ပြောနိုင်အောင် ဖေဖေဟာ ခုချိန်ထိ ထိန်းသိမ်း ထားနိုင်သေးတာ သိရတဲ့အတွက် ဘယ်လောက် ဂုဏ်ယူမိသလဲဆိုတာ ပြောပြဖို့ လို မယ် မထင်ပါဘူးရှင်။

လွတ်လပ်စိုး
၁၂.၇.၂၀၁၃
ည ၁၁: ၃၅။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts