>Nyunt Htwe – Burma, Next Begger Country

>

သူတောင်းစား တိုင်းပြည် – မြန်မာပြည် ဖြစ်တော့မည်လော

ညွန့်ထွေး

သြဂုတ် ၂၇၊ ၂၀၀၈

သတင်းခေါင်းစဉ်ရေးချင်ရင် “ရန်ကုန် လူစည်ကားရာနှင့် ဘတ်စ်ကားများတွင် ကလေးသူငယ်များ စာဝေ” လို့ ရေးရမယ်။ မှန်ပါတယ်။ မြို့ပတ်ရထားပေါ်မှာ၊ လူစည်ကားရာ အရပ်တွေမှာ ကလေးသူငယ်လေးတွေ “စာ” တွေ လိုက်ဝေနေတာကို တွေ့ရပါမယ်။ လက်ထဲကို လာထိုးထည့်သွားပြီးရင် တခေါက်ပြန်လာပြီး သင့်ဆီကို “စာ” လာသိမ်းမယ်။ သင်က စာကို ဖတ်ပြီး ဆန္ဒရှိရင် ငွေကြေးအနည်းငယ်ကို သူတို့လေးတွေ လက်ထဲကို ထည့်ပေးလိုက်ပါ။

အခု ရန်ကုန်မြို့တော်နဲ့ ၀န်းကျင်မှာ ခေတ်စားနေတဲ့ ခေတ်သစ် သူတောင်းစားနည်းပါ။ စာထဲမှာ ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးဖို့၊ ၈၈ မျိုးဆက်ကျောင်းသားတွေ လွတ်မြောက်ဖို့၊ စစ်အစိုးရ ပြုတ်ကျဖို့တို့ကို ရေးထားတာ တွေ့ရမှာ မဟုတ်ပါဘူး။ သူတို့လေးတွေနဲ့ မိသားစုဝင်တွေရဲ့ ကံဆိုးမိုးမှောင်ကျလှတဲ့ အဖြစ်ဆိုးတွေ၊ အခက်အခဲတွေကို သနားစဖွယ်ရေးသားထားပြီး သဒ္ဒာတရား နည်းများမဆို စွန့်ကြဲ ကူညီဖို့ တောင်းပန်ထားတဲ့စာ၊ ကွန်ပြူတာနဲ့ ပုံနှိပ်ထားပြီး မိတ္တူဆိုင်ကနေ ပွားထားတဲ့ ရွှေပေလွှာပဲ ဖြစ်ပါတော့တယ်။

” ကျနော်တွေ့ရသလောက်က မြို့ပတ်ရထား၊ ဒလဘက်ကမ်းကူးတဲ့ ကုတို့သင်္ဘော၊ မြေနီကုန်း မှတ်တိုင်လို နေရာမျိုးတွေ။ ကားတစီးရပ်ပြီဆိုရင် အဲဒီကလေးက ကားပေါ်တက်လာမယ်။ ၈ နှစ် ၉ နှစ် အရွယ်ကလေးတွေ။ သူတို့က ဝေရင် ခပ်မြန်မြန်လေး ဝေ၊ ပြီးရင် လိုက်သိမ်းပေါ့။ စေတနာရှိသလောက် ၅၀၊ ၁၀၀ ကို သူ့စာရွက်နဲ့အတူ ပြန်ပေးလိုက်၊ သူလည်း ပြန်ဆင်းသွာရော။ …”

မျက်မြင်သက်သေ တဦးက ပြောပြတာပါ။

ယခင်ကာလများက အဲသလို သူတောင်းစားတွေကို အစိုးရက ဖမ်းပြီး သင်တန်းကျောင်းတွေ ပို့ပါတယ်။ တချိုကတော့ စစ်ထဲ အတင်းလိုက်ခိုင်းတယ်လို့ တိုးတိုး ပြောကြတယ်။ နာဂစ်မုန်တိုင်း နောက်ပိုင်းမှာ စစ်အစိုးရရဲ့ စစ်ဖိနပ်အောက်မှာ လူထုဟာ နင်းပြားဖြစ်နေရာက ကလေးတွေကို လမ်းပေါ်လွှတ်ပြီး တောင်းရမ်းစားသောက်ရတဲ့ အဖြစ်ကို ရောက်လာတာ အလွန်ထင်ရှားနေတော့တာပါပဲ။

မုန်တိုင်းအလွန် မြစ်ဝကျွန်းပေါ်က လမ်းပေါ်ထွက် လက်ဖြန့်ရတဲ့ မြန်မာအမျိုးသား ကြီးငယ်ကို စစ်တပ်က လက်နက်နဲ့ မောင်းချခဲ့ပြီးပါပြီ။ မိဘမဲ့ ခိုကိုးရာမဲ့တဲ့ ကလေးသူငယ်ကလေးတွေ၊ မိန်းမပျိုကလေးတွေ၊ အိုကြီး အိုမတွေအတွက် မည်သို့သော် အစီအရင် အကာအကွယ်တွေ လုပ်ပေးမယ်လို့ ကြေညာချက်တွေ အစီအစဉ်တွေ လုပ်ပေးမယ့်အစား ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုးကြဖို့ အချောင်မခိုကြဖို့ စတဲ့ ကြွေးကြော်သံတွေပဲ တွင်တွင် ထုတ်ခဲ့ပါတယ်။ အလှူခံသူတွေ လုပ်အားပေးတွေကို သူခိုး ဓါးပြတွေလို ဖမ်းဆီးပြီး အရေးယူပါတယ်။ နေရပ်မှာ ပြန်လည်ထူထောင်ဖို့ ကြိုးစားသူတွေကို စစ်တပ်က အဓမ္မ လုပ်အားပေးခိုင်းပါတယ်။ မြို့တက်ပြီး အလုပ်ရှာတဲ့သူတွေကို သန်းကောင်စာရင်းတွေ ဧည့်စာရင်းတွေ စစ်ဆေး လမ်းမှာ ခေါ်ယူမေးမြန်းပြီး ကြောက်ရွံအောင် ဖိနှိပ်ပါတယ်။

အခုတော့ ကလေး သူငယ်ကလေးတွေဟာ လမ်းပေါ်မှာ သူတောင်းစားလေးတွေအဖြစ် လက်ဖြန့်နေကြရပြီ ဖြစ်ပါတယ်။ ပြန်လည်ထူထောင်ရေး စခန်းတွေ၊ ကျုးကျော် အိမ်ယာတွေ၊ ဟင်းလင်းဖြစ်နေတဲ့ စာသင်ကျောင်းတွေကနေ ကလေးသူငယ်လေးတွေဟာ လမ်းပေါ်ကို တက်လာကြပြီး သူတို့ အခက်အခဲတွေကို စာတွေရေးပြီး လက်ဖြန့်တောင်းစားနေကြပြီ ဖြစ်ပါတယ်။

စစ်အစိုးရကတော့ ထုံးစံအတိုင်း အဲသည်ကလေးတွေကို လက်နက်နဲ့ အင်အားသုံးပြီး အရေးယူမှာ ဖြစ်ပါတယ်။ မိခင် ဖခင်များကဲ့သို့ ကိုယ်ချင်းစာတရားနဲ့ အမိုးအကာ အရိပ်အာဝါသပေးဖို့ စားရေ ရိက္ခာပေးဖို့ စဉ်းစားမှာ မဟုတ်ပါဘူး။ သူတောင်းစားများကိုပါ မတရားသင်း ကြေညာပြီး ဖမ်းဆီးအရေးယူ ထောင်ချဦးမယ့် အစိုးရပဲလို့ မိတ်ဆွေတဦးက မှတ်ချက်ပေးပါတယ်။

ကလေးတွေက တောင်းရမ်းစားသောက်နေချိန်မှာ မြန်မာပြည်တ၀ှမ်းမှာ ရာဇ၀တ်မှုတွေက ကြောက်ခမန်းလိလိ တိုးပွားလျက် ရှိပါတယ်။ ဂျာနယ်တွေထဲမှာ လူသတ်မှု၊ ခိုးမှု၊ လုယက်မှု၊ ခါးပိုက်နှိုက် စတဲ့ အမှုအခင်းတွေအကြောင်းကို ဝေေ၀ဆာဆာကြီး ဖတ်နေရတဲ့အတွက် မြန်မာပြည်မှာ စီးပွားရေး လူမှုရေး အကြပ်အတည်းကြီး ဘယ်လောက် ကြီးမားနေသလဲဆိုတာ ခန့်မှန်းလို့ ရပါတယ်။

” လူသတ်မှုတွေ တော်တော်များများမှာ ရန်ငြိုး ရန်စကြောင့် မဟုတ်ဘဲ ငွေ ၁ သိန်းလောက် အတွက်နဲ့ သတ်ကြတာမျိုးတွေ ရှိလာတယ်။ ရန်ကုန်က တိုက်ခန်းတွေရဲ့ အတက်အဆင်းလှေကားတွေကို သော့ အထပ်ထပ် ခပ်ထားရတယ်။ တိုက်ခန်းပေါ်တက်ပြီး အေးဓပြ တိုက်တာတွေ များလွန်းလို့ဗျာ … “

လို့ လမ်းဘေးဈေးသည်တဦးက ပြောပြပါတယ်။ သူက ဈေးရောင်းတဲ့အခါမှာ တိုက်ခန်းတွေ အောက်က တန်းလန်းချထားတဲ့ ကြိုးလေးတွေမှာ သူ့ကုန်ပစ္စည်းကို ချိတ်ဆွဲပြီး ရောင်းချပေးနေရတာပါ။ အပေါ်ထပ်ကလူက ပစ္စည်းကို ယူပြီး ငွေကို ပြန်ချိတ်ပေးပါတယ် တဲ့။

စစ်အစိုးရနဲ့ အပေါင်းအပါတွေက နိုင်ငံတခုလုံး အကြပ်အတည်းမျိုးစုံကို ရင်ဆိုင်နေရတာကို သိပါတယ်။ တိုင်းပြည်ကြီးကို ကမောက်ကမ မဖြစ်အောင်လို့ ချောက်ထဲမကျခင် လက် တလုံးလား လက် ၂ သစ်လားအလိုမှာ အချိန်မီ ကယ်တင်လိုက်ပါတယ် ဆိုတဲ့ တပ်မတော် အစိုးရလက်ထက်မှာ တိုင်းပြည်ကြီးဟာ ရွှေနိုင်ငံ၊ ငွေနိုင်ငံကြီး ဖြစ်ဖို့ နေနေသာသာ သူတောင်းစားနိုင်ငံတော်ကြီးဆီသို့ အရှိန်အဟုန်နဲ့ ချီတက်နေတာကတော့ ငြင်းဆိုလို့ ရတဲ့ အချက်မဟုတ်တာ ထင်ရှားပါတယ်။

အခု သက်သေအနေနဲ့ ခေတ်သစ် သူတောင်းစားကလေးငယ်ဆီက တောင်းလာတဲ့ စာရွက်ကလေးကို တင်ဆက်လိုက်ပါရစေ။ သူ့ကိုမေးကြည့်တော့ အဲဒီ စာထဲကအတိုင်း သူတို့ တကယ် ဖြစ်နေကြပါတယ်တဲ့။ မယုံရင် အိမ်ကို လိုက်ကြည့်ပါလို့ သူက တွင်တွင်ကြီး ပြောပါတယ်။ ကျနော်တို့ကတော့ သူကလေးလိုပဲ ပြောလိုက်ချင်ပါတယ်။ မြန်မာပြည်ကြီးကို ချစ်သူတွေ မယုံရင် “အိမ်” ကို လိုက်ကြည့်ကြပါလို့ …။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts