>Thakhin Kodaw Hmine: Life and Literature (3)

>

နိုင်ငံရေးနဲ့ စာပေအနုပညာ (၃)
သခင်ကိုယ်တော်မှိုင်း၏ လေးစားဖွယ်စိတ်ဓာတ်

ထိန်လင်း
သြဂုတ် ၂၂၊ ၂၀၀၈

ဆရာကြီးသခင်ကိုယ်တော်မှိုင်းအကြောင်း ရေးသားနေစဉ်မှာပဲ ဆရာကြီးရဲ့စာတွေကို ကျောင်းသုံးစာအုပ် တွေထဲကနေ ဖြုတ်ပစ်လိုက်တဲ့ သတင်းဆိုးကို ကြားလိုက်ရပါတယ်။ အခြေခံပညာအထက်တန်းမှာ ပြဋ္ဌာန်းထားတဲ့ ဆရာကြီးရဲ့ အညာမင်္ဂလာဆောင် နဲ့ သပြေနုချိန်ဆိုတဲ့ လေးချိုးကြီးတွေကို ဖြုတ်ပစ်လိုက်တာဖြစ်ပါတယ်။ ဒီလို ပြုလုပ်လိုက်ခြင်းဟာ သမိုင်းကို ဖျောက်ဖျက်ဖို့ ကြိုးစားတဲ့သဘောဖြစ်တယ်လို့ ယူဆနိုင်သလို ဆရာကြီးရဲ့ စာပေအရှိန်အဝါကို စိုးရိမ်တာလည်း ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် သူ့ရဲ့စာပေတွေကို မြင်တွေ့နေရရင် သူ့အကြောင်းကို မမေ့မလျော့တွေးမိပြီး သူ့ကို တမ်းတတဲ့စိတ်တွေ၊ သူ့ရဲ့စိတ်ဓာတ်မျိုးတွေ ဝင်သွားမှာ စိုးရိမ်တာ ဖြစ်နိုင်သလို သူနဲ့ဆက်စပ်ပတ်သက်ခဲ့သူတွေအကြောင်း အာရုံရောက်ကုန်မှာ စိုးရိမ်တာလည်း ဖြစ်နိုင်ပါတယ်။

တိုင်းပြည်ရဲ့အခြေအနေ အစစ ပျက်စီးနေတဲ့ ဒီကနေ့ခေတ်မှာ လူတွေရဲ့စိတ်ထဲ တော်လှန်ချင်တဲ့ စိတ်ဓာတ်တွေ၊ တိုင်းပြည်နဲ့လူမျိုးကို တကယ်ချစ်တတ်တဲ့စိတ်တွေ ဝင်ရောက်ကုန်မှာ စိုးလို့ စံနမူနာပြ ပုဂ္ဂိုလ်တွေရဲ့အကြောင်း တတ်နိုင်သမျှ ဖျောက်ဖျက်ပစ်တာလည်း ဖြစ်နိုင်ပါတယ်။ ဒီတော့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက ဘယ်လိုပုဂ္ဂိုလ်မျိုးလဲ ဆိုတာကို သိထားဖို့လိုအပ်ပါတယ်။ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းထဲမှာ ပါဝင်ခဲ့သလို စာရေးဆရာတစ်ဦးလည်းဖြစ်တဲ့ ဆရာသိန်းဖေမြင့်က ဆရာကြီးကွယ်လွန်ပြီး ၄ ရက်အကြာ ၁၉၆၄ ခုနှစ် ဇူလိုင်လ ၂၆ ရက်ထုတ် ဗိုလ်တထောင်သတင်းစာထဲမှာ

“အမျိုးသားဒီမိုကရေစီ တော်လှန်ရေးမှာ မပါမပြီး အလွန့်အလွန် အရေးကြီးတဲ့အပိုင်း၊ ပြည်သူလူထုရဲ့ အတွေးအခေါ်နှင့် စိတ်ဓာတ်ကို ခေါင်းဆောင်ရတဲ့အပိုင်းကတော့ နယ်ချဲ့ပဒေသရာဇ် ဆန့်ကျင်ရေး၊ ယဉ်ကျေးမှု တော်လှန်ရေးကြီး (ဝါ) အမျိုးသားဒီမိုကရေစီ ယဉ်ကျေးမှုတော်လှန်ရေးကြီးဖြစ်တယ်။ မြန်မာ့သမိုင်း၏ အမျိုးသား ယဉ်ကျေးမှုကို ခေါင်းဆောင်သူတွေထဲမှာ အထွတ်အထိပ်ရောက်သူကတော့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဖြစ်တယ်။ ဒီကိစ္စကို သမိုင်းက အဆုံးအဖြတ်ပေးပြီးဖြစ်တယ်”

လို့ ရေးသားဖူးပါတယ်။

ဆရာသိန်းဖေမြင့်ဟာ ‘သခင်ကိုယ်တော်မှိုင်း အမည်ခံ ဆရာလွန်း အတ္ထုပ္ပတ္တိ’ ဆိုတဲ့ စာအုပ်ကို ရေးသားခဲ့သူလည်းဖြစ်ပါတယ်။ အခုတပတ်မှာတော့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ လေးစားစရာကောင်းတဲ့ အချက်တွေထဲက စိတ်ဓာတ်တချို့အကြောင်း တင်ပြချင်ပါတယ်။

ပထမ တင်ပြချင်တဲ့ အရာကတော့ ဆရာကြီးရဲ့ မာန်မာန ထောင်လွှားမှုမရှိတဲ့ စိတ်ထားဖြစ်ပါတယ်။ အထူးသဖြင့် ကိုယ့်အမှားကို ထောက်ပြတဲ့အပေါ် တလေးတစား လက်ခံရဲတဲ့ စိတ်ဓာတ်ဖြစ်ပါတယ်။ အဲဒီ စိတ်ဓာတ်ကို ဖော်ထုတ်ရေးသားခဲ့သူကတော့ အာဇာနည်ခေါင်းဆောင်ကြီးတစ်ဦးဖြစ်တဲ့ ဒီးဒုတ်ဦးဘချို ဖြစ်ပါတယ်။ ဒီးဒုတ်ဦးဘချိုဟာ ကဗျာလင်္ကာ၊ ဂီတ၊ ပန်းချီ စသဖြင့် အနုပညာအမျိုးအစားစုံအောင် လေ့လာတတ်ကျွမ်းသူ ဖြစ်ပါတယ်။ ဆရာဦးဘချိုဟာ သူရိယသတင်းစာထဲမှာ မစ္စတာမောင်မှိုင်းနာမည်နဲ့ ရေးသားတဲ့ သခင်ကိုယ်တော်မှိုင်း ရဲ့ ကဗျာတွေ၊ ဆောင်းပါးတွေကို ဖတ်ရှုဖြစ်ရာက ဆရာကြီးကို မမြင်ဖူးဘဲ ကြည်ညိုခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဆရာကြီးရဲ့စာတွေကို မလွတ်တမ်း ဂရုတစိုက် ဖတ်တယ်လို့ဆိုပါတယ်။

တကြိမ်မှာတော့ ဆရာကြီးရဲ့ဆောင်းပါးထဲက မဟာကဗျာလေးချိုးကြီးတစ်ပုဒ်မှာ အအုပ်အခံ ကာရန်လွဲနေတာ တွေ့ရတဲ့အတွက် အဲဒါကို ထောက်ပြတဲ့အနေနဲ့ ‘တပည့်မ ကေသာဝတီ ကေလာသ’ ဆိုတဲ့ နာမည်နဲ့ ဆောင်းပါးတစ်စောင် ရေးပြီး ပို့လိုက်ပါတယ်။ သိပ်မကြာခင်မှာပဲ အဲဒီကဗျာမှာ ပမာဒ လေခ ဖြစ်ပြီး ကာရန် ချွတ်ချော်သွားခဲ့ရပါတယ် ဆိုတဲ့ ဆရာကြီးရဲ့ ဝန်ခံချက်နဲ့ အခုလို ထောက်ပြတဲ့အတွက် ကျေးဇူးတင်ကြောင်း လေးချိုးတစ်ပုဒ် ရေးသားပြီး အမှားပြင်ဆင်ချက်နဲ့တကွ သူရိယ မဂ္ဂဇင်းမှာ ဖော်ပြပါတယ်။ ဒါကြောင့်ပဲ သူ့အနေနဲ့ ဆရာကြီးကို အရင်ကထက် ပိုပြီး ကြည်ညိုလေးစားသွားရတယ်လို့ ဒီးဒုတ်ဦးဘချို က ရေးသားခဲ့ဖူးပါတယ်။ ဒီလို ဝန်ခံရဲတဲ့ စိတ်ဓာတ်မျိုးက အထက်နေရာ တခုခုမှာ ရောက်နေသူတွေအနေနဲ့ ရှိနိုင်ခဲတဲ့ စိတ်ဓာတ်မျိုးဖြစ်ပါတယ်။

နောက်ထပ် တင်ပြချင်တဲ့ ဆရာကြီးရဲ့စိတ်ဓာတ်ကတော့ ရာထူး မမက်မောတဲ့ စိတ်ဓာတ်ပဲဖြစ်ပါတယ်။ ကျောင်းသားသပိတ် နောက်ပိုင်းကစပြီး အမျိုးသားကျောင်းဆရာကြီး ဖြစ်လာတဲ့ ဆရာကြီးကို ရန်ကုန်တက္ကသိုလ်မှာ မြန်မာစာဆရာလုပ်ဖို့ တက္ကသိုလ်ရဲ့အရာရှိကြီးတွေက အကြိမ်ကြိမ် တောင်းပန်ခဲ့ဖူးပါတယ်။ အဲဒီလို ပန်ကြားမှုက အမျိုးသားကျောင်းတွေ ပေါ်ပေါက်လာတဲ့အချိန်ကနေ အမျိုးသားကောလိပ် ပျက်သွားတဲ့နောက်ပိုင်း အချိန်ထိ မကြာခဏဆိုသလို ပန်ကြားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆရာကြီးက အင်္ဂလိပ်အရာရှိတွေရဲ့ ကျွန်ဖြစ်မယ့် အလုပ်မျိုးဖြစ်တဲ့အတွက် မလုပ်ချင်ကြောင်း အမြဲတမ်း ငြင်းပယ်ခဲ့ပါတယ်။

ဒီလိုပဲ အဲဒီတုန်းက လူတွေသိပ်လိုချင်တဲ့ ‘အဂ္ဂမဟာ ပဏ္ဍိတ’ဆိုတဲ့ ဘွဲ့ကို ယူဖို့ ၂ ကြိမ် ကမ်းလှမ်းခဲ့တာကိုလည်း ငြင်းပယ်ခဲ့ပါတယ်။ ၁၉၅ဝ ကမ္ဘာ့ငြိမ်းချမ်းရေး လှုပ်ရှားမှုထဲမှာ ပါဝင်ပြန်တော့ အဲဒီလှုပ်ရှားမှုမှာ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူဖို့ ဝိုင်းပြီးပန်ကြားပေမယ့် နာယက အဖြစ် အကြံဉာဏ်ပေးသူ အနေနဲ့သာ ပါဝင်ချင်တဲ့အကြောင်း အကြိမ်ကြိမ်ပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း အုပ်စုအကွဲအပြဲတွေကြောင့် အများလက်ခံမယ့် ဥက္ကဋ္ဌ မရနိုင်တာနဲ့ ဆရာကြီးက တာဝန်ယူခဲ့ရပါတယ်။ ဥက္ကဋ္ဌ နေရာမှာရှိပေမယ့် နာယက သဘောပဲ နေခဲ့တယ်လို့ သိရပါတယ်။

လူဆိုတာ အတ္တကိုအခြေခံထားတဲ့ သတ္တဝါမို့ ရာထူး ဂုဏ်သိန်တွေကို မက်မောတတ်တဲ့ စိတ်ရှိတာက သဘာဝပါ။ ဒါပေမယ့်လည်း အချိန်အခါအလိုက် နေရာအလိုက် တွေးတောဆင်ခြင်ဖို့တော့ လိုအပ်ပါလိမ့်မယ်။ ကိုယ်ရရှိတဲ့ ရာထူးဟာ ကိုယ်နဲ့အပ်စပ်ရဲ့လား၊ ကိုယ့်အထက်အရာရှိကရော အရည်အချင်းရှိရဲ့လား၊ နယ်ချဲ့အစိုးရလို အများက လက်မခံချင်တဲ့ အုပ်စိုးသူရဲ့အကျိုးကို သယ်ပိုးရမယ့်လူ ဖြစ်သွားမလား စတဲ့ အချက်တွေက စဉ်းစားစရာ အချက်တွေဖြစ်ပါတယ်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းကတော့ သူ့ရဲ့ပြတ်သားတဲ့ စိတ်ဓာတ်ကို ကွယ်လွန်ချိန်ထိ ဆုပ်ကိုင်သွားခဲ့ ပါတယ်။ ဒါကြောင့်လည်း ဒီကနေ့ထိ အများက ကြည်ညိုလေးစားတဲ့ ပုဂ္ဂိုလ်ကြီးအဖြစ် ကမ္ပည်းအတင်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီလို အစဉ်အလာကြီးမားတဲ့ ပုဂ္ဂိုလ်များရဲ့ အကြောင်းက ဆောင်းပါးတစ်ပုဒ်တည်း၊ စာတစ်အုပ်တည်းနဲ့ ပြည့်စုံအောင် ဖော်ပြနိုင်မှာ မဟုတ်ပါဘူး။

နောက်အပတ်တွေမှာလည်း နိုင်ငံရေးနဲ့ ဆက်နွယ်နေတဲ့ စာပေအနုပညာအကြောင်းကို ဆက်လက်ပြီး တင်ပြပါဦးမယ်။

ထိန်လင်း (၁၆၊ ၈၊ ၂ဝဝ၈)

၂ဝဝ၈ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့ နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ၏ ထုတ်လွှင့်ချက်အား ပြန်လည်ဖော်ပြပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts