>Great inventions

>

မဟာတီထွင်မှုကြီးများ
Lionslayer

သြဂုတ် ၁၂၊ ၂၀၀၈

၂၀ ရာစုနှောင်းပိုင်းတွင် ကမ္ဘာကြီးကို ပြုပြင်ပြောင်းလဲပေးနိုင်မည့် တီထွင်မှုသုံးရပ် လူမသိ သူမသိ ပေါ်ပေါက်ဖူးလေသည်။ သို့ရာတွင် ထိုတီထွင်မှုတို့မှာ ယနေ့တိုင် သဲလွန်စ ရှာမရအောင် ပျောက်ဆုံးလျက် ရှိလေသည်။

၁။ မသေဆေး
မသေဆေးကို တီထွင်သူမှာ တပ်မတော်ထောက်လှမ်းရေးအဖွဲ့းမှ ဗိုလ်မှူးအဆင့်ရှိသူ ဆရာဝန်တစ်ဦးဖြစ်သည်။ ၎င်းဆေးမှာ ဖော်စပ်ရန် အလွန်ခက်ခဲပြီး နှစ်ပေါင်းနှစ်ဆယ်ကြာ ၀ါသနာအလျောက် သုတေသန ပြုခဲ့ရာမှ ပင်နီဆီလင်ပုလင်းနှင့် တစ်ပုလင်းမျှသာ ရရှိခဲ့လေသည်။ ဆေးမှာ ဖော်စပ်ရန် ခဲယဉ်းလှသည့် အားလျော်စွာ တရံတခါမျှ မစမ်းသပ်ခဲ့ဖူးဘဲ အရေးကြုံမှ ထုတ်သုံးရန် ကိုယ်နှင့်မကွာ ဆောင်ထားလေသည်။

ထောက်လှမ်းရေးများ ဖြုတ်ထုတ်သတ်လုပ်သောအခါ ကံမကောင်း အကြောင်းမလှစွာဖြင့် ထိုပုဂ္ဂိုလ်လည်း နပ်စပ်သို့ ထွက်ပြေးရလေသည်။ သို့ရာတွင် မဲဆောက်သို့ရောက်သောအခါ ငှက်ဖျားပိုး ဖိစီးနှိပ်စက်မှုကြောင့် အသည်းအသန် မမာမကျန်း ဖြစ်လာတော့သည်။ နောက်ဆုံး အသက်ငွေ့ငွေ့သာ ကျန်သောအချိန်တွင်မှ သူ၏ မသေဆေးကြီးကို တုန်တုန်ယင်ယင်ဖြင့် သောက်သုံးလိုက်လေသည်။ ဆေးစွမ်းမပြနိုင်မီမှာပင် သတိလစ်သွားလေတော့သည်။ သူ သတိမမူမိသည်မှာ ဆေးသည် သူ့ကိုသာမက သူ့ကိုယ်တွင်းမှ ငှက်ဖျားပိုးများကိုပါ မသေအောင် လုပ်ပေးနိုင်သည် ဆိုသော အချက်ပင် ဖြစ်သည်။
ယိုးဒယားမှ ဆရာဝန်များက သူ့အားစမ်းသပ်ကြည့်ပြီး ကိုမာ(coma)၀င်နေသည်ဟု ပြောကာ တစ်ပတ်ခန့် စောင့်ကြည့်ကြသော်လည်း အခြေအနေက ထူးမလာပေ။ နောက်ဆုံး အာဟာရပေးနေသည့် ဆေးပိုက်များ ဖြုတ်ပစ်သော်လည်း သေလည်းမသွား သတိလည်း ပြန်လည်မလာဘဲ ရှိနေခဲ့လေသည်။ တစ်လခန့်ကြာပြီး နောက်ဆုံးတွင် ထူးဆန်းလှသော ထိုပုဂ္ဂိုလ်အား လူသေအဖြစ် သတ်မှတ်ကာ ဂူသွင်း သင်္ဂြိုဟ်လိုက်ကြလေတော့သည်။
စာရှုသူမိတ်ဆွေအနေဖြင့် မဲဆောက်သို့ တစ်ခါတစ်ခေါက် အလည်ရောက်ပါက ယခုတိုင် မပုပ်မသိုးသေးသော ထိုပုဂ္ဂိုလ်ကို တူးဆွ ရှာဖွေကြည့်ရှုနိုင်ပါသည်။

၂။ ကိုယ်ပျောက်ဆေး
ကိုယ်ပျောက်ဆေးကို တီထွင်သူမှာ အာရပ်နိုင်ငံတစ်ခုသို့ စစ်သံအနေဖြင့် သွားရောက်ခဲ့သော အရာရှိတစ်ဦးဖြစ်သည်။ သူတီထွင်ထားသောဆေးကို စမ်းသပ်ခန်းမှ ကြွက်များဖြင့် ထိုးသွင်းစမ်းသပ်ရာ ဆေးအာနိသင်မှာ နှစ်နာရီဝန်းကျင်ခန့် ခံသည်ကို တွေ့ရလေသည်။ ထိုကြွက်များကို ဆေးအာနိသင် မပြယ်ခင် သတ်ကြည့်လိုက်သောအခါ ချက်ချင်း ကိုယ်ပြန်ပေါ်သည်ကိုလည်း တွေ့ရှိရလေသည်။ သူ့ကိုယ်သူ စမ်းကြည့်သောအခါတွင်လည်း ကောင်းစွာ ကိုယ်ပျောက်သည်ကို တွေ့ရလေသည်။ ဘေးထွက်ဆိုးကျိုးအနေဖြင့် နာရီဝက်ခန့် အနည်းငယ် ခေါင်းမူးသည်မှအပ စိုးရိမ်ရလောက်အောင် မရှိချေ။ ဆေးကို အောင်မြင်စွာ ဖော်ထုတ်တွေ့ရှိခဲ့သော်လည်း ဦးစွာ ကိုယ်ရေးကိုယ်တာ အသုံးပြုရန်အတွက် ထုတ်ဖော်ကြေညာမှု မပြုဘဲ နေလေသည်။

၎င်းမှာ သံအရာရှိတစ်ဦး ဖြစ်သည့်အားလျော်စွာ စော်ဘွားများ မဟာရာဂျာများနှင့် မကြာခဏ ဆုံတွေ့ရလေသည်။ ဤတွင် မဟာရာဂျာတစ်ဦး၏ မိဖုရားငယ်လေးတစ်ပါးကို မျက်စိကျလေတော့သည်။
၎င်း၏ အကြံအစည်မှာ သူတီထွင်ထားသော ကိုယ်ပျောက်ဆေးကို သောက်ပြီး အစောင့်အရှောက် ထူထပ်လှသော မဟာရာဂျာကြီး၏ အိမ်တော်ဝင်းအတွင်းသို့ သန်းခေါင်ယံအချိန်၌ တိတ်တဆိတ် ၀င်ရောက်ကာ မိဖုရားငယ်လေးကို မဟာရာဂျာကြီးအသွင်ဖြင့် မှောင်ထဲတွင် ပုံမှားရိုက်ရန် ဖြစ်လေသည်။ ထိုနောက် ဆေးအာနိသင်မပြယ်ခင် အမြန်ပြန်လစ်ရန် ဖြစ်သည်။
ယင်းညတွင် အချိန်ကြာကြာခံရန်အတွက် ဆေးပမာဏကိုပင် လိုသည်ထက် ပိုပိုလိုလို ထိုးလိုက်သေးသည်။ သူကြံစည်ထားသည့်အတိုင်း မိဖုရားငယ်လေး၏ အဆောင်တွင်းလည်း ရောက်ပါ၏။ သို့သော် သူမသိလိုက်သည့်အချက်မှာ မဟာရာဂျာကြီးသည် သတ်မှတ်ထားသောရက်တွင်သာ မိဖုရားငယ်များဆီသို့ ဆောင်တော်ကူးတတ်သည့် အချက် ဖြစ်လေသည်။ ထို့ကြောင့် မှောင်ထဲတွင် အဆောင်စောင့် မိန်းမစိုး၏ လက်ဆွဲဖမ်းဆီးကာ ဂေါ်ရခါးဓားကောက်ဖြင့် ခေါင်းဖြတ်ခြင်းကို ခံလိုက်ရလေသည်။

၃။ အားစက်ကွင်း (Force Field)
Force Field Generator ကို တီထွင်ခဲ့သူမှာ ရုရှသို့ ပညာတော်သင်သွားခဲ့သူ စစ်အင်ဂျင်နီယာ ပေါက်စတစ်ဦး ဖြစ်ပါသည်။

၎င်းသည် ရုရှသို့ရောက်ပြီး ၂နှစ်မျှ မပြည့်သေးမီ အားစက်ကွင်း ကိရိယာငယ်ကို တီထွင်နိုင်ခဲ့လေသည်။ ထိုကိရိယာမှာ နေရောင်ခြည် စွမ်းအင်သုံး၍ စက်ဖွင့်ထားလိုက်လျှင် ခန္ဓာကိုယ်ဝန်းကျင်ကို အကာအကွယ်ပေးသည့် မျက်စိနှင့်မမြင်နိုင်သည့် အားစက်ကွင်းတစ်ခုကို ထုတ်လွှတ်ပေးလေသည်။ ထိုအားစက်ကွင်းမှာ ကျည်ဆံ အမြောက်ဆံ သာမက အနုမြူဓာတ်ရောင်ခြည်အထိပါ ကာကွယ်ပေးလေသည်။
ကိုယ်စွမ်းကိုယ်စ လွန်စွာပြချင်သည့်အလျောက် ပထမတွင် သူ၏ ရုရှားဆရာများထံ ထိုကိရိယာကို ပြကြည့်လေသည်။ ဆရာများမှာ နျူကလီးယားပညာရှင်များ ဖြစ်သည့်အလျောက် သူ့တီထွင်မှုကို ကစားစရာသာသာမျှ သဘောထားကာ များစွာအရေးမစိုက်ဘဲ နေကြလေသည်။ ပြည်တွင်းသို့ အဆင့်ဆင့်တင်ပြရန်ကလည်း ကြာမြင့်လွန်းလှပေသည်။
ထို့ကြောင့် လူပုံအလယ်တွင် ထိုကိရိယာ၏အစွမ်းကို ရုတ်ချည်းသိသာစေမည့် လုပ်ရပ်တစ်ခုကို လုပ်ရန် ကြံကြံဖန်ဖန် စဉ်းစားမိလေတော့သည်။
တစ်ရံခါတွင် ဆိုက်ဘေးရီးယားရှိ အနုမြူစမ်းသပ်ဖောက်ခွဲသည့်စခန်းကို သူလည်း လေ့လာသူကျောင်းသားအနေဖြင့် လိုက်ပါသွားလေသည်။ ဖောက်ခွဲချိန်နီးလာ၍ အခြားသူများက စောင့်ကြည့်စခန်းသို့ အပြေးအလွှားသွားကြသည့် အချိန်တွင် သူကမသွားဘဲ မယောင်မလည်နှင့် နောက်ချန်ရစ်ကာ နျူကလီးယားဗုံး မြုပ်ထားသည့် နေရာအပေါ်တည့်တည့်တွင် သွားရပ်နေလေသည်။ စောင့်ကြည့်စခန်းမှာ ဖောက်ခွဲသည့်နေရာနှင့် ဝေးကွာလွန်းလှသဖြင့် သူ့အား ကောင်းစွာ သတိမပြုမိကြပေ။
ဖောက်ခွဲမှုစလျှင်စခြင်း လင်းထိန်လှသော အလင်းရောင်ကြီးတစ်ခုပေါ်ထွန်းလာကာ ကောင်းကင်တွင် မှိုပွင့်ပုံ တိမ်တိုက်ကြီးတစ်ခု ဖြစ်ပေါ်လာလေသည်။ သို့ရာတွင် ၎င်းးအရာရှိငယ်ကိုမူကား စုပ်စမြုပ်စပင် မတွေ့ရလောက်အောင် ပျောက်ကွယ်သွားခဲ့လေသည်။ နောက်ချန်နေခဲ့သည်ကို မတော်တဆ မြင်ခဲ့သူအချို့က ပေါက်ကွဲမှုတွင် အငွေ့ပျံ၍သွားချေပြီဟု ပြောဆိုကြလေသည်။
အဖြစ်မှန်မှာ ပေါက်ကွဲမှုဖြစ်ပွားသော်လည်း ၎င်းအရာရှိငယ်ကိုမူ စိုးစဉ်းမျှပင် မထိခိုက်ချေ။ သို့ရာတွင် ပေါက်ကွဲမှု၏ ပြင်းထန်လှသော တွန်းကန်အားကြောင့် ကောင်းကင်ထက်သို့ ထောင်လိုက်ထိုးတက်သွားရာတွင် အာကာသ ဟင်းလင်းပြင်အထိ ရောက်ရှိသွားလေသည်။ ဟင်းလင်းပြင် အတွင်းရောက်ရှိပြီးနောက်တွင် ကမ္ဘာမြေ၏ ဆွဲငင်အားမှ ကင်းလွတ်သွားသည့်အလျောက် မြေပြင်ပေါ်သို့ ပြန်၍ကျမလာတော့ချေ။ အားစက်ကွင်းအတွင်း သူနှင့်အတူပါသွားသော လေထုမှာလည်း အသက်ရှင်ရန် နာရီဝက်ခန့်သာ ထောက်မပေးနိုင်လေသည်။
သို့ဖြင့် ၎င်း၏ ရုပ်ကလာပ်မှာ ယခုတိုင် အာကာသအတွင်း လွင့်မျောလျက်ပင် ရှိနေသည်။

(မှတ်ချက် – http://lionslayer.multiply.com/journal/item/24 နှင့်
http://lionslayer.blogspot.com/2007/11/blog-post_2774.html တို့တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts