>Who is Thakhin Kodaw Hmaing?

>

ကိုယ်တော်မှိုင်းကို ဘယ်သူတွေ ဘာကြောင့်လေးစား၊ ဘယ်သူတွေ ဘာကြောင့် ကြောက်ရွံ့ကြတာလဲ

ဘီဘီစီ (မြန်မာပိုင်း)
ဇူလိုင် ၂၆၊ ၂၀၀၈

ဗြိတိသျှအစိုးရရဲ့ Burma List မှာ ရန်သူတော် နံပါတ် ၁ အဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ကဗျာဆရာ၊ သတင်းစာဆရာ၊ နိုင်ငံရေးခေါင်းဆောင်ကြီး ဒေါက်တာ ကိုယ်တော်မှိုင်း ကွယ်လွန်ခဲ့တာ ၄၄နှစ် ကြာခဲ့ပါပြီ။ ဆရာကြီးကို မြန်မာနိုင်ငံရေးသမား အများစုနဲ့ ပြည်သူတွေက လေးစား ကြည်ညိုကြပေမယ့် ဗြိတိသျှအစိုးရနဲ့ စစ်အစိုးရ အဆက်ဆက်ကတော့ ကြောက်ရွံ့ မုန်းတီးခဲ့ကြပါတယ်။ ဘယ်လိုနိုင်ငံရေးအစဉ်အလာတွေကြောင့် ဒီစာဆိုအဖိုးအိုကို ရန်သူတွေက ကြောက်ရွံ့ခဲ့ကြသလဲ၊ ပြည်သူတွေက ကြည်ညိုခဲ့ကြသလဲ ဆိုတာကိုတော့ မအေးနှင်းညိုက ပြောပြပေးမှာ ဖြစ်ပါတယ်။

မြန်မာ့နိုင်ငံရေးသမိုင်းမှာ လွတ်လပ်ရေးမရခင်မှာရော၊ လွတ်လပ်ရေးရပြီးတဲ့ အချိန်အထိပါ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက စာပေနဲ့တမျိုး၊ လူကိုယ်တိုင်တဖုံ နိုင်ငံရေးမှာပါဝင်ခဲ့ပုံကို သတင်းစာဆရာ မောင်ဝံသက အခုလို ပြောပြပါတယ်။

“ဘွိုင်းကောက်ဋီကာ၊ သခင်ဋီကာ၊ ဒေါင်းဋီကာဆိုပြီး ဋီကာတွေ ရေးတယ်၊ ဋီကာတွေကတော့ နယ်ချဲ့ဗြိတိသျှကို ဆန့်ကျင်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ်တွေ သွင်းတဲ့ ဋီကာ တွေပေါ့။ သခင်ဋီကာ ဆိုရင် တို့ဗမာအစည်းအရုံး ပေါ်လာတဲ့အချိန် သခင်လူငယ်တွေက တိုင်းပြည်အတွက် ကြိုးစားပမ်းစားဆောင်ရွက်ကြတဲ့အချိန်မှာ သခင်လူငယ်တွေကို အားပေးတဲ့၊ ထောက်ခံတဲ့ ဋီကာ။

ဆရာကြီးကိုယ်တိုင်က သခင်ကိုယ်တော်မှိုင်းဆိုပြီးတော့ သခင်ဘွဲ့ခံတယ်။ သခင်အသင်းကို ၀င်တယ်။ အဲဒီကစပြီးတော့ ဆရာကြီးက နိုင်ငံရေးမှာ ပါလာတာ၊ နောက်ဆုံး ကွယ်လွန်တဲ့အထိပါပဲ။”

ဆရာကြီးက နိုင်ငံရေးဘက်တင်မဟုတ်ဘူး၊ အမှန်တရားဘက်ကပါ အမြဲရပ်တည်ခဲ့တဲ့ သာဓက တခုက လွတ်လပ်ရေးရပြီးစ ဖဆပလခေတ်မှာ သတင်းစာတိုက်တွေကို ဖျက်ဆီးပစ်တယ်၊ ဒီတော့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက အမှန်တရားရေးတဲ့သတင်းစာတွေဘက်က ရပ်တည်ပြီး ကန့်ကွက်မှုတွေကို အောင်မြင်သည်အထိ ဦးဆောင်ခဲ့ပုံကို ကဗျာဆရာကြီး ဦးကြည်အောင်က အခုလို ပြောပြပါတယ်။

“အဲဒီလိုဖြစ်တဲ့အခါ ဗမာပြည်စာနယ်ဇင်းအဖွဲ့ချုပ်ကြီးက အပြင်းအထန် အရေးဆိုတယ်၊ ကန့်ကွက်တယ်။ ဒီကိစ္စမယ် ဖဆပလနဲ့ သတင်းစာဆရာနဲ့သတင်းစာတိုက်တွေနဲ့က တဘက်စီ ဖြစ်နေတယ်။ အဲဒီတင် ဆရာကြီး သခင်ကိုယ်တော်မှိုင်းက သတင်းစာဆရာတွေဘက်က အပြတ်ရပ်တည်ပြီးတော့ ရန်ကုန်တမြို့လုံး တရားပွဲတွေချ၊ မန္တလေး၊ စစ်ကိုင်းနဲ့ နယ်တွေမှာလည်း တရားပွဲတွေချ၊ ဒီကိစ္စ သတင်းစာတွေ ခံရတဲ့ ကိစ္စကို ရှင်းလင်း တင်ပြတယ်။ တရားပွဲတွေမှာ လူတွေဟာ မည်းခဲနေတာပဲ။ ပြည်တင်း မင်းမခံနိုင် ဆိုတဲ့အတိုင်း နောက်တော့ ဖဆပလအစိုးရက အလျှော့ပေးရတယ်။”

လွတ်လပ်ရေးရပြီးစ ဆူပူမှုတွေဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေး ကြိုးပမ်းခဲ့ရာကနေ ကမ္ဘာ့ငြိမ်းချမ်းရေးအထိ ဆောင်ရွက်ခဲ့ပုံကို ဆရာကြီးဒဂုန်တာရာက အခုလို ပြောပြပါတယ်။

“ပြည်တွင်းစစ် ဖြစ်ဖြစ်ချင်းပဲ ဆရာကြီးရဲ့ ပြည်တွင်းငြိမ်းချမ်းရေး ခေါ်တာပေါ့၊ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ကြီး ဖွဲ့လိုက်တယ်။ အဲဒီမှာ ဆရာကြီးက ဥက္ကဋ္ဌ။ ဆရာကြီး တရုပ်ပြည်ကို သွားတော့လည်း အဖွဲ့ထဲ ကျနော်ပါခဲ့တာပဲ။ ပြည်တွင်းမှာ ငြိမ်းချမ်းရေးညီလာခံတွေ လုပ်တော့လည်း ကျနော်တို့ ပါခဲ့တာပဲ။ ဆရာကြီးက ကဗျာဆရာကြီးတယောက်တောင် မဟုတ်ဘူး၊ အမျိုးသားရေး လှုပ်ရှားမှုတိုင်း၊ လူထုလှုပ်ရှားမှုတိုင်းမှာ ပါဝင်တဲ့ နိုင်ငံရေးခေါင်းဆောင်ကြီးတယောက် ဆိုတာ ဒါ အများလည်း သိပြီးသားပါပဲ။”

မြန်မာ့နိုင်ငံရေးသမိုင်းမှာ အရေးပါတဲ့ ကဗျာဆရာကြီး ငြိမ်းချမ်းရေးပိသုကာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို သမိုင်းကနေ ဖျောက်ထားတာ မကောင်းဘူးဆိုတာကိုတော့ ကဗျာဆရာကြီးဦးကြည်အောင်က အခုလို ပြောပြပါတယ်။

“လက်တွေ့သာဓက ပြောမယ်။ အခု ၁၀တန်းမယ် ပြဋ္ဌာန်းတဲ့ သပြေနုချိန် ကဗျာ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ရေးတာ။ ဟော အခု အဲဒီကဗျာကို ဖြုတ်ပစ်လိုက်ပြီ။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ရေးတာ။

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဆိုတဲ့ နာမည်ကို လူငယ်တွေ မကြားအောင်၊ မသိအောင်၊ မမြင်အောင် နားပိတ်၊ မျက်စိပိတ်၊ ပါးစပ်ပိတ်ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေကြတာ။ ဒါကြောင့်မို့ ကနေ့လူငယ်တွေဟာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ စာပေကိုလည်း မသိဘူး၊ ဆရာကြီး ပါဝင်ခဲ့တဲ့ နယ်ချဲ့ဆန့်ကျင်ရေး ဆိုတာကိုလည်း ကနေ့လူငယ်တွေ မသိတော့ဘူး။ နာမည်ရော ဆရာကြီးလုပ်ခဲ့တဲ့ လုပ်ငန်းရပ်တွေကိုလည်း မသိတော့ဘူး။ အဲဒါက မူဖျောက်ပေါ့။ fade out လုပ်ပစ်ကြတာ။ ကြေကွဲစရာ ကောင်းတယ်။”

နောက် ကဗျာဆရာကြီးဦးကြည်အောင်ကပဲ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ဈာပနကို အခုလို အမှတ်တရလည်း ပြောပြပါသေးတယ်။

“ဆရာကြီးဈာပနာဟာ စမ်းချောင်း(ပဒုမ္မာ)၀င်းကြီးထဲမယ် ကျင်းပတာ။ ဆရာကြီးရဲ့ရုပ်ကလာပ်ကို မှန်ခေါင်းထဲ ထည့်ထားတာ။ ပြည်သူ့စာဆိုကြီး၊ ပြည်သူ့ကဗျာဆရာကြီး ဖြစ်လေတော့ သူ့နှုတ်ခမ်းရယ်၊ လက်တွေရယ် ရွှေချထားတာ။ အဲဒါတွေ အမှတ်တရ မြင်မိတယ်။ ကဗျာဆရာကိုလေးအောင်တို့၊ ကဗျာဆရာတွေက အဲဒီမှာ ကဗျာစာအုပ်လေးတအုပ် အရှေ့လေ ဆိုတဲ့ စာအုပ်လေးထုတ်တယ်။ အခမ်းအနားတွေ ကျင်းပတယ်။ ဆရာကြီး အတ္ထုပ္ပတ္တိ၊ ဆရာကြီးအကြောင်း၊ ဆရာကြီးကဗျာအကြောင်းတွေကို ဟောကြ ပြောကြတယ်။ မှတ်မိသလောက်တော့၊ လူထုဦးလေးလှ၊ ဆရာကြီးမင်းသုဝဏ်၊ နောက် ဇာဂနာတို့ရဲ့အဖေ (နန်းညွန့်ဆွေ)၊ အဲဒီပုဂ္ဂိုလ်တွေ ဟောကြ ပြောကြတယ်။”

၁၉၆၄ခု ဇူလိုင်လ ၂၃ ရက်နေ့မှာ ကွယ်လွန်ခဲ့တဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းဟာ မြန်မာနိုင်ငံရဲ့သမိုင်းမှာ ဘယ်လောက်အထိ အရေးပါတယ်ဆိုတာကို ကဗျာဆရာကြီး ဦးကြည်အောင်ရဲ့ စကားနဲ့ပဲ နိဂုံး ချုပ်လိုက်ပါတယ်။

“တရုပ်ပြည်ရေးမယ် ယန်စီမြစ်ကြီးရယ်၊ မော်စီတုန်းရယ်၊ စာရေးဆရာကြီးလူရွှန်း မပါရင် တရုပ်ပြည်ရဲ့ သမိုင်းဟာ မပြည့်စုံနိုင်သလို၊ ကျနော်တို့ရဲ့ မြန်မာ့သမိုင်း မှာလည်းပဲ သခင်အောင်ဆန်းရယ်၊ ဧရာဝတီမြစ်ကြီးရယ်၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရယ် မပါရင် ကျနော်တို့ မြန်မာသမိုင်းဟာ မပြည့်စုံနိုင်ပါဘူး။”


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts