>
၁
သမိုင်းဝင်နေ့ရက်များရဲ့
ဆည်းဆာလွန်မြောက်
တိမ်တောက်ကွယ်ပုန်း
အမှောင်ဖုံးချိန်
အမေ့အိမ်ကို လွမ်းမိတယ် ။
အမေ့အိမ်ပေါက်
အလွမ်းရောက်စဉ်
တိတ်ဆိတ်ကြေကွဲ
ဘယ်မှာလဲ အမေ …
စိတ်ပုတီးတကုံး
ကြိမ်မီးအုံးလျက်
သားအတွက်ပူဆွေး
နှလုံးသွေးများ
မျက်ရည်ဖြစ်သွား
ဘုရားစင်ရှေ့မှာ ။
အရှင်ဘုရား …
တပည့်တော်မ
အနှစ်နှစ်ဆယ်လုံးလုံး
သားပြန်အလာကို
စောင့်မျှော်နေခဲ့ရပါတယ် … ဘုရား
အမေ့ကျေးဇူး
မဆပ်ဖူးချင်နေပါစေ
ခေတ်တခုပြောင်း
စနစ်ဟောင်းကို
တွန်းလှန်ဖြိုဖျက်
ပြည်သူအတွက်
သမိုင်းတခေတ်
ထုဆစ်ရဲသူ
ဤလိုလူပင်
မိဘကျေးဇူးဆပ်သည်
မှတ်ယူပါသည် … ဘုရား
အဲဒီလို ဘုရားတိုင်ရတုဟာ
ခေတ်တိုင်းမှာ
အမေတွေရဲ့ ရင်ထဲက
စီးဆင်းခဲ့တာ အသေအချာပါ ။
သမိုင်းဝင်နေ့ရက်များရဲ့
ဆည်းဆာလွန်မြောက်
တိမ်တောက်ကွယ်ပုန်း
အမှောင်ဖုံးချိန်
အမေ့အိမ်ကို လွမ်းမိတယ် ။
Illustration – http://www.claudiam.com/paintings/DetailPages/DetailMotherChildAbstract.htm