Uncategorized

Thu Luu – Poem

အကန်းနဲ့ လမ်းခွဲခြင်း 
သူ့လူ (ကာရိုလိုင်းနား)
ဇူလိုင် ၂၂၊ ၂၀၁၃

သူငယ်ချင်း တစ်ယောက်
ဆယ်နှစ်လောက်ကွဲကွာ
ပါတီမှာတွေ့ 
မမေ့သေးကြောင်း
အဟောင်းတွေ ပြန်ပြော
ဟာသစကားများလဲနှော လို့ 
ရီလိုက်ရတာ အမောဆို့ လု။။
လေးနက်တဲ့ အကြောင်း
နိုင်ငံရေးကို ဇောင်းပေး
အကြိတ်အနယ် ဆွေးနွေးကြတော့
အကျိုး အကြောင်း မမြင်
အမှားတွေကို အမှန်ပြင်ပြော
သင်းသဘောကို ကောင်းကောင်းသိ
သူ့ ဆွေမျိုးတွေထိလို့ လား ဆိုဘိအောင်
စိတ်မှာတောင် ထင်ယောင်မိခဲ့။။
ငြင်းကြခုံကြ
ထသတ်တော့ မတတ်
တစ်ဘက်သတ် ကြည့်တတ်တဲ့ အကြည့်
တစ်ဝက်လောက်သာ သိတဲ့ အသိတွေနဲ့ 
မျက်နှာများ ပျက်သည့်ထိ 
အတင်းကို ဖိရှင်းနေကြတာ
အချင်းချင်း ကြည့်တောင် မကြည့်ရဲခဲ့ဘူး။။
သူကမျိုးချစ်သူ (Nationalist) တဲ့။
ကျုပ်က အမှန်ချစ်သူ (Realist)
ဘယ်သူက ညစ်မလဲဆိုတာ
စိစစ်သာ ကြည့်ကြ။
မျိုးချစ်သူက အကျိုးအကြောင်းမကြည့်
အမျိုးကောင်းဘို့ သာသိ
အမှန်ချစ်သူက အဆိုးအကောင်းကြည့်
အများကောင်းကျိုးကို သိလို့ 
ကျုပ်အတွက်တော့ အန္တရာယ်တောင် ရှိသဗျို့ ။။
ရက်စက်ကြမ်းကြုတ်
အုပ်ချုပ်တဲ့အစိုးရ
နိုင်ငံရေးမှာ ဘာဝါဒမှ လက်ကိုင်မရှိ
သင်းမို့ လို့  လုံးဝအတိ ထောက်ခံ
ဘာကြောင့်များ ဘက်ကန်ပေးနေပါလိမ့်လို့ 
စဉ်းစားရခက်
သိပ်ကို နိမ့်လျှက်ရှိတဲ့ အောက်တန်း
ငရဲရဲ့ နှုတ်ခမ်းတောင် ရောက်နေတဲ့ သူငယ်ချင်းဘဲ။။
နောက်ဆုံး
လူသတ်တဲ့နိုင်ငံရေး
မှန်သလား တွေးစမ်းဆိုတော့..
နိုင်ငံရေးသမား
ငရဲတွေ ဘေးချိပ်ထား
စဉ်းစားမနေနဲ့ 
ဖြတ်သင့်ဖြတ် သတ်သင့်သတ်
နိုင်တဲ့သူ အမြတ်ထွက်သတဲ့ဗျာ။။
သူဆီက ဒီအဖြေရတော့
ကောင်းလိုက်တဲ့ နိုင်ငံရေးဒဿန
သြကာသနဲ့  ဦးချရလောက်ရဲ့ ဆိုပြီး 
အောင့်အီးကာ သည်းခံရင်း
တင်းနေတဲ့ဒေါသ
ထွက်မကျအောင်
မနည်းတောင် မျိုချခဲ့ရတယ်။။  
အများကြိုက်တဲ့ ယေဘုယျ အမှန်သဘော
စောကြောတက်နေစရာ မလို
ထောက်ခံဖို့ အသိသာ ထားရှိ ရမှာမို့ 
သစ္စကပရိဗိုဇ်ကဲ့သို့ အစွဲကြီးတဲ့  အတ္တနဲ့ 
ကြိုးဆွဲချ သေလုမတတ် 
တဖက်သတ် ဇွတ်အတင်း စွတ်ငြင်းတဲ့ဝါသနာ
သေတာတောင်လျှော့မယ်မထင်။။
မျက်မမြင်ပုဏ္ဏားတွေလို
ထင်ယောင်ထင်မှားမဟုတ်
အ၀ီစိ ငုပ်တုပ်သွားလောက်အောင်ကို
မှားနေတဲ့ လုံးဝအမှား
မင်းကား မပြင်ရင်တော့
မိတ်ဆွေပင် ဆက်တော်ချင်စိတ် မရှိဘူးဆိုပြီး
စိတ်အပျက်ကြီးပျက်မိရင်း
ပါတီပွဲ အတွင်းမှာဘဲ သူငယ်ချင်းနဲ့ 

ချက်ချင်း လမ်းခွဲလာခဲ့မိတယ်။။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts