>The junta says Daw Suu may be freed soon

>

ဒေါ်စု လွတ်လာနိုင်ဖွယ်ရှိဟု စင်္ကာပူ ခန့်မှန်း

Reuters သတင်းဌာန
ဇူလိုင် ၂၀၊ ၂၀၀၈

ဒေါ်အောင်ဆန်းစုကြည်အား ခြောက်လခန့် အကြာတွင် လွတ်ပေးနိုင်ဖွယ် ရှိကြောင်း၊ ၆ နှစ်ကြာ အကျဉ်းချနိုင်ခွင့် သက်တမ်းလည်း ကုန်ဆုံးတော့မည် ဖြစ်ကြောင်း စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးက ယနေ့ ပြောဆိုလိုက်သည်။

နိုဗဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်စုသည် ၂၀၀၃ ခုနှစ် မေလမှ စတင်ပြီး အိမ်ချုပ်ချခံထားရသည်။ နိုင်ငံတကာက ဒေါ်စုလွတ်မြောက်ရေးအတွက် ဗိုလ်ချုပ်ကြီးများကို တောင်းဆိုခဲ့သော်လည်း ယခုနှစ် မေလက အိမ်ချုပ်သက်တမ်း ၁ နှစ် ထပ်မံတိုးခဲ့သည်။

စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး George Yeo က “သူတို့ဥပဒေအရဆိုရင် ပြည်ထဲရေးဝန်ကြီးက ဒေါ်စုကို ၁ နှစ်ကြာ ချုပ်နှောင်ခွင့်ရှိတယ်၊ ၀န်ကြီးချုပ်က ၅ နှစ်ကြာ ချုပ်နှောင်ခွင့်ရှိတယ်။ ဆိုတော့ အများဆုံး ၆ နှစ်ပေါ့ဗျာ”ဟု ပြောပြသည်။ မြန်မာ နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းကို ကိုးကားပြီး ယင်းသို့ ပြောလိုက်ခြင်းဖြစ်သည်။

“၆ နှစ်ကြာ ချုပ်နှောင်ထားခွင့် ဆိုတာလည်း သက်တမ်းကုန်ဖို့ ၆ လလောက်ပဲ ကျန်တယ်ဆိုပြီး သူက ကျနော်တို့ကို ပြောပြပါတယ်” ဟု အာဆီယံဝန်ကြီးများ ညစာစားပွဲအပြီးတွင် George Yeoက ရှင်းပြသည်။

၆လအကြာတွင် ဒေါ်စု လွတ်မြောက်လာမည်ဟု အဓိပ္ပာယ် ရပါသလားဟူသော မေးခွန်းကို သူက “(ဦးဉာဏ်ဝင်း)ပြောတဲ့ဟာကို ပြန်ပြောပြတာပါဗျာ။”ဟု ပြန်လည်ဖြေကြားသည်။

ဦးဉာဏ်ဝင်းပြောဆိုသည့် ၆ နှစ်တာ ချုပ်နှောင်ခွင့်သက်တမ်း ကုန်ဆုံးမှုမှာ လက်တွေ့တွင် မည်သို့ဖြစ်လာနိုင်ကြောင်း ရှင်းရှင်းလင်း မသိရသေးပေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts