>Taxi & Bus Fare price hike in Burma dispite Junta price control

>

လောင်စာဆီ အကြပ်အတည်းများ ယခုအချိန်ထိ မပြေလည်သေး
ခရီးသည်တင်ကားခများ အဆမတန် တက်နေဆဲ
စစ်အစိုးရက မီတာတပ်ပြီး ဈေးကို တားဆီး

မိုးမခ အထောက်တော် ၀၀၃

ဇူလိုင် ၁၆၊ ၂၀၀၈
၂၀၀၈ အတွင်း ရန်ကုန်မြို့တွင်း ဓာတ်ဆီဈေးမှာ မှောင်ခိုဈေး တဂါလံ ၂ သောင်း အထိ ဖြစ်နေပြီး အငှားကားစရိတ်မှာ ၂ မိုင်က ၅ မိုင်အတွင်းကို ကျပ်ငွေ ၁၅၀၀ ပတ်ဝန်းကျင် ရှိနေသည်။ စစ်အစိုးရက ကားငှားခများ တိုးမြှင့်နေခြင်းကို တားဆီးရန် တတ်ဆင်ထားသော မီတာများအတိုင်း ငွေကောက်ခံရေးကို တင်းကြပ်စွာ စောင့်ကြည့်လာနေသည်ဟု သိရသည်။ အစိုးရ သတ်မှတ်နှုန်းမှာ တမိနစ်လျင် ကျပ် ၁၀၀ နှုန်းဖြင့် သတ်မှတ်ထားသည်ဟု ဆိုသည်။

“ကျနော်တို့ကတော့ ခရီးသည်နဲ့ နားလည်မှုယူပြီး ကားမောင်းတယ်။ မော်တော်ပီကယ်က စစ်ရင် မီတာကို ဖွင့်ထားပြီး ပြလိုက်တယ်။ တောင်းတာကတော့ ခရီး အနီးအဝေးနဲ့ ကိုယ်ပြန်၇မယ့် လမ်းပေါ်မူတည်ပြီး တောင်းတာပဲ။ အစိုးရဈေးနဲ့ ဘယ်မှာမှ အလုပ်မဖြစ်တာ ဟို ဆိုရှယ်လစ်ခေတ်ကတည်းကပဲ။ အဲဒါကိုတော့ စစ်တပ်က မပြင်နိုင်သေးဘူး။ ရေတို့၊ မီးတို့၊ ဓာတ်ဆီတို့၊ ဂက်စ်တို့ကတော့ ကိုတာတို့ ရာရှင်တို့နဲ့ ပြည်သူတွေက စခန်းသွားနေရတယ်။”

ဟု တက္ကစီမောင်းသူတဦးက ပြောပြသည်။

ဈေးကွက် စီးပွားရေးနှင့် တခါးဖွင့်ဝါဒဟု ကြွေးကြော်နေသော်လည်း ပြည်ပ ဒေါ်လာငွေကြေး ဈေးကွက်ကိုယ်တိုင်ပင် မှောင်ခိုဈေး (အပြင်ဈေး) နှင့် အစိုးရဈေးဟူ၍ ရှိနေရာ အစိုးရဆိုင်ထုတ် ဓာတ်ဆီဈေး ကျပ်ငွေ ထောင်ကျော် ချိန်တွင် အပြင်ဈေးမှာ ဆယ်ဆလောက် ရှိနေသည်မှာ မထူးဆန်းဟု သတင်းပေးသူများက မှတ်ချက်ပေးသည်။

မြို့တွင်း ခရီးသည်တင် ဘတ်စ်ကားဈေးများမှာလည်း မှတ်တိုင် အနည်းအများပေါ်မူတည်ပြီး တောင်းနေကြရာ တတိုင် နှစ်တိုင်ကို ကျပ်ငွေ ၅၀၊ ခရီးဝေးလျင် ကျပ် ၂၅၀ က ၃၀၀ ကျော် အထိရှိသည်ကို တွေ့ရသည်။ ဦးပိုင်ဟု ခေါ်သော စစ်အစိုးရ ဖက်စပ် လိုင်းကားများဖြစ်သည့် အဓိပတိက ဘယ်စီးစီး ကျပ် ၂၀၀ ယူပြီး ရွှေဧည့်သည်ကားလိုင်းက ကျပ် ၃၀၀ တောင်းသည်ဟု သိရသည်။

“ရွှေပြည်သာ၊ လှိုင်သာယာတို့က မြို့ထဲက အလုပ်ကို လာတာ တနေ့ ၇၀၀ လောက် ကုန်တယ်။ လစာက အပြင်မှာ အခြေခံ တလကို ကျပ် ၃ သောင်းလောက်တော့ ရတယ်။ တနေ့ကို ကျပ် ၁ ထောင် ရတယ်ဆိုတော့ အိမ်ပြန်ရင် ငွေ ၃၀၀ ပဲ ကျန်တယ် ဆိုပါတော့။ ဒါက အမှန်အတိုင်း တွက်ပြတာလေ။ တခြား အလုပ်တွေ လုပ်ရတယ်။ ကြားဖြတ်ဝင်ငွေတွေ ရှာရတယ်။ ဘတ်စကား စရိတ်က အရင်က ၂၀ တို့၊ ၅၀ တို့ ကနေ တက်တက်သွားတာ။ မတက်တာက ၀န်ထမ်းလစာပေါ့နော်။ ကျပ်တန်တို့၊ ငါးကျပ်တန်တို့၊ ဆယ်တန်တို့က ရှားကုန်ပြီ။ “

ဟု မြို့ပြင်က အလုပ်တက်နေသူတဦးက သူ့ထင်မြင်ချက်ကို ပြောသည်။ တက္ကစီ ညဆိုင်းမောင်းသူ တဦးမှာ တညလျင် ကျပ် ၃ သောင်းခန့် ၀င်လေ့ရှိရာမှ ယခုဆိုလျင် ကျပ် ၁ သောင်းကျော်သာ ၀င်သည်ဟု ဆိုသည်။ ထိုငွေထဲတွင် ကားစရိတ်၊ အုံနာစရိတ်နှင့် ဓာတ်ဆီဈေးတို့ကို နှုတ်ပြီးမှ ကားမောင်းသူအတွက် ကျန်မည်ဟု ပြောသည်။

“အရင် သတင်းမှာ ခင်ဗျားတို့ကို ပြောမိတယ်။ နာဂစ်ကြောင့် ဖါ ဖြစ်ကုန်ပြီ လို့။ ဟုတ်လား။ အခုတကယ်တန်းကတော့ စစ်တပ်လက်အောက်မှာ အားလုံး ဖွတ် ဖြစ်ကုန်တာလို့ ပြောရမှာ …”

သတင်းပို့သူက မှတ်ချက်ပေးသွားသည်။

၂၀၀၇ သြဂုတ်လက ဓာတ်ဆီဈေးနှုန်းများ အဆမတန် မြှင့်တင်ခဲ့ပြီးနောက်ပိုင်း မြန်မာပြည်တွင် အထွေထွေအကြပ်အတည်းများ ပိုမိုဆိုးဝါးကာ ကျောင်းသား လူထုသာ မက ရဟန်းသံဃာများက လမ်းပေါ်ထွက် ဆန္ဒပြကန့်ကွက်ခဲ့ကြသော်လည်း စစ်အစိုးရက တင်းမာစွာဖြင့် အကြမ်းဖက်နှိမ်နှင်းမှုဖြင့် တုန့်ပြန်ခဲ့သည်။ ၂၀၀၈ မေလ နာဂစ်မုန်တိုင်းအပြီး ပြန်လည်ကူညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကိုလည်း အဆင့်ဆင့် တားမြစ်မှုများဖြင့် ထိမ်းချုပ်ထားသည့်အပြင် စစ်တပ်ကို ဝေဖန်သူများကို ဥပဒေမဲ့ ဖမ်းဆီးအကျဉ်းချထားခြင်းများ ကျူးလွန်ဆဲ ဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts