>
စစ်လူစုနှင့် တို့လူထု
တင်မိုး
ဇူလိုင် ၇၊ ၂၀၀၈
နယ်ချဲ့အရုပ်၊ ဝန်ကြီးချုပ်သည်
စစ်ရုပ်ဆင်ကာ၊ စစ်ခရာဖြင့်
စစ်ဝါဒကို ဖြန့်လေပြီ။
စစ်လက်ဝေခံ၊ လုပ်ကြံကြေညာ
သတင်းစာလည်း
‘စစ်ဝါဒသည် တရားသည်’ ဟု
လိမ်လည် ထောက်ခံနေဘိ၏။
စုပြုံသိုလှောင်၊ ဂိုဒေါင်သွင်းပြီး
ကုန်သည်ကြီးလည်း
စစ်မီးလျှံတွင်၊ အမြတ်မြင်၍
ပြုံးရွှင် ခေါင်းညိတ် နေဘိ၏။
လက်နက်ရုံမှ
ကုမ္ပဏီရှင်၊ ငွေသခင်လည်း
ကြည်လင်နှုတ်သွက်၊ တအားတက်ပြီး
စစ်မက်ရေးကို ကြိုဘိ၏။
ဈေးကွက်ကစား၊ နယ်ချဲ့များလည်း
စစ်အားကောင်းမှု၊ လုံ့လပြု၍
တပ်စုစည်းရုံးနေဘိ၏။
တဖက်မှာမူ
သတင်းစာဖတ်၊ ပရိသတ်ကား
လှပ်လှပ်ရင်ဖို၊ စိတ်စက်ပြိုတည့်။
ဂိုဒေါင်စောင့်လည်း
မဖြောင့်ပျံ့လွင့်၊ စိတ်ထင့်ထင့်နှင့်
ဗုံးသင့်မည်ကို ရင်ဖိုဖိုတည့်။
လက်နက်ရုံမှ
ကုန်ထုတ်သမား၊ စက်လုပ်သားလည်း
သားမယားရေး၊ စိတ်စက်လေး၍
နှောင့်နှေးစိုးခန့်၊ တလန့်လန့်တည့်။
စားသုံးသူလည်း
ကုန်မှုရှားပါး၊ ဈေးကြီးမား၍
စားဝတ်ဒုက္ခ၊ မအေးရအောင်
ကြောင့်ကြမျိုးစုံ၊ ကိုယ်လုံးတုန်တည့်။
စစ်အမြတ်ထုတ်၊ လက်တဆုပ်သာ
မဟုတ်ပါလော ရဲဘော်တို့ …။
လူနည်းစုမှာ
လက်နက်သာရှိ အားမရှိ။
ကြီးမားပါဘိ ကြီးပါဘိ။
ဆန့်လော့ ဟန့်လော့ …
မလန့်မထိတ်၊ ရဲရင့်စိတ်ဖြင့်
စစ်ပြိတ္တာကို မောင်းထုတ်လော့။ ။
တင်မိုး
(၅၊ ၈၊ ၁၉၆၃)