>8th August 2008 to be marked as "Burma Day" world wide to acknowledge 20 years struggle for democracy in Burma under the military junta

>

“၈၈ အနှစ် ၂၀” အထိမ်းအမှတ် အဖြစ် နိုင်ငံတကာရှိ မြို့များတွင်
“ဘားမားဒေး” သတ်မှတ်နိုင်ရေး ဆွေးနွေး
မိုးမခ အထောက်တော် ၀၀၂
ဇူလိုင် ၁၊ ၂၀၀၈

၁၉၈၈ သြဂုတ်လ ၈ ရက်၊ ( ၈၊၈၊၈၈) ၈ လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး မြန်မာပြည်တ၀ှမ်းလုံး ဖြစ်ပွားပြီး တပါတီ အာဏာရှင်အစိုးရကို မြန်မာပြည်သူတို့ ဖြုတ်ချနိုင်ခဲ့သည်မှာ ယခုလာမည့် ၂၀၀၈ သြဂုတ်တွင် နှစ်ပေါင်း ၂၀ ရှိခဲ့ပြီ ဖြစ်သဖြင့် ကမ္ဘာတ၀ှမ်းလုံးရှိ မြန်မာပြည်ဒီမိုကရေစီရေး လှုပ်ရှားသူများ၊ အစုအဖွဲ့များက ထိုနေ့ ထိုရက်ကို နိုင်ငံတကာမိသားစုများဖြင့် အထိမ်းအမှတ်ပြုနိုင်ရေး၊ လှုပ်ရှားမှုတရပ်အဖြစ် မြန်မာအရေးကို ကမ္ဘာကပိုမို အာရုံစိုက်အရေးယူနိုင်ရေးအတွက် ဆောင်ရွက်နေကြကြောင်း သိရှိရသည်။

၁၉၈၈ တွင် တပါတီအာဏာရှင်စနစ်ကို ဖြိုချနိုင်ခဲ့သော်လည်း ယခုအချိန်အထိ စစ်တပ်အာဏာရှင်များက နိုင်ငံတော်အာဏာကို မတရားသိမ်းပိုက်ထားသည်မှာ နှစ်ပေါင်း ၂၀ ကြာမြင့်ခဲ့ပြီဖြစ်ရာ တရားမ၀င်စစ်အစိုးရကို နိုင်ငံတကာက ပြည်သူလူထုက အသိအမှတ်မပြုကြောင်းကို ထင်ရှားသည့် သက်သေအဖြစ် ထို ၂၀၀၈၊ သြဂုတ်လ ၈ ရက်ကို “ဘားမားဒေး” အဖြစ် ပြည်ပရှိ မြို့ရွာအသီးသီးများတွင် သတ်မှတ်နိုင်ရေးကို ကြိုးစားနေခြင်းဖြစ်သည်ဟု သိရသည်။

ဥပမာတခုအနေဖြင့် လွန်ခဲ့သည် ဇွန်လက ကယ်လီဖိုးနီးယားပြည်နယ်၊ ဘာကလေ မြို့တော်ကောင်စီက – သြဂုတ်လ ၈ ရက်နေ့ကို မြန်မာပြည်ဒီမိုကရေစီရေး လှုပ်ရှားမှုကို အသိအမှတ်ပြုသည့် အနေဖြင့်၊ ဂုဏ်ပြုသည့်အနေဖြင့် “ဘားမားဒေး” အဖြစ် သတ်မှတ်ကြောင်း၊ မြန်မာပြည်ဒီမိုကရေစီရေး ပြည့်ဝသည့်အချိန်အထိ နှစ်စဉ်ထိုနေ့ကို အထိမ်းအမှတ်ပြုမည် ဖြစ်ကြောင်း၊ မြို့တော်ခမ်းမရှေ့တွင် မြန်မာအလံကို လွှင့်ထူပေးမည်ဖြစ်ကြောင်း ဆုံးဖြတ်ချက်ချနိုင်ခဲ့ပြး ဖြစ်သည်။

၂၀၀၈ သြဂုတ်လ ၈ ရက်နေ့တွင် တရုတ်ပြည်ကလည်း ပီကင်းအိုလံပစ်ဖွင့်မည်ဖြစ်ရာ ထိုနေ့ကို တရုတ်ပြည်တွင်း လူ့အခွင့်အရေး ချိုးဖောက်နေမှုများ၊ တိဗက်အရေးအခင်းတွင် အကြမ်းဖက်နှိမ်နှင်းမှုများ၊ အာဖရိကဆူဒန်၊ ဒါဖိုးဒေသတွင်း လူမျိုးရေးသတ်ဖြတ်မှုများကို တရုတ်က စီးပွားရေးအကျိုးကြည့်ပြီး ရေငုံနေမှုများကြောင့် နိုင်ငံတကာက လူ့အခွင့်အရေးအဖွဲ့များ၊ လူသားချင်းစာနာသူများက ကန့်ကွက်ဆန္ဒပြမှုများဖြင့် တုန့်ပြန်ကြဦးမည်ဖြစ်သည်။

မြန်မာပြည် အရေးအခင်းအနေဖြင့်လည်း ၂၀၀၇ လောင်စာဆီသပိတ်၊ သံဃာသပိတ် အရေးအခင်းများကို စစ်အစိုးရက အကြမ်းဖက် နှိမ်နှင်းခြင်း၊ ကုလသမဂ္ဂ၀င်ရောက် စေ့စပ်မှုကို အလေးမထားခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများကို ဆက်လက် ဖမ်းဆီးထိမ်းသိမ်းထားခြင်း၊ ၂၀၀၈ မေလ နာဂစ်မုန်တိုင်းအရေးအခင်းတွင်လည်း ကာကွယ်ရန်၊ ကယ်ဆယ်ရန်နှင့် ကူညီစောင့်ရှောက်ထူထောင်ရန် အစိုးရ၀တ္တရားပျက်ကွက်ခြင်း၊ နိုင်ငံတော်တွင် အရေးပေါ်လေဘေးကျရောက်နေချိန် လူထုဒုက္ခကို မျက်ကွယ်ပြုပြီး ပြည်သူဆန္ဒခံယူပွဲအမည်ခံ စစ်တမ်းအတုအယောင်ဖြင့် နိုင်ငံရေးအမြတ်ထုတ်ခြင်း၊ နိုင်ငံတကာနှင့်တကွ စေတနာမြန်မာပြည်သူတို့၏ လေဘေး ကယ်ဆယ်ရေးဆောင်ရွက်မှုတို့ကို တားမြစ်ခြင်း၊ အနှောက်အယှက်ပေးခြင်း စသည့် လတ်တလော အခြေခံအချက်များကြောင့် နိုင်ငံတကာ လူသားချင်းစာနာသော မိသားစုများ၊ အစုအဖွဲ့များအနေဖြင့် မြန်မာပြည် စစ်အာဏာရှင်များအောက်က လွတ်မြောက်ရေးသည် အဓိကအဖြစ် ရှုမြင်လာနေချိန်တွင် ယခုကဲ့သို့ “ဘားမားဒေး” ကို ကမ္ဘာတ၀ှမ်းက မြို့ကြီးများအနှံ သတ်မှတ်ကျင်းပနိုင်ပါလျင် မြန်မာပြည်သူလူထုကြီးနှင့်အတူ နိုင်ငံတကာက လူသားအားလုံးက တညီတညွတ်တည်း အားပေးထောက်ခံလျက်ရှိကြောင်း ထင်ရှားသည့် သာဓကဖြစ်ပါကြောင်း မြန်မာအရေးဆောင်ရွက်နေသူများက မျှော်လင့်ထားသည်ဟု သိရပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts