>ကေဵးကဋ္ဋန်ဘ၀မသြည် နိုင်ငံတော်သမ္ထတဆီသို့

>

(photo: eonline.com)

ကျေးကျွန်ဘ၀မှသည် နိုင်ငံတော်သမ္မတဆီသို့
ဇော်အောင် (၀ါရှင်တန်ဒီစီ)
ဇွန် ၁၄၊ ၂၀၀၈

အချိန်ခဏပေးပြီး ကျနော်တို့ မဖြစ်နိုင်ခဲ့တာတွေ အခုဖြစ်လာနေတာကို ပြန်တွေးကြည့်ရင် မယုံနိုင်စရာ။ ဘာရက် အိုဘာမား (Barrack Obama) အမည်နဲ့ သက်တမ်းနု လူငယ်လူမည်းတစ်ယောက် ထိပ်တန်း ဒီမိုကရက်တစ်ပါတီရဲ့  သမ္မတလောင်းအဖြစ် အရွေးခံလိုက်ရခြင်း က အဟောင်းနဲ့အသစ်၊ မနေ့ကနဲ့ဒီနေ့၊ အတွေးဟောင်းနဲ့အတွေးသစ်၊ လူအိုနဲ့လူငယ်၊ အဖြူနဲ့အမည်း စတာတွေ နှိုင်းယှဉ်ပြောစရာ ဖြစ်လာတယ်။

မသိသေးသူများအဖို့ အကြမ်းဖက်သမားများကို ချုပ်နှောင်ထားတဲ့ ဂွန်တနာမို (Guantanamo) စစ်စခန်းက အကျဉ်းသမားတယောက် အမည်နဲ့လူလိုလို၊ အဖေဆိုသူက အာဖရိကန် ကင်ညာနိုင်ငံသားလူမည်း၊ အမေဖြစ်သူက အမေရိကန်အလယ်ပိုင်း ကန်စက်ပြည်နယ်သူ လူဖြူတို့၏သား လူဖြူလူမည်းစပ်၊ လွှတ်တော်မှာ ပထမသက်တမ်း (၂ နှစ်) ပဲ တာဝန်ထမ်းဆောင်ရသေးသူ၊ ၀ါနု လူမည်းလွတ်တော်အမတ် ဖြစ်သူ လပေါင်းရက်ပေါင်းများစွာ နိုင်ငံတ၀ှမ်း ပြည်နယ်ဒေသအလိုက်မှာ အလွန်ထင်ရှား လူသိများတဲ့ နိုင်ငံရေးပြိုင်ဘက်အင်အားစုနဲ့ ပဏာမရွေးကောက်ပွဲကို အကြိတ်အနယ် သူတပြန်ကိုယ်တပြန် ယှဉ်ပြိုင်ပြီးနောက် ဒီမိုကရက်တစ်ပါတီ၏ သမ္မတလောင်းအဖြစ် ရွေးချယ်ခြင်းခံရလေပြီ။ သူရဲ့  အောင်မြင်မှုကျော်လွှားမှုက နှစ်ပေါင်း ၃၈၉ နှစ်ကြာ သမိုင်းဟောင်းကို အံတုဖြိုဖျက်နိုင်လိုက်ခြင်းလို့ သမိုင်းမှတ်တမ်းတင်နိုင်ပြီ်။

အမေရိကန်ပြည်နယ်သစ်ကို ရှာဖွေတွေ့ရှိပြီး ၁၆၁၉ ခုနှစ်မှာ ကိုလိုနီနယ်မြေသစ် ဗားဂျီနီးယားပြည်နယ်၊ ဂျိမ်းစ်မြို့ ဆိပ်ကမ်းကို အာဖရိကတိုက်က ဖမ်းဆီးခေါ်ဆောင်လာတဲ့ သံချိန်းကြိုးချုပ်နှောင် လူမည်းကျေးကျွန်ရာပေါင်းများစွာ ပထမဦးဆုံးအကြိမ် ရောက်ရှိလာခဲ့တယ်။ အဲဒီအချိန်ကစပြီး အမေရိကန်လွတ်လပ်ရေးတိုက်ပွဲ၊ ကျေးကျွန်စနစ်ဖျက်သိမ်းရေး၊ တောင်မြောက်ပြည်တွင်းစစ်၊ ပြန်လည်တည်ဆောက်ရေး၊ ဂျင်ခရို အသားရောင်ခွဲခြားရေးစနစ် ဖျက်သိမ်းရေး စတဲ့ သမိုင်းသစ်တော်လှန်ပြောင်းလဲမှုများမှာ လူမျိုးအသားအရောင်က ထိပ်တန်းအဓိက ဖြစ်လာခဲ့တယ်။

ရှေ့မီနောက်မီ လူကြီးများ နဲ့ သမိုင်းမှန်သိသူများအဖို့ ကျနော့်လို အိုဘားမားတို့လို့ အသားမည်းတွေ အမှောင်ဖုံးခဲ့တဲ့ လူမဆန်တဲ့ အသားရောင်ခွဲခြား ဖိနှိပ်ကန့်သတ်ခဲ့တဲ့ကာလကို ဘယ်လိုလျှောက်လှမ်း ဖြတ်ကျော်တိုက်ပွဲဝင်ခဲ့ရတာကို မှတ်မိကြပါလိမ့်မယ်။ နယ်မြေသစ်တည်ဆောက်ပြီး လွတ်လပ်ရေးကြေညာစာတမ်းမှာ နိုင်ငံသစ်တည်ဆောက်ခဲ့တဲ့ ခေါင်းဆောင်ကြီးများက အခြေခံဥပဒေမူကြမ်းမှာ လူတိုင်းတူညီတဲ့အခွင့်အရေးရမယ် ဆိုပေမဲ့ လူဖြူမဟုတ်တဲ့ ကျနော်တို့လို အိုဘားမားလို လူမည်းများနဲ့ တခြားအသားရောင်ရှိသူများအဖို့ ဒီနယ်မြေသစ်ကို အတူတကွ တည်ဆောက်ခဲ့ပေမယ့် အခြေခံ လူ့အခွင့်အရေး၊ တန်းတူညီတူအခွင့်အရေးများကို လုံးဝမရခဲ့လို့ နှစ်ပေါင်းများစွာဆက်လျှက် အသက်ပေါင်းများစွာ စတေးကာ တော်လှန်တိုက်ပွဲ တောင်းဆိုခဲ့ကြရပြန်တယ်။

လွန်ခဲ့တဲ့ အင်္ဂါနေ့ည (ဇွန် ၃၊ ၂၀၀၈) မှာ အိုဘားမားတယောက် လိုအပ်တဲ့ ဆန္ဒမဲအရေအတွက် ရရှိကာ ဒီမိုကရက်တစ်ပါတီ သမ္မတလောင်းရွေးကောက်တင်မြောက်ခံ အောင်ပွဲမိန့်ခွန်းကို နားထောင်ရင် ဒီနေ့ နှစ်ဆယ့်တစ်ရာစုသစ်မှာ အဖြူ အမည်း အညို အ၀ါ လူမျိုးတွေ သာတူညီမျှနေနိုင်ဖို့၊ မဲပေးပိုင်ခွင့်၊ ရွေးချယ်ခံခွင့်များ ရဖို့ အသက်ပေးတိုက်ပွဲဝင်ခဲ့ကြတဲ့ ကျနော်တို့ရဲ့  ဘိုးဘေး အာဂသူရဲကောင်း လူမည်းလူဖြူများကို ပြန်လည်သတိရ ဂါရ၀ပြု ကျေးဇူးတင်မိတယ်။ တဖက်မှာလည်း တချိန်က အသားရောင်ခွဲခြားမှုကို အားပေးလုပ်ဆောင်ခဲ့တဲ့ တောင်ပိုင်း ဒစ်စီကရက် (Dixiecrate) ဒီမိုကရက်တစ်ပါတီက တနေ့ကျရင် လူမည်းတယောက်ကို ပါတီခေါင်းဆောင်၊ နိုင်ငံတော်သမ္မတလောင်း ရွေးချယ်လိမ့်မယ်လို့ ကျနော် အိမ်မက် မမက် မတွေး မမျှော်လင့်ခဲ့ဘူး။

သမိုင်းဟောင်းကို ပြန်ကြည့်ရင်တော့ ရင်မောစရာ၊ ရုပ်ဆိုး ရှက်ဖွယ်မှားယွင်းမှုများနဲ့ ဖုံးလွမ်းနေတာကို တွေ့ရပေမဲ့ ဒီနေ့ ကျနော်တို့ ပြည်သူပြည်သားများ အတွေးသစ် အမြင်သစ်များဖြင့် လူမည်းတစ်ယောက်ဖြစ်တဲ့ အိုဘားမားကို ပြတ်ပြတ်သားသား ရွေးချယ်ခဲ့လေပြီ။ အိုဘားမား အပြောအဟော အိမ်မက် မျှော်လင့်ချက်တွေကို ထောက်ခံနေသူ လူငယ်လေးများ ကြွေးကြော်ချက် “အသားရောင်သည် အဓိကမဟုတ်” အတိုင်း ကျနော်တို့တတွေ သမိုင်းစာမျက်နှာသစ် ရေးနိုင်ပါပြီ။ ကျနော်တို့ ဖြတ်သန်းခဲ့တဲ့ လမ်းဟောင်း ခရီးရှည်ကြီး ကုန်ဆုံးကာ နောက်ဆုံးအဆင့် တောင်ကုန်းကလေးကျော်လိုက်ရင် နိုင်ငံသစ်တည်ဆောက်ခဲ့တဲ့ ဖခင်ကြီးများ ရေးထိုးမှတ်တမ်းပြုခဲ့တဲ့အတိုင်း လူတိုင်းသာတူညီမျှအခွင့်အရေးရရှိရမည်ဆိုတာ ဖြစ်လာပါပြီ။

ဒါပေမဲ့ ခရီးလမ်းမှာ အဖုအထစ်အနည်းငယ် ရှိနေဆဲပါ။ လူငယ်လေးတွေ တက်တက်ကြွကြွနဲ့ နေ့သစ်တည်ဆောက်နေချိန်မှာ လူနည်းစုတချို့ မှာ သမိုင်းဟောင်း အတွေးဟောင်းထဲမှာ ကျန်ရစ်အိပ်မောနေလျှက် ရှိနေပါသေးတယ်။ ဘာရက်အိုဘားမားကို ထောက်ခံ ကူညီလုပ်ဆောင်နေသူ စေတနာ့ဝန်ထမ်း လူငယ် လူဖြူလေးတယောက် ရေးလာတဲ့ အီးမေးလ်တစောင်မှာ သူတို့တွေကို နစ်ဂါ ချစ်သူများ (nigger lovers)၊ ခရစ်ယာန်ဘာသာဆန့်ကျင်သူများ (အိုဘားမားကို အစ္စလမ်ဘာသာနောက်လိုက်လို့ ယုံမှားထင်စွပ်စွဲနေသူများနေသူများ၏ စွပ်စွဲချက်)၊ အိုဘားမား ကြော်ငြာတံဆိပ်အမှတ်အသားများ ဖျက်ဆီးခံရခြင်း နဲ့ တခြားမယုံနိုင်လောက်စရာ အနှောင့်အယှက်များကို တွေ့ကြုံရနေသေးကြောင်း ပြောပြပါတယ်။ (nigger = တရားဝင်မသုံးစွဲသင့်တဲ့ စကားလုံးဖြစ်တယ်)။ အမှန်တော့ ဒီလို မျက်ကန်း ခေတ်နောက်ပြေးများကို ကျနော့်အနေနဲ့ စိတ်မကောင်းဖြစ် သနားမိပါတယ်။

နှစ်ဆယ့်တစ်ရာစု သမိုင်းသစ်မှာ ဒီလိုအတွေးအမြင်ဟောင်းရှိသူတွေက လူနည်းစု ဖြစ်လာနေပါပြီ။ ဒီနေ့ အိုဘားမား ကို ထောက်ခံသူ၊ လက်ခံသူ၊ မထောက်ခံသူ၊ မကြိုက်နှစ်သူတွေက သူရဲ့  အတွေးအခေါ်၊ အရည်အချင်း၊ လုပ်ရည်ကိုင်ရည်ပေါ် မူတည်ပြီး ရွေးချယ်ကြခြင်းဖြစ်ပါတယ်။ သူ လူမည်းတစ်ယောက်ဖြစ်လို့ မထောက်ခံဘူးဆိုတာကို လွန်ခဲ့တဲ့ ဒီဇင်္ဘာလ ၂၀၀ရ အိုင်အိုဝါပြည်နယ် ရွေးကောက်ပွဲ ပွဲဦးထွက်မှာ အိုဘားမား ဟောပြောပွဲကို တက်ရောက်လာကြတဲ့ အခန်းပြည့် ရာထောင်ပေါင်းများစွာသော လူဖြူများရဲ့  ထောက်ခံမှုက အသားရောင်ပေါ်မူမတည်ကြောင်း သက်သေပြခဲ့ပါတယ်။ သူတို့တွေက ခရီးလမ်းသစ် မျှော်လင့်ချက်၊ အိမ်မက်များကို အတူတည်ဆောက်ကြဖို့ တိုက်တွန်းဟောပြောနေတဲ့ လူမည်း အမတ်လောင်းကို တခဲနက် အားပေးထောက်ခံခဲ့ကြတယ်။ အိုဘားမားရဲ့ ပွဲဦးထွက် အနိုင်ရရှိမှုက သူပြိုင်ဖက်များ နဲ့ တနိုင်ငံလုံးနဲ့ ကမ္ဘာကို အံ့သြစေခဲ့သလို သူ့ဘ၀ နဲ့ နိုင်ငံသမိုင်း ပြောင်းလဲဖို့အတွက် ပထမခြေလှမ်းဖြစ်လာခဲ့တယ်။

ဆယ့်ရှစ်လအကြာမှာတော့ သူဘယ်လိုခေါင်းဆောင်လဲ၊ ဘာတွေပြော၊ ဘယ်လိုအရည်အချင်းတွေရှိပြီး လူတွေကို ဘယ်လိုဆွဲဆောင်၊ အထူးသဖြင့် သူရဲ့  အားမာန်အပြည့်နဲ့ပြောဆိုဟောပြောမှုတွေက နိုင်ငံရေးကို နှစ်ပေါင်းများစွာ အလေးမပေးခဲ့တဲ့ လူငယ်မျိုးဆက်သစ် များရဲ့ စိတ်ကိုအများကြီး ပြောင်းလဲဆွဲဆောင်နိုင်ခဲ့သလို၊ တဖက်မှာလည်း လုပ်ဖော်ကိုင်ဖော် ၀ါရင့်နိုင်ငံရေးသမားများ၏ ထောက်ခံ အားပေးမှုတွေကိုလည်း ရရှိခဲ့တယ်။ သူရဲ့ ထူးခြားတဲ့ သံလိုက်ဓာတ်ပါ စည်းရုံးဟောပြောဟန် နဲ့ သူ့ကို ထောက်ကူနေတဲ့ နိုင်ငံရေးနည်းဗျုဟာအဖွဲ့ရဲ့  နည်းစနစ်ကျကျ စီစဉ်လုပ်ကိုင်မှု၊ ခေတ်သစ်အင်တာနက်စနစ်ကိုအသုံးချကာ များစွာသော ငွေကြေးထောက်ခံမှုကို လူတန်းစားအလွှာအသီးသီးမှ ကောက်ခံရရှိနိုင်ခြင်းက အိုဘားမား အောင်မြင်မှုအတွက် များစွာ အထောက်အကူဖြစ်ခဲ့တယ်။

ဒီသမိုင်းစာမျက်နှာသစ်မှာ သူက လူမည်းများအတွက် အလွန်ဂုဏ်ယူရမဲ့ ခေါင်းဆောင်ဖြစ်ရုံမက တခြားလူနည်းစု လူညို လူဝါ လူတိုင်း လူငယ်များအတွက် ဂုဏ်ယူအားကျစရာ ပုဂ္ဂိုလ်တဦးဖြစ် မှတ်တမ်းတင်ခြင်း ခံရလာသူပါ။ နောက်ဆုံးအဆင့်ကို ဖြတ်ကျော်ပြီး အိုဘားမားကို နိုင်ငံတော်၏ ပထမဦးဆုံး လူမည်းသမ္မတ ရွေးကောက်တင်မြောက်ခြင်းကို ကျနော်တို့စောင့်နေစရာမလို၊ ဒီနှစ် ၂၀၀၈ က အမေရိကန်နိုင်ငံအတွက်၊ ကမ္ဘာအတွက် သမိုင်းမှတ်တမ်းတင်ရမယ့် နှစ်တစ်နှစ်ဖြစ်လာခဲ့ပြီ။ မှောင်မိုက်အကျည်းတန်ခဲ့တဲ့ နှစ်ပေါင်း ၃၈၉ နှစ်အကြာမှာတော့ နိုင်ငံတော်သစ် သမိုင်းစာမျက်နှာသစ်ကို ရေးနိုင်ပြီလို့ ကျနော်တို့ ပြောနိုင်ပါပြီ။

(မှတ်ချက်- ၀ါရှင်တန်ပို့စ် (Washington Post) သတင်းစာဆရာကြီး ယူဂျင် ရော်ဘင်ဆန်(Eugene Robinson) ၏ သတင်းဆောင်းပါး (ဇွန် ၅၊ ၂၀၀ဂ) ကို ကောက်နုတ်ပြန်ဆိုထားခြင်းဖြစ်သည်။)



သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts