သန်းဝင်းလှိုင်

သန်းဝင်းလှိုင် – ဒေါက်တာစင်သီယာမောင် (သို့မဟုတ်) နှလုံးလှဆရာဝန်မလေး

ဒေါက်တာစင်သီယာမောင် (သို့မဟုတ်)  နှလုံးလှဆရာဝန်မလေး
သန်းဝင်းလှိုင်
ဒီဇင်ဘာ ၇၊ ၂၀၁၃

၂ဝ၁၃ ခုနှစ်ဒီဇင်ဘာလ ၆ ရက်နေ့ တွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ ရှိ စီဒီစီအထက်တန်းကျောင်း၌ ဒေါက်တာ စင်သီယာမောင် ၏ ၅၄ နှစ်မြောက်မွေးနေ့ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ဒေါက်တာစင်သီယာမောင်သည် မယ်တော်ဆေးခန်းနှင့်စီဒီစီ အထက်တန်းကျောင်းကို တည်ထောင်သူ နှင့် ဒါရိုက်တာအဖြစ်ယနေ့ တိုင်အောင်ဆောင်ရွက်နေသည်မှာ ၂၅ နှစ်တိုင်ခဲ့ပြီဖြစ်သည်။
သူ၏မယ်တော်ဆေးခန်းသည် ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ကလေးတွင် မသိသူမရှိသလို၊ သူ၏စေတနာ၊ မေတ္တာတရားဖြင့်လူမျိုး၊ ဘာသာမရွေး၊ ဆင်းရဲချမ်းသာမခွဲခြားဘဲ လာရောက်ကုသသောလူနာများကို “မာတာယထာနိယံပုတ္တမာယုသာ ဧကပုတ္တမနုရက္ခေ” ဟူသောမေတ္တသုတ်ပါဠိတော်အတိုင်း မိခင်သည်မိမိရင်သွေးကို အသက်တမျှချစ်မြတ်နိုး၍အစဉ် မပြတ်စောင့်ရှောက်သည့်နည်းအတိုင်း သတ္တဝါတို့ အပေါ် အတိုင်းမသိ ကြီးမားသောမေတ္တာစိတ်ဖြင့် ကုသပေးနေမှာ ပန်းသတင်းလေညှင်း ဆောင်သလို၊ လူသတင်း လူချင်ဆောင်ကာ ကမ္ဘာပျံ့လျက် ရှိပါသည်။
သို့ ကလို နာမည်ဂုဏ်သတင်း ထုံသင်းလျက်ရှိသော နှလုံးဆရာဝန်မလေး ဒေါက်တာစင်သီယာမောင်ကို အဖ မန်းငြိမ်းမောင်၊ အမိ နန့် လှကြည်တို့ မှ ၁၉၅၉ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့ တွင်ရန်ကုန်တိုင်းအင်းစိန်မြို့ နယ်ရှိအင်းစိန်ဆေးရုံကြီး၌ဖွားမြင်ခဲ့သည်။ မိဘများသည်ဧရာဝတီတိုင်း ပုသိမ်ခရိုင်၊ ကျုံပျော်မြို့ ဇာတိဖွားများဖြစ်ကြသည်။ ဖခင်ဖြစ်သူသည် အိမ်ထောင်မကျခင်က ကရင်အမျိုးသားအစည်းအရုံးနှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်တွင် ပါဝင်လှုပ်ရှားခဲ့သူဖြစ်သည်။
ထို့ နောက်နန့် လှကြည်နှင့် အိမ်ထောင်ကျပြီးနောက် လက်ထောက် ကျန်းမာရေးမှူးသင်တန်းကို အင်းစိန်မြို့ ၌ လာရောက်တက်စဉ်က ဇနီးဖြစ်သူပါ လိုက်လာရာမှ သမီးဖြစ်သူစင်သီယာမောင်ကို ဖွားမြင်ခဲ့သည်။ စင်သီယာသည်မွေးချင်း ၈ဦးအနက်စတုတ္ထမြောက်ရင်သွေးဖြစ်ပြီး၊ တတိယမြောက်သမီးဖြစ်သည်။ ငယ်စဉ်က ဖခင် အလုပ်တာဝန်ကျရာမြို့ များသို့ မိသားစုလိုက်ပါနေထိုင်ခဲ့ရာမှမော်လမြိုင်မြို့ ၌ စတင် ပညာ သင်ကြားခဲ့ရသည်။ ယင်းနောက် မော်လမြိုင်ဒေသကောလိပ်တွင် ဒုတိယနှစ်အောင်မြင်သည့်နှစ်၌ပင် ၁၉၈ဝပြည့်နှစ်တွင်ဆေးတက္ကသိုလ် တက်ခွင့်ရခဲ့သည်။ ထိုစဉ်က၁ဝ တန်းအောင်ရမှတ်နှင့် ဒေသကောလိပ် ဒုတိယနှစ် ရမှတ်နှစ်ခုပေါင်းသည် သတ်မှတ်ချက်အမှတ်မီပါက ဆေးတက္ကသိုလ်ဝင်ခွင့်ရနေချိန်ဖြစ်သည်။
ထို့ နောက် ဆေးကျောင်းပြီးသည့်နောက် အလုပ်သင်ဆရာဝန်အဖြစ်မော်လမြိုင်မြို့ ၌ပင်တာဝန်ထမ်း ဆောင် ခဲ့သည်။ ၁၉၈၈ တွင် ကျောင်းနေစဉ်က ခင်မင်ရင်းနှီးခဲ့သော သူငယ်ချင်းတဦး၏ အဆက်အသွယ်ဖြင့် ကရင်ပြည်နယ်အိန္ဒုကျေးရွာတွင် ကိုယ်ပိုင်ဆေးခန်းလေးတခု ဖွင့်လှစ်၍မိမိဘဝကို စတင်ရပ်တည်ခဲ့ သည်။ ဘဝကိုစတင်စဉ်မှာပင်  ကံကြမ္မာ အလှည့်အပြောင်းတခုကြုံတွေ့ခဲ့ရတော့သည်။ ယင်းကား ၁၉၈၈ဒီမိုကရေစီ အရေးတော်ပုံကြီးပင်ဖြစ်သည်။ ဒီမိုကရေစီ အရေးတော်ပုံကာလအတွင်း ကျောင်းသားကျောင်းသူများနှင့်အတူ သပိတ်စခန်း ဖွင့်လှစ်ကာ စစ်အာဏာရှင်စနစ်ကို တက်ကြွစွာ ပါဝင်တိုက်ပွဲဝင်လှုပ်ရှားခဲ့သည်။
ထို့ နောက်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမောင်(နောင်ဗိုလ်ချုပ်မှူးကြီး)က ဒီမိုကရေစီ အရေးတော်ပုံကြီးကို လက်နက် အားကိုးဖြင့်ဖြိုခွင်းခဲ့ပြီးနောက် အမိမြန်မာပြည်တွင် လုံးဝနေထိုင်၍မဖြစ်တော့သည့် အခြေအနေကြောင့် လွတ်မြောက်ရာဒေသသို့  ထွက်ပြေးတိမ်းရှောင်နေ ရာမှ KNU မှကျောင်းသား အဖွဲ့ တာဝန်ခံတဦး၏ အဆက်သွယ်ဖြင့် ထိုင်းနိုင်ငံ။ မဲဆောက်မြို့ လေးတွင်ဝင်ရောက်ခိုလှုံကာ မယ်တော်ဆေးခန်းကလေးကို မိတ်ဆွေများ တိုက်တွန်းမှုဖြင့် ဖွင့်လှစ်နိုင်ခဲ့သည်။ ဒေါက်တာစင်သီယာမောင်သည် တိုက်ပွဲအတွင်း ထိခိုက် ဒဏ်ရာရသူများအတွက် ဆေးဝါးရရှိရေး၊ အရေးကြီးလူနာများကို မဲဆောက်ဆေးရုံကြီးသို့ လွဲပြောင်းပို့ ဆောင်ကုသရေးနှင့်
ကျောင်းသားတပ်များ၌ ဆေးတပ်သားများဖွဲ့ စည်းနိုင်ရေးအတွက် ဆေးသင်တန်းများဖွင့်လှစ်နိုင်ရေး စသည့် လုပ်ငန်းများကို မယ်တော်ဆေးခန်းလေးကို အခြေခံကာဆောင်ရွက်ခဲ့လေသည်။ တဖက်ကလည်း ဆေးခန်းသို့ရောက်ရှိလာသော လူနာများကို အခမဲ့ကုသပေးခဲရသေး သည်။
ဤသို့ ဖြင့်မယ်တော်ဆေးခန်းသည်တစတစ လူသိများလာကာ နိုင်ငံတကာသို့ ပြန့် နှံ့ သွားခဲ့သည်။ ဒေါက်တာစင်သီယာမောင်၏ ကြိုးပမ်းဆောင်ရွက်မှုကြောင့် မယ်တော်ဆေးခန်းသည် ကျန်းမာရေး စောင့်ရှောက်မှုသာမက ရွှေ့ ပြောင်းမြန်မာနိုင်ငံတိုင်းရင်းသားများ၏ ပညာ သင်ကြားနိုင်ရေးအတွက်ပါ ၁၉၉၄ တွင် မူကြိုကျောင်းကလေးကို စတင်တည်ထောင်ခဲ့သည်။ ယင်းနောက် ဒေါက်တာစင်သီယာမောင်၏ ကြိုးပမ်းဆောင်ရွက်မှုကြောင့် ယခုအခါကျောင်းသားပေါင်း ၁ဝဝဝ ကျော် သင်ကြားပေးနိုင်သည့် အထက်တန်းကျောင်းကြီးကို ဖွင့်လှစ်သင်ပေးနိုင်ပြီဖြစ်သည်။
ဒေါက်တာစင်သီယာမောင်၏ မယ်တော်ဆေးခန်းသည် မြန်မာဒုက္ခသည်များ၊ ထိုင်းနိုင်ငံရောက်မြန်မာရွေ့ ပြောင်းအလုပ်သမားများ၊ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားဆောင်ရွက်နေ သူများအတွက် အဓိကမှီခိုအားထားရာနေရာတစ်ခုပင်ဖြစ်သည်။
ဤသို့ ဖြင့်သူ၏ကြိုးပမ်းဆောင်ရွက်မှုကို ကမ္ဘာ့နိုင်ငံအသီးသီးက ချီးကျူးမှတ်တမ်းတင်ကာ လိုအပ်သမျှကို ကူညီထောက်ပံ့ပေးသည်သာမက ၁၉၉၉ ဇွန်လတွင်  ဂျိုနသန်မန်းဆု အပါအဝင်ဆုတံဆိပ်ပေါင်း ၃ဝကျော်ကို ဂုဏ်ပြုပေးအပ်ချီးမြှင့်ခဲ့သည်။ ယခု နောက်ဆုံးရရှိသောဆုမှာ၂ဝ၁၃ တွင် သြစတြေးလျနိုင်ငံက ပေးအပ်ခဲ့သောဆစ်ဒနီငြိမ်းချမ်းရေးဆုပင်ဖြစ်သည်။

 ကိုယ်ကျိုးစွန့် အနစ်နာခံ၍ အများအကျိုးအတွက်ဆောင်ရွက်နေသော နှလုံးလှဆရာဝန်မလေး ဒေါက်တာစင်သီယာမောင်၏ ၅၄ နှစ်မြောက်မွေးနေ့ မှသည် နောင်နှစ်ပေါင်းများအထိ ကြိုးပမ်းဆောင်ရွက်နိုင်ပါစေဟု ဆုမွန်ကောင်းတောင်းလိုက်ပါသည်ခင်ဗျား။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts