ဇော်အောင် (မုံရွာ)

Zaw Aung (Mone Yar)

ကျောက်မျက်ရှိရာသို့ အဝေးပြေးလမ်းဆောက်ခြင်း 
(သယံဇာတကျိန်စာ)
ဇော်အောင် (မုံရွာ)
ဇူလိုင် ၂၃၊ ၂၀၁၃

ကျွန်တော်တို့ ငယ်စဉ်ကာလ စက်မှုတက္ကသိုလ်၊ အင်ဂျင်နီယာကျောင်းတက်စဉ် ကျောင်းသားတိုင်း မသင်မနေရ၊ သင်ကြားရသော အင်ဂျင်နီယာပညာရပ်မှာ လမ်း၊တံတား ဆောက်ခြင်းဖြစ်သည်။ CE301 ဟုခေါ်ပြီး မြို့ပြအင်ဂျင်နီယာ ဆရာဦးဝင်းမောင်က သင်ပေးသည်။ ထိုစဉ်ကာလ လွန်ခဲ့သောအနှစ်၃၀တွင် မြန်မာနိုင်ငံတွင် အဝေးပြေးလမ်းမ မရှိသေးသော်လည်း သင်ကြားသည့် ဘာသာရပ်မှာ အင်ဂျင်နီယာတိုင်းအတွက်  စိတ်ဝင်စားစရာကောင်းလှပါသည်။ ယခု နှစ်၃၀အကြာတွင် မြန်မာပြည်တွင် ရန်ကုန်-မန္တလေး ကီလိုမီတာ ၆၀၀ အဝေးပြေးလမ်းမကြီးတစ်ခု ပေါ်ပေါက်လာခဲ့သည်။ အဝေးပြေးလမ်းမကြီးကို ချီးကျူးသူမရှိသလောက် … ကားမှောက်မှုများစွာကို လမ်းကြီးတည်ဆောက်သူများအား အပြစ်တင်ချင်နေကြသည်။ ကျွန်တော်သည် လမ်းတံတား၊ အင်ဂျင်နီယာအဖွဲ့ကို လေးစားပါသည်။ ဆောက်မိန့်ပေးပြီး ပြီးအောင်ဆောက်ခဲ့သော အစိုးရဟောင်း လူကြီးများကိုလည်း လေးစားသည်။ ယခင်က ကတ္တရာမခင်းနိုင်သော်လည်း ယခုအခါ ကတ္တရာခင်းပြီး၊ ကွန်ကရစ်လမ်းများဖြစ်လာခြင်းအတွက် မဆိုးလှဟု မှတ်ချက်ချလိုသည်။
တိုင်းပြည်တွင် ၁၂ထပ် တိုက်တစ်လုံး၊ ကွန်ဒိုတစ်ခုကို တစ်နှစ်အတွင်း အပြီးဆောက်နိုင်ပါသည်။ ရှော့ပင်စင်တာ၊ Business Office ရုံးအဆာက်အဦးကြီးတစ်ခုကို လည်း တစ်နှစ်အတွင်း အပြီးဆောက်နိုင်ပါသည်။ လျှပ်စစ်မရှိလျှင်လည်း မိမိလျှပ်စစ်ဓါတ်အားပေးစက်သုံးပါသည်။ နောက်တဆင့် စက်ရုံ (ဥပမာ..မော်တော်ကားစက်ရုံ) တစ်ခုဆောက်မည်ဆိုပါက အဆောက်အဦးအခွံကို တစ်နှစ်အတွင်း ဆောက်နိုင်သော်လည်း အတွင်းမှ စက်ပစ္စည်းများကို ၀ယ်ယူ၊တပ်ဆင်၊ စမ်းသတ်လည်ပတ်ဖို့ ၃နှစ်ခန့် ကြာမည်ဖြစ်သည်။ ကုန်ကျစရိတ်လည်း အဆောက်အဦထက် ၅ဆမျှ ရင်းနှီးမြှတ်နှံရတော့မည်။ Infra-Structure ဟုခေါ်သော လျှပ်စစ်၊ လမ်း၊ တံတား၊ ရေကာတာကြီးများ၊ လေဆိပ်၊ ကွန်တိန်နာသင်္ဘောဆိပ်ကြီးများ ဆောက်လုပ်တော့မည်ဆိုလျှင် စီးပွားရေးကုမ္ပဏီကြီးများက စိတ်မ၀င်စားတော့ပါ။ ဆောက်လုပ်ရသည်မှာ ၅နှစ်မှ ၁၀နှစ်ထိ ကြာတတ်ပြီး၊ အရင်းပြန်ရဖို့ နှစ်၂၀၊ နှစ်၃၀ ကြာသောကြောင့် စီးပွားရေးရင်းနှီးမြှတ်နှံသူများက ဝေးဝေးရှောင်ကြသည်။ ထို့ကြောင့် အစိုးရကပဲ ရင်းနှီးမြှတ်နှံငွေ ရှာဖွေ၊ လုပ်ကိုင်ရပါသည်။ အစိုးရက ရင်းနှီးငွေရှာမရနိုင်သောအခါ နိုင်ငံခြားရင်းနှီးသူများ၊ ပြည်တွင်းရင်းနှီးသူများ၏ ဘီအိုတီ B.O.T system ဆိုသည့် အခွန်မဲ့၊ ကြိုက်သလိုကောက် ..သည့် ကုမ္ပဏီကြီးများကို ခွင့်ပေးပြီး ဆောက်လုပ်စေရပါသည်။ 
● ကျောက်မျက်ရတနာများမှဝင်ငွေ
ယခု ဇွန်လ-၂၀၁၃ တွင် မြန်မာ့ကျောက်မျက်ရတနာများကို လေလံပစ်ရောင်းချခြင်းဖြင့် ကန်ဒေါ်လာ သန်းပေါင်း၂၀၀၀ကျော် ရရှိခြင်းအတွက် အလွန်အားရဖွယ်ဖြစ်သည်။ မြန်မာနိုင်ငံသည် သယံဇာတများ ရောင်းပြီး၊ ၀င်ငွေများစွာရရှိရာတွင်၊ သယံဇာတထွက်သော ဒေသများအတွက် ဘာတခုမှ မှတ်မှတ်ရရ လုပ်မပေးခဲ့ခြင်းကို ရေးလိုပါသည်။ 
တစ်နှစ်ကို ၂ဘီလျှံလောက် ကျောက်မျက်ရတနာများ ဘယ်ကရပါသလဲ ဆိုလျှင် ကချင်ပြည်နယ်မှ ကျောက်စိမ်း၊ မြိတ်ကျွန်းစုများမှ ပုလဲတို့ တစ်ဝက်စီ ပါဝင်နေပါသည်။ ယခုနှစ် ကျောက်မျက်ရောင်းချငွေတွင် ကျောက်စိမ်းတွဲများရောင်းချငွေ တစ်ဘီလျှံဒေါ်လာကျော်၊  ပုလဲတွဲများရောင်းချငွေ တစ်ဘီလျှံကျော် ပါဝင်နေသည်။ မိုးကုတ်၊မိုင်းရှုးကျောက်မျက်များလည်း ပါဝင်သည်။ မြန်မာနိုင်ငံတွင် သံယံဇာတများစွာ လျှပ်စစ်မှအစ၊ ကြေးနီ၊ နီကယ်၊ ရွေ၊ငွေ၊၊အဖြိုက်နက်၊ သံဖြူ ..စသဖြင့် များပြားစွာရှိပါသည်။ ရေနံဓါတ်ငွေများလည်း တဖက်သတ်စာချုပ်များ အချို့စာချုပ်များမှာ နှစ်၃၀၊ နှစ်၆၀ စသဖြင့် နိုင်ငံတော်ဝင်ငွေ နစ်နာနေသည်မှာ ၀မ်းနည်းစရာဖြစ်သည်။ ယခု အစိုးရသစ်သည် Consultant ကုမ္မဏီကြီးမျာကို ငှားရမ်း၊တိုင်ပင်သောကြောင့် တရားမျှတသော စာချုပ်များအဖြစ် တစ်ခု၊ နှစ်ခု ရရှိလာသည်ကို တွေ့ရပါသည်။ ဥပမာ ကြေးနီစီမံကိန်း..။
ထို ကျောက်စိမ်းထုတ်လုပ်သော ကချင်ပြည်နယ်နှင့် ပုလဲထုတ်လုပ်သော မြတ်ကျွန်းစုတနင်္သာရီတိုင်းအတွက် ဟိုက်ဝေး (အဝေးပြေးလမ်းမ) ဘာကြောင့် မဆောက်နိုင်သေးသနည်း ဆိုသည်ကို စဉ်းစားနေမိပါသည်။ တော်တော် ခက်ခဲနေသည်မှာ သေချာပါသည်။ ငွေကြေးခက်ခဲသလား၊ နယ်မြေငြိမ်းချမ်းမှု ခက်ခဲနေသလား၊ ထိုဒေသများ ဖွံ့ဖြိုးရေးကို ဂရုစိုက်စရာမလို ဟု သတ်မှတ်ထားသလား.. လားပေါင်းများစွာဖြင့် စဉ်းစားမိသည်။
ငွေကြေး။ ဘယ်လောက်ကုန်သနည်း။  .. ကန်ဒေါ်လာသန်း၂၀၀ကျော် အကုန်ကျခံပြီး အဝေးပြေလမ်း၂ခု .. ရွှေဘို-မြစ်ကြီးနား၊  မော်လမြိုင်-ရေး  ရနိုင်ပါသည်။  ဖြစ်နိုင်သလားဟူသော.မေးခွန်းကို ဆန်းစစ်ကြည့်ပါမည်..။
● လမ်းတံတားဆောက်လုပ်ခြင်း
နိုင်ငံတကာတွင် သယံဇာတ ထွက်ပါက ထိုဒေသအတွက် လမ်းပမ်းဆက်သွယ်ရေးကို ဦးစွာဖောက်လုပ်ပေးရသည်။ သို့မှသာ သယံဇာတ သယ်ယူပို့ဆောင်ရေးလုပ်ငန်း လျှင်မြန်၊ ငွေကုန်သက်သာမည်ဖြစ်သည်။ ရေရှည်အတွက် ဦးစားပေးလုပ်ကိုင်ရသော်လည်း၊ မြန်မာနိုင်ငံတွင် လမ်းတံတား၊လုပ်ငန်းအတွက် ရင်းနှီးမြှတ်နှံဖို့ ငွေမရှိ။ သမ္မတဦးသိန်းစိန် အမေရိကား ခရီးစဉ်တွင် ရန်ကုန်၊ မန္တလေး ဒုတိယအမြန်လမ်း ဖောက်လုပ်ပေးပါရန် တောင်းဆိုခဲ့သည်ဟု ဆိုသည်။ ယခုခေတ် အစိုးရခေါင်းဆောင်များ လမ်းပန်းဆက်သွယ်ရေးက တယ်လီဖုန်း၊ နိုင်ငံခြား ပိုကုန်၊သွင်းကုန် အရေးကြီးကြောင်းကို သိရှိပြီး၊ ထိုလုပ်ငန်းများတွင် ခြစားမှုနည်းပါးရန် လုပ်ဆောင်လျှက်ရှိသည်ကို တွေ့ရသည်။ 
ဗြိတိသျှ (အင်္ဂလိပ်)များ မြန်မာပြည်ကို စတင်အုပ်ချုပ်သည်နှင့် ပထမဆုံးအလုပ်မှာ လမ်းတံတားကို အမြန်ဆုံးဆောက်ခြင်းဖြစ်သည်။ ထိုစဉ်က မီးရထားလမ်းသည် ဆောက်လုပ်စရိတ်နည်းပြီး အလွန်ထိရောက်သောကြောင့် ရထားလမ်းများစွာ တဟုန်ထိုးပေါ်လာရသည်။ အောက်မြန်မာပြည် တင်္နသာရီတိုင်းမှ၊ ကချင်ပြည်နယ်အထိ ရထားလမ်း ကွန်ယက်ကြီးတခု ဖြစ်ပေါ်လာပြီး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး အားလုံးကို အာရှထိတ်တန်းနိုင်ငံအဖြစ် အင်္ဂလိပ်တို့က တည်ဆောက်ခဲ့သည်။ ယခုခေတ်တွင် ကုန်ကားကြီးများ ဈေးသက်သာလာသဖြင့်၊ အဝေးပြေးလမ်းမ အရေးပါလာသည်။ အဝေးပြေးလမ်းမ ဆောက်လုပ်ခြင်းအတွက် ကုန်ကျစရိတ်ကို လေ့လာကြည့်သောအခါ မြန်မာနိုင်ငံ ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမျိုး (တရုပ်ပြည်စတိုင်) ဆောက်လုပ်ခြင်းသည် စရိတ်အလွန်သက်သာ၊ မြန်ဆန်သည်ကို တွေ့ရသည်။
လက်ရှိ ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမကြီး ကီလိုမီတာ၆၀၀ခန့် ဆောက်လုပ်ရာတွင်၊ မည်မျှကုန်ကျသွားသနည်းကို ကျွန်တော်တို့ သိနိုင်တော့မည်မဟုတ်ပါ။ သိစရာလဲမလိုတော့ပါ။ ပြီးတာလဲ ပြီးပါစေ။ လက်ရှိ လမ်းတံတား အင်ဂျင်နီယာတစ်ယောက်အဖို့ ထိုလမ်းမကြီး ဘယ်လောက်ကုန်ကျသွားသနည်းကို အလွယ်တကူ တွက်ချက်နိုင်သည်။ အောက်ဖေါ်ပြပါစာတန်းအရဆိုလျှင် ကီလိုမီတာ၅၀၀အတွက် ကန်ဒေါ်လာသန်း၃၀၀ထက် ပိုမကုန်နိုင်ဟု ခန့်မှန်းရသည်။ 
ကျွန်ုပ်သည် လမ်းတံတား အင်ဂျင်နီယာမဟုတ်၊ လျှပ်စစ်အင်ဂျင်နီယာဖြစ်သော်လည်း လမ်းတံတားပညာကို အနည်းကျဉ်းလေ့လာ နိုင်ပါသည်။ စာတွေ့ဖြစ်သောကြောင့် လက်တွေ့သမားများလောက် မမှန်ကန်နိုင်ပါ။ အနောက်နိုင်ငံမှ ကနေဒါနိုင်ငံအစိုးရ Highway Engineering Department မှ လမ်းတံတားဆောက်လုပ်ခြင်း စာတန်းတစ်ခုကို လေ့လာကြည့်ပါသည်။ (တရုပ်နိုင်ငံမှ လမ်းတံတားပညာရပ်များ မြန်မာအင်ဂျင်နီယာများ ကောင်းစွာလက်တွေ့ ရရှိထားပြီးဖြစ်သည်)။ ထိုစာတန်းအရ ဒီဇိုင်း၊ ရေမြောင်း၊ လမ်း၊ တံတားစရိတ်အားလုံးပေါင်းလျှင် ၁၂မီတာအဝေးပြေးကားလမ်း တစ်ကီလိုမီတာကုန်ကျငွေမှာ ဒေါ်လာ ၅သိန်းခွဲခန့် ဟု ခန့်မှန်းထားပါသည်။ မြန်မာအစိုးရက နောက်ထပ် ရန်ကုန်-မန္တလေးလမ်းတစ်ခုကို အမေရိကန်အစိုးရအား ဆောက်ပေးရန်ချဉ်းကပ်သည်။ လက်ရှိ ၄စီး (အသွား၂စီး၊ အပြန်၂စီး) အဝေးပြေးလမ်းကို ၈စီးအဖြစ် တိုးချဲ့ရန် လုပ်ဆောင်နေသည်ဟု ဆိုသည်။ လက်ရှိလမ်းမှာ နောက်၅နှစ်အထိ လမ်းကျပ်ဖွယ်မရှိပါ။ ပုသိမ်-ရန်ကုန်၊ ရန်ကုန်-ပဲခူး၊ ရန်ကုန်-မော်လမြိုင်၊ မုံရွာမန္တလေး၊ စသည့်လမ်းများသည် အလွန်ကျပ်နေပါသည်။ လမ်အများစုတွင် ကားတစ်စီးသာ သွားနိုင်သည့်ကတ္တရာလမ်းဖြစ်ပြီး၊ ကား၂စီး ပွတ်ပြီးရှောင်တိမ်းရပါသည်။ ထို့ကြောင့် ၂လမ်း၊အဝေးပြေးအဆင့်သို့ မြှင့်တင်ရန် Highway Engineering ဌာနကြီးတစ်ခုကို တည်ထောင်ရဦးမည်ဖြစ်သည်။ ထိုစာတန်းမှာ road.cost.estimates.pdf (28 pages) ကို လူတိုင်းအလွယ်တကူလေ့လာနိုင်ပါသည်။ 
ကျောက်မျက်ရတနာထွက်ရာဒေသသို့ အဝေးပြေးလမ်း
ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမမျိုး၊ အနောက်နိုင်ငံအဆင့် ဆောက်မည်ဆိုပါက တစ်ကီလိုမီတာလျှင် ပျှမ်းမျှ ဒေါ်လာ၅သိန်းခန့်ကုန်မည်ဖြစ်သည်။ ပိုပြီးကောင်းအောင်လုပ်ပါက အလွန်ဆုံး တစ်ကီလိုမီတာ ဒေါ်လာတစ်သန်းနှုန်းမျှ ကုန်ကျမည်။ တံတားဆောက်လုပ်ခြင်းများသည် ကုန်ကျစရိတ်ပိုကြီးပါသည်။ တံတား များများ ပါဝင်လျှင် စရိတ်ပိုကုန်ကျမည်ဖြစ်သည်။ ထိုစာတန်းကို သာမန် လမ်းတံတား အင်ဂျင်နီယာတစ်ဦးက လေ့လာနိုင်ပါသည်။ ရွှေဘို-မြစ်ကြီးနား၊ (ကီလိုမီတာ-၂၀၀) မော်လမြိုင်-ရေး (ကီလိုမီတာ-၂၀၀) အဝေးပြေးလမ်းကောင်းတစ်ခုစီ ဘယ်လောက်ကုန်မည်ကို တွက်ချက်နိုင်ပါသည်။ ပြည်တွင်း၊ လမ်းတံတား၊ ပညာရှင်များကို ဘတ်ဂျက်ချပေးပါက ခြစားမှုကို စိုးရိမ်ပါလျှင် စင်ကာပူ၊ တရုပ်၊ ထိုင်း ..လမ်းတံတား Consultant များကို ငှားရမ်းနိုင်ပါသည်။ ယခင်အစိုးရဟောင်းလက်ထက်က အဝေးပြေးလမ်း၊တံတားများ ဆောက်ပါက ခြအကြီး၊အသေး ၀ိုင်းဝန်းစားသောက်ကြသောကြောင့် လမ်းဖောက်ဖို့ မပြောနှင့်၊ လမ်းပြင်စရိတ်ပင် ဈေးကြီးလှသည်။ ပထမဆုံး မြန်မာအစိုးရသစ်၏ ဘတ်ဂျတ်ကို လေ့လာသောအခါ ဧရာဝတီတိုင်း၊ချောင်းသာအနီး ကီလိုမီတာ၃၀ လမ်းတစ်ခုကို သိန်း၅၀၀၀ ဘတ်ဂျတ်ချပေးထားသည်ကို မြင်ရသောကြောင့် သြချမိပါသည်။ အစိုးရသစ် တက်ပြီး ၁နှစ်အတွင် ပုသိမ်-ရန်ကုန် အဝေးပြေးလမ်းမကြီး ချိုင့်ခွက်များ ပျောက်ဆုံးသွားသည်ကိုလည်း အံ့သြမိပါသည်။ ခြစားမှုနည်းသွားပါက လမ်း၊တံတား ဆောက်လုပ်မှု စရိတ်များ အလွန်နည်းသွားသည်ကို အစိုးရခေါင်းဆောင်များ မျက်မြင်ဖြစ်သည်။ 
ငါဝါဒ ဦးစားပေးစနစ်များ ရှိနေဦးမည်ဖြစ်ပါသည်။ မည်သို့ဖြစ်ပါစေ..တစ်နှစ်ကို ဒေါ်လာ သန်းပေါင်း ၂၀၀၀ ကျော် ရှာဖွေပေးသော ကချင်ပြည်နယ်၊ မြစ်ကြီနားမြို့နှင့်၊ တင်္နသာရီတိုင်း၊ မြိတ်၊ကော့သောင် ဒေသခံများအတွက် ဒေါ်လာသန်း၂၀၀ခန့် အကုန်ကျခံသော အဝေးပြေးလမ်းတစ်ခု ရသင့်ပါသည်။ လမ်းဖောက်ခြင်းအတွက် ဘတ်ဂျတ်မပေးလိုသည်မှာ အစိုးရတိုင်း (လူတိုင်း) သဘာဝပင်ဖြစ်သည်။ ပေါ်ပင်အလုပ်များသာ ခေတ်စားနေသော မြန်မာပြည်တွင် လျှပ်စစ်ဓါတ်အားပေးရုံဆောက်ခြင်း၊ လမ်းဖောက်ခြင်းများကို ဦးစားမပေးသည်မှာ နှစ်၅၀ကြာခဲ့ပြီဖြစ်သည်။ ယခင်အစိုးရက လမ်းတံတား ဆောက်လုပ်ဘတ်ဂျတ်များမှ ခြစားမှုတွင်နစ်မြုတ်သွားခဲ့ကြသည်။ ယခု သယံဇာတ၀င်ငွေများကို ခြစားလိုသည့် အယောင်ဆောင်ဒေသဖွံ့ဖြိုးရေးတွင် မသုံးမိရန် အရေးကြီးပါသည်။ အထူးသဖြင့် အလွန်ကြီးများလှသော စစ်လက်နက်စရိတ်ကို ဘတ်ဂျတ်လျှော့ဖို့ ဖြစ်နိုင်မည်လော။ 
မြန်မာများ ငွေကြေးကိုင်တွယ်သုံးစွဲရာတွင် အလွန်အားနည်းပါသည်။ ဥပမာ..အမေရိကား၊ စင်ကာပူ လာအလုပ်လုပ်သူများ တစ်ဒေါ်လာ၃၀၀၀ လစာရသည်နှင့်၊ တစ်အိမ်လုံးငှား၊ ကားဝယ်၊ အဲယားကွန်း၊ အသုံးအဆောင်၊ မိုဘိုင်းဖုံး၊ ကွန်ပြူတာ၊ အင်္ကျီ၊ဖိနပ်၊ အိတ်၊ နာရီအကောင်းစားများဝယ်သုံးနေကြသည်မှာ မျက်မြင်ဖြစ်သည်။ ကိုယ့်လစာ ကိုယ်စိတ်ကြိုက် သုံးစွဲသည်မှာ သဘာဝကျပါသည်။ သူများအလိမ်ခံရသည်လည်း ရှိသည်။ ယခုအစိုးရသစ်သည် ယခင်စစ်အာဏာရှင်များကဲ့သို့ ကိုယ်ကြိုက်သလိုမသုံးတော့ပါ။ ကျေးဇူးတင်ပါသည်။ မြန်မာနိုင်ငံအစိုးရအဖို့ ရရှိလာသော သယံဇာတ၀င်ငွေများကို ဘတ်ဂျတ်ဖြင့် စနစ်တကျ၊ လမ်းတံတား၊ စက်ရုံများ၊ ပညာရေး၊ကျန်းများရေး၊ စစ်ရေးအသုံးပြုရန် အတိုင်ပင်ခံ World Bank, Asia Bank, UNDP ကုလသမဂ္ဂတို့အကြံအပြင်၊ ငွေပေးပြီးငှားရမ်းသည့် World Class Fund & Budget Managers များ ငှားရမ်းထားမည် မျှော်လင့်ပါသည်။ 

သယံဇာတဆိုသည်မှာ ကျိန်စာသင့်လေ့ရှိပါသည်။ သယံဇာတရောင်းရငွေတွေ ဘယ်ရောက်သွားသလဲ မေးခွန်းမှာ Good Question ဖြစ်သည်။ သယံဇာတရောင်းစားခဲ့သော မြန်မာ့စစ်ခေါင်းဆောင်များ ဘယ်လိုဇတ်သိမ်းသွားသနည်းသည် အဖြေပင်ဖြစ်ပါသည်။ သယံဇာတများကို အကျိုးရှိရှိအသုံးချရန် မြင့်မြတ်သောစိတ်ရှိသည့် ခေါင်းဆောင်များစွာလိုပါသည်။ MDG series 15-Jul-2013

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts