Uncategorized

Min Kaung Chit (Mandalay) – Articles

တရားဥပဒေစိုးမိုးရေး – မိဘပြည်သူနဲ့အစိုးရ
မင်းကောင်းချစ် (မန္တလေး)
ဇူလိုင် ၂၃၊ ၂၀၁၃


အဟိတ် တိရစ္ဆာန်လာကနှင့် ယဉ်ကျေးမှုနိမ့်ကျပြီး အသိတရားနှုံနည်းတဲ့ လူ့အဖွဲ့အစည်းများတွင်သာ အုပ်စုဖွဲ့ အနိုင်ကျင့်သတ်ဖြတ်မှုတွေ အင်အားကြီးသူက အင်အားနည်းသူကို မတရားဖိနှိပ်မှုတွေဖြစ်ပွားလေ့ရှိတတ် တယ်။
မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပွားနေတဲ့ လူမျိုးရေးပဋိပက္ခတွေနဲ့ ဘာသာရေးအဓိကရုန်းတွေကနေ ညွှန်ပြနေတဲ့ အရာတွေကတော့ ယိုယွင်းနေတဲ့ တရားဥပဒေစိုးမိုးမှု၊ ဒီမိုကရေစီရဲ့ ဒေဝဒတ်အုပ်စု၊ နိုင်ငံရေးနဲ့ အထွေထွေအသိပညာနိမ့်ကျမှု၊ နာတာရှည်လူမျိုး ငယ်စုပြဿနာတွေဘဲ ဖြစ်တယ်။
♥ ယိုယွင်းနေတဲ့ တရားဥပဒေစိုးမိုးမှု
မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှုယိုယွင်းနေတာ ရာစုနှစ်ဝက်ကျော်ပြီဆိုတာ ငြင်းလို့မရတဲ့ အချက် ဖြစ်တယ်။ တရားဥပဒေရဲ့အထက်မှာ အုပ်ချုပ်သူအာဏာပိုင်တွေရယ်၊ ငွေကြေးကြွယ်ဝသူတွေ၊ အသိုင်းအဝိုင်း ကြီးမားသူတွေ အမိန့်သားထိုင်ပြီး ထင်သလို ခြယ်လှယ်ခွင့်ရနေတာကလည်း နှစ်ပဋိစ္ဆေဒကြာညောင်းခဲ့ပြီ။
မြန်မာပြည်မှာ ကြုံတွေ့ရင်ဆိုင်နေရတဲ့ ပြဿနာအားလုံးဟာ တရားဥပဒေမစိုးမိုးခြင်းဆိုတဲ့ အဆိပ်ပင်ကြီး က ဖြာဖွက်ပွင့်ဝေလာတဲ့ အကိုင်းအခတ်အသီးအပွင့်များသာ ဖြစ်တယ်။
တရားဥပဒေစိုးမိုးမှုရှိအောင် ပံ့ပိုးရမဲ့အခြေခံလိုအပ်ချက်တစ်ချက်ကတော့ တရားစီရင်ရေးယန္တရားကြီးတစ်ခု လုံးဟာ သီးခြားလွတ်လပ်စွာ စီရင်ဆုံးဖြတ်ပိုင်ခွင့်အပြည့်ရှိဖို့ဖြစ်တယ်။ ဘယ်အဖွဲ့အစည်း၊ ဘယ်လူပုဂ္ဂိုလ်မှ ဝင်ရောက်စွက်ဖက်ခွင့်မရှိဘို့လိုတယ်။ အဲ့ဒီအချက်ကို နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ရှင်းရှင်းလင်းလင်း၊ တိတိကျကျပြဋ္ဌာန်းထားဖို့လိုတယ်။ မပြဋ္ဌာန်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုရင် ပြင်ကိုပြင်ကြရမှာဖြစ်တယ်။ မပြင်ဘဲထားလေလေ၊ ပြဿနာတွေကို မီးမွှေးပေးသလို ဖြစ်နေမှာဘဲ။
တရားဥပဒေစိုးမိုးမှုရှိအောင် အစိုးရနဲ့ ပြည်သူလူထုကြီးဟာ ကိုယ့်အပိုင်းနဲ့ ကိုယ်ဆိုင်ရာ တာဝန်ယူမှုနဲ့ တာဝန်ခံမှုရှိကြဖို့လိုတယ်။ အဂတိတရားလေးပါးကင်းကြဖို့လိုတယ်။ လက်ရှိမြင်နေရတာကတော့ ထဘီရုပ်တဲ့ အမှု တွေလောက်သာ ထင်သာမြင်သာရှိနေတယ်။ တိုင်းပြည်ဘဏ္ဍာဖောက်စားတဲ့အမှုတွေကြတော့ ထင်သာမြင်သာမှု မရှိဘူး။ ဖုံးမရဖိမရဖြစ်တဲ့ဟာလောက်တော့ အာဂတံပါဂတံ ထင်သာမြင်သာလေးပြနေတာတွေ့ရတယ်။ ကျောသား၊ ရင်သား၊ ဆရာသမား၊ တပည့်သမား ခွဲခြားပြီး တရားစီရင်အောင် စွက်ဖက်တာတွေ တတိုင်းတပြည်လုံးမှာ ဖြစ်နေ သေးတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို တရားဥပဒေစိုးမိုးရေးကော်မတီမှာ ဥက္ကဋ္ဌ ခန့်လိုက်ရုံနဲ့ မလုံလောက်ဖူး၊ ပြဿနာရဲ့ အခြေခံအရင်းအမြစ်ကို ဖြေရှင်းမှသာ စေတနာမှန်၊ လုပ်ရပ်မှန်တဲ့ပြုပြင်ပြောင်းလဲမှုတွေ ဖော်ဆောင်ရာ ကြလိမ့်မယ်။ ပြဿနာအားလုံးရဲ့ အခြေခံအုတ်မြစ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ လူတိုင်းက ရဲရဲရင့်ရင့် အသိ အမှတ်ပြုပြီး၊ မြန်မြန်ဆန်ဆန်ပြတ်ပြတ်သားသား ပြင်ဆင်ကြဖို့လိုတယ်။
ပြည်သူလူထုကြီးကလဲ မိမိတို့ နေ့စဉ်ဖြတ်သန်းရင်ဆိုင်နေရတဲ့ လူမှုဘဝတွေကို တရားဥပဒေဘောင် အတွင်းမှာ မှန်မှန်ကန်ကန်ဖြတ်သန်းကြဖို့လိုတယ်။ စစ်အာဏာရှင်ခေတ်တုန်းကတော့ ခေါင်ကစမလုံတာမို့ တတိုင်း ပြည်လုံး မိုးခါးရေသောာက်ကြ၊ သုံးခဲ့ကြတယ်မဟုတ်လား။ ကိုယ်တိုင် ဒါမှမဟုတ် ကိုယ့်တူ၊ ကိုယ့်သား ဥပဒေနဲ့ ငြိစွန်းခဲ့ရင်၊ ပိုက်ဆံရှိတဲ့သူက ပိုက်ဆံနဲ့ အသိုင်းအဝိုင်းရှိသူက အသိုင်းအဝိုင်းအဆက်အသွယ်နဲ့ လိုက်ကြတယ်။ မဟုတ်လား။ အာဏာရှိသူက အာဏာနဲ့ ဥပဒေကို မျက်ကွယ်ပြုကြတယ်လေ။
တချို့များဆို အဲ့ဒီလိုလိုက်နိုင်၊ ပေးနိုင်ကမ်းနိုင်၊ ဥပဒေမစိုးမိုးအောင်လုပ်နိုင်၊ လာဘ်ပေးလာဘ်ယူလိုပ်နိုင် တာကိုဘဲ ဂုဏ်ယူရဲသေးတယ်။ မရှက်တတ်မကြောက်တတ်တော့ဘူး။ ဥပမာ – ကိုယ်တူလေးမောင်းတဲ့ကားနဲ့ ဆိုင်ကယ်တိုက်မိတာကို အမှန်အတိုင်းအမှုမဖွင့်ဖြစ်အောင်၊ ဥပဒေဘောင်အတွင်းက မရင်ဆိုဘဲ ယာဉ်ထိန်းရဲတို့၊ သက်ဆိုင်ရာအာဏာပိုင်တွေဆီ ဝင်ထွက်ပေးကမ်းပြီး ဥပဒေကို လက်တစ်လုံးခြားလုပ်တာဟာ ဥပဒေ မစိုးမိုးအောင် လုပ်တာဘဲ။
ကိုယ့်အပေါ်ကို ဒါမှမဟုတ် ကိုယ့်မိသားစုကို ကိုယ်ယုံကြည်တဲ့ဘာသာအယူဝါဒတစ်ခုကို ကိုယ့်လူမျိုးကို စော်ကားထိပါးလာတယ် လို့ယူဆတဲ့အခါ ဒေါသနဲ့ကိုယ်ထိလက်ရောက်တုံ့ပြန်ကြ၊ အုပ်စုဖွဲ့ပြီး အနိုင်ထက်ပြုကြ၊ အကြမ်းဖက်တတ်ကြတယ်။
အခုခေတ်က ပြောင်းနေပြီ။ ဒီမိုကရေစီစနစ်ကို သွားနေပြီ။ အရင်ခေတ်ရဲ့ အတွေးအခေါ်၊ အပြုအမူ အကျင့် ကြံတွေပြောင်းပစ်ရတောမယ်၊ ထားရစ်ခဲ့ဖို့လိုနေပြီ၊ နိုင်ငံသားတိုင်း မိဘပြည်သူဖြစ်အောင် ကျိုစားဖို့လိုတယ်။ မဖြစ်သင့်တာတွေ မဖြစ်အောင်ဖြောင်းဖျ၊ တားမြစ်ကြရမယ်။
ကိုယ့်လုပ်ရပ်၊ အပြုအမှုအပြောအဆို၊ နောက်ဆုံးအင်တာနက်မှာ ကွန်မင့်ပေးတာကအစ၊ တရားဥပဒေ အစိုးမိုးအောင်၊ လူမျိုးတမျိုးနဲ့တမျိုးကြား၊ ဘာသာတခုနဲ့တခုကြား အမုန်းပွားအောင်၊ နားလည်မူ့လွဲအောင် ရေးသားကြတာဟာ တာဝန်မဲ့လွန်းတယ်။ သတ်ကြ၊ ဖြတ်ကျလို့ အော်ဟစ်လှုံ့ဆော်နေတာနဲ့ အတူတူဘဲ။ အဆိပ်ခပ်နေကြတာဘဲ။
♥ ဒီမိုကရေစီရဲ့ ဒေဝဒါတ်အုပ်စု
ဒီအုပ်စုကတော့ အရင်အာဏာရှင်အသိုင်းအဝိုင်းရဲ့ အမြစ်ဟောင်း၊ အမြစ်ပွားတွေဘဲဖြစ်တယ်။ အရင်ခေတ် တုန်းက မခံစားအပ်တဲ့ ပြည်သူ့ဘဏ္ဍာတွေ မတရားသဖြင့် ခိုးဝှက်ရယူခံစားခဲ့ရတဲ့ အရသာကို မမေ့နိုင်ဘဲ အဲ့ဒီအခွင့် အရေးတွေ ဆုံးရှုံးမှာကို စိုးရွံ့နေသူတွေဖြစ်တယ်။ ဒါကြောင့်သူတို့ဟာ ဒီမိုကရေစီကို သေးသိမ်အောင်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးပန်းတိုင်မရောက်အောင် အမြဲကြံစည်လုပ်ဆောင်နေကြလိမ့်မယ်။ ဘယာဂတိအလွန်ကြီးမား တဲ့ မြန်မာပြည်ရဲ့အသားဆွေးအသားပုပ်တွေဘဲ။ အချိန်တန်တော့ သူ့အလိုလို ခြောက်ပြီးကြွေကျသွားရမယ့် လူ့အမှိုက်များသာဖြစ်တယ်။ သူတို့ရဲ့ ခြေလှမ်းတွေကို မမြဲစောင့်ကြည့်ခဲ့ပြီး တားဆီးကာကွယ်ကြဖို့လိုတယ်။
နိုင်ငံရေးနဲ့ အထွေထွေအသိတရားနိမ့်ကျမှု
စစ်အာဏာရှင်ခေတ်တစ်လျှောက်လုံး အယူအဆမတူသူတွေ အပြောင်းအလဲတောင်းဆိုသူတွေ၊ နိုင်ငံရေး သမားတွေဆိုရင် ပြင်းပြင်းထန်ထန် နှိပ်ကွပ်ခဲ့တယ်။ နှိပ်စက်ညှင်းပမ်းသတ်ဖြတ်ယုံတင်မက၊ သူတို့နဲ့ ပတ်သက်သူ တွေကိုတောင် ဘာဝတွေပျက်အောင် စီးပွားပျက်အောင်လုပ်၊ ကျောင်းဆက်မတက်နိုင်အောင်လုပ်တာတွေရှိခဲ့တယ်။ နိုင်ငံရေးမှာ မပတ်သက်ရဲအောင် နိုင်ငံရေးသာကြောဖြတ်ကြိုးစားခဲ့တဲ့လုပ်ရပ်တွေဖြစ်တယ်။ အလွန်ယုတ်မာတဲ့ အောက်လမ်းနည်းမျိုးစုံကို သုံးခဲ့တာသမိုင်းမှာ အထင်အရှားကျန်ရစ်ခဲ့တယ်။
ပညာရေးစနစ်တစ်ခုလုံးလည်း ရစရာမရှိအောင် ပျက်စီးသွားခဲ့တယ်။ ကမ္ဘာကြီးနဲ့ အဆက်ဖြတ်ခံရပြီး အမှောင်ခေတ်ထဲ စုံးစုံးမြုပ်ခဲ့ရတယ်။ အဲ့ဒါရဲ့ အကျိုးဆက်ကတော့ လူငယ်လူလတ်လူကြီးမကျန် မျိုးဆက်နဲ့ချီပြီး အထွေထွေအသိတရားနိမ့်ကျခဲ့သလို အကျင့်စာရိတ္တကောင်းတွေ ဆိတ်သုဉ်းခဲ့တယ်။ ဒီရောဂါဆိုးကြီးကို ဆေးမီးတို နဲ့ ကုလို့မရနိုင်ဘူး။ တို့ကနန်းဆိတ်ကနန်းအပြောင်းအလဲလေးတွေလုပ်ပြီး ကုစားလို့မရဘူး။ ပညာရေးစနစ်ကြီး တစ်ခုလုံးကို အခြေခံကစပြီး ပြောင်းလဲပစ်ဖို့လိုတယ်။ ခေတ်နဲ့လျော်ညီတဲ့ ပညာရေးပေါ်လစီတွေ၊ သင်ရိုးညွှန်တမ်း တွေ ဖွဲ့စည်းပုံသင်ကြားမှုစနစ်၊ ဘဏ္ဍာငွေကြေးသုံးစွဲမှု၊ သင်ကြားမှုအထောက်အကူပြုနည်းလမ်းသစ်တွေနဲ့ ဆရာ/ဆရာမတွေကို အရည်အသွေးမြှင့်တင်မှုစတာ စတာတွေ အများကြီးပြုပြင်ကြရလိမ့်မယ်။
လူတွေရဲ့ အသိမြင်တရားတွေ မှန်ကန်လာအောင် လုပ်ဆောင်ကြတဲ့အခါ သတင်းမီဒီယာတွေနဲ့ လူထု ဆက်သွယ်မှုလမ်းကြောင်းတွေဟာ အလွန်အရေးပါတယ်။ အသိဉာဏ်ပညာဆိုတာ တစ်နေ့တစ်ရက်တည်းနဲ့ ပေးလို့ မရဘူး။ အချိန်ယူဖို့လိုတယ်။ ရေရှည်ရည်မှန်းချက်ထားပြီး လုပ်ဆောင်ရမှာဖြစ်တယ်။
♥ နာတာရှည်လူမျိုးငယ်စုပြဿနာ
လွတ်လပ်ရေးရပြီးတဲ့နောက် မြန်မာနိုင်ငံမှာ ပါလီမန်ခေတ်စလို့ စစ်အာဏာရှင်ခေတ်တစ်လျှောက်လုံး ကျင့်သုံးခဲ့တဲ့ ဗမာလူမျိုးကြီးဝါဒနဲ့ ဘာသာကြီးဝါဒကြောင့် တိုင်းရင်းသားလူမျိုးငယ်စုတွေ၊ လူမျိုးခြားလူမျိုးငယ်စုတွေ ကြား၊ ဘာသာခြားတွေအချင်းချင်းကြားမှာ အထင်မြင်မှားမှု၊ မယုံကြည်မှု၊ အာဃတ အမုန်းတရားတွေဟာ အတွင်းမှာ မြုံပြီးလောက်မြိုက်လှိုက်စားနေတဲ့ အနာပဆုပ်အနာကြီးနဲ့ တူလှတယ်။
အခွင့်အရေးမညီမျှမှု၊ အမြော်မြင်နည်းပါးတဲ့ အုပ်ချုပ်သူတွေရဲ့ အနိုင်ထက်ကျင့်မှုတွေနဲ့ တရားဥပဒေ မစိုးမိုးမှုရဲ့ဒဏ်ကို တပြည်လုံးအတိုင်းအတာနဲ့ သေအောင်ပေါင်းလဲခံခဲ့ကြရတယ်။
အနာပဆုပ်ရောဂါဆိုတာမျိုးကလည်း အခုကု၊ အခုပျောက်တာမျိုးမဟုတ်ဘူး။ ဆေးရည်စိမ်ထားတဲ့ ဂွမ်းလိပ် တွေ အကြိမ်ကြိမ်ထိုးသွင်းပြီး အသားနုတက်အောင်ဖြေးဖြေးခြင်း အချိန်ယူကုသရတာမျိုး။
အခုလည်း လူမျိုးငယ်ပြဿနာဆိုတာ အခွင့်အရေးညီမျှစွာပေးခြင်း၊ ရိုးသားစွာဆက်ဆံခြင်း၊ ပြည်ထောင်စု စိတ်ဓာတ်မြှင့်တင်ခြင်းအစရှိတဲ့ ဂွမ်းလိပ်တွေအကြိမ်ကြိမ်ထိုးသွင်းပြီး ယုံကြည်မှုအသားနုတက်အောင် အချိန်ယူ ကုစားရမှာဖြစ်တယ်။

ဒီဆောင်းပါးကို နိဂုံးသပ်ရရင် အထက်မှာ ဖော်ပြခဲ့တဲ့ တရားဥပဒေမစိုးမိုးသ၍ လူမျိုးငယ်ပြဿနာတွေကို မှန်မှန်ကန်ကန်မဖြေရှင်းသ၍ လူမျိုးရေး၊ ဘာသာရေးအဓိကရုန်းတွေ အမြဲရှိနေမယ်ဆိုတာရယ်၊ အဲ့ဒီလို တိုင်းပြည် ထူထောင်ရေး၊ ဖွံ့ဖြိုးရေးတွေ ထိထိရောက်ရောက်လုပ်နိုင်မှာမဟုတ်ကြောင်း အသိပေးခြင်းပါတယ်။ တရားဥပဒေ စိုးမိုးဖို့ လူမျိုးငယ်စုပြဿနာကို ဖြေရှင်းနိုင်ဖို့ စစ်မှန်တဲ့ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့အတွက် အခြေခံအကျဆုံးနဲ့ အမြန်ဆုံးပြောင်းလဲရမှာက ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ နိုင်ငံတော်အစိုးရနဲ့ မိဘပြည်သူတိုင်း အကြွင်းမဲ့ သိမြင်နားလည်ပြီး လက်တွေ့အကောင်အထည်ဖော်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts