>မောင်ရစ် – အဝေးက ပေးတဲ့ ရေပြေလြာ

>ဒုက္ခသည်တိုင်းပြည်သို့ အဝေးကပေးတဲ့ ရွှေပေလွှာ

မောင်ရစ်
မေ ၁၉၊ ၂၀၀၈

လူတွေ သိပ်ဒုက္ခရောက်တယ်ကြားတော့ မောင်ရစ်မှာ ပြောစရာ စကားမရှိ။ သတ္တ၀ါတခု ကံတခုပဲလေဆိုပြီး ပေလယကံ ထားလိုက်မိတယ်။ ဟော … တရုတ်ပြည်က သူတို့ ငလျင်ဘေးသင့်တဲ့ လူတွေအတွက် ၀မ်းနည်းခြင်း ၃ ရက် သတ်မှတ်လိုက်တယ်။ နိုင်ငံတော်ကလည်း “ငိုချင်ရက် လက်တို့” သူတို့လည်း လိုက်ဝမ်းနည်းမယ် ဆိုပြီးလုပ်တော့၊ လိုက်မေးရတော့တာပေါ့ တရုတ်ပြည်သူတွေအတွက် တပ်မတော်က ငိုမှာလား၊ မြန်မာပြည်သူတွေအတွက် ငိုတာလားလို့။ မုန်တိုင်းတိုက်ပြီး ၂ ပတ်လောက်ကြာမှ နိုင်ငံတော်က ၀မ်းနည်းကြောင်း ပြောတတ်လို့ ဂုဏ်တော့ယူလိုက်ပါရဲ့။

အဝေးက မောင်ရစ်လို (ဆန်ကုန်မြေလေး) လူမျိုးတောင် မုန်တိုင်းသင့်တဲ့ မြန်မာပြည်က ဒုက္ခသည်တွေအတွက် ၀မ်းနည်းရကောင်းမှန်း သိသေးတာကိုး။ ကော်ဖီလေးသောက်၊ အင်တာနက် ဓာတ်ပုံလေးကြည့်၊ သတင်းလေး နားထောင်၊ အလှူခံတွေကို အလှူထည့်၊ ပြေစာလေးတွေ တောင်း၊ မှန်ဘောင်ထဲထည့်၊ ပြီးတော့ ၀မ်းနည်း၊ သွားပြီး လုပ်အားပေးကူညီနေတဲ့ လူတွေဆိုတာ ကိုယ့်ဆွေမျိုးတွေ၊ မိတ်ဆွေတွေ၊ အသိတွေချည်းပဲဆိုပြီး လူထူထူမှာ ထ ထ ပြောနဲ့ မအားရပေါင်ဗျာ။ ၀မ်းနည်းတတ်လိုက်တာလည်း လွန်ဆိုတော့ “နိုင်ငံတော်”က ကိုယ့်ဘေးနား လာထိုင်ပြီး ငိုကြီးချက်မနဲ့ ငါလည်း ၀မ်းနည်းမယ်ဆိုတော့ မနာလိုတိုရှည် ဖြစ်ပြီး – ” ဟေ့ … ဟေ့ … ငါတို့နား လာပြီး မငိုနဲ့၊ ငိုချင် ဟိုနား သွားငို … ” လို့တောင် တွန်းလွှတ်လိုက်ချင်သေး။

ဟဲ ဟဲ …

(ဦးဝိစာရ ကေဵာက်တိုင်ကို တွေ့ရစဉ် – မိုးမခ)

ဒုက္ခရောက်ပြီ ဆိုတာနဲ့ မောင်ရစ်တို့က ကျမ်းကြီး ကျမ်းခိုင်တွေ လှန်ဖတ်ပြီး ဆရာလုပ်ဖို့ ပြင်ရတော့တာကိုး။ ဘာကြောင့် ဒုက္ခရောက်ရတယ်။ ဘယ်လို ဒုက္ခရောက်ရတယ်။ ဘယ်မှာ ဒုက္ခရောက်ရတယ် စသည်ဖြင့် ပြောနိုင်ဆိုနိုင်အောင်လည်း ပြင်ရသေးတာပါ့။ ဘယ်တော့အထိ ဒုက္ခရောက်အုံးမှာ စသည်ဖြင့် ပြောဆိုဖို့ အားမွေးနေရတော့ အချိန်လုပြီး ၀မ်းနည်းရသေးတာကိုးလေ။

အဲဒီမှာ “ဘာတွေ လုပ်ကြမယ်” တို့၊ “ဘယ်လိုတွေ လုပ်ကြမယ်”တို့ … လာ လာ မေးနေလို့ အဲဒါတော့ မသိဘူးဗျာလို့။ ကုလသမဂ္ဂတို့၊ အမေရိကန်၊ ဥရောပနဲ့ အာဆီယံတို့ကို သွားမေးချည်လို့ လွှဲချလိုက်ရသေးတယ်။ မသကာ ရွှေဇီးကွက်တို့၊ ဇာဂနာတို့၊ သဲကုန်းဆရာတော်တို့ သွားမေးပါလား … သူတို့က ပြည်ပက တိုက်ရိုက်အကူတွေမလာခင် နိုင်သလောက်တော့ လုပ်နေကြတာကိုးလေ။

“ဘွတ်” ဆိုတဲ့ အမေရိကန်သမ္မတတောင် နိုင်း အဲလဗင်း တုန်းက ၁၅ မိနစ်လောက် မှင်သက်သွားပြီး ညွန်ကြားချက်တွေ ထွက်မလာလို့ သူ့လူတွေက နှာနှပ်ယူကြရတယ်ဆိုတော့ တပ်မတော်က ပြည်သူတွေ သိန်းနဲ့ချီပြီး သေတဲ့ မုန်တိုင်းသတင်းမှာ အသဲတွေ ပြုတ်ပြုတ်ပြုံးသွားလို့ ရင်ဆို့ပြီး ၂ ပတ်လောက် သတိမလည်ဘဲ ဆန္ဒမဲပုံတွေကြားထဲမှာ မိန်းမောနေရရှာတာကို နားလည်သင့်ပါတယ်။

ဟဲ … ဟဲ …

(ဘုန်းတော်ကြီးကျောင်း ဒုက္ခသည် စခန်း – မိုးမခ)

ပြည်ပ အင်အားကြီး အနောက်နိုင်ငံများက မြန်မာပြည်ထဲကို အင်အားသုံးဝင်ရောက်ပြီး ဒုက္ခသည် ပြည်သူတွေကို တိုက်ရိုက်ကယ်တင်ဖို့ လုပ်နေကြပြီ ဖြစ်ပါတယ်။ အဲဒီအတွက် ပြည်ပက မြန်မာအင်အားစုတွေက သံရုံးတွေနဲ့တကွ အဆက်အသွယ် အသီးသီးကနေပြီး တိုက်တွန်း ပြောဆိုနေကြပါပြီ။ မြန်မာပြည် တပ်မတော်အစိုးရကလည်း အာဆီယံနိုင်ငံများ၊ တရုတ်၊ အိန္ဒိယနဲ့ ရုရှားအင်အားတို့ကို သုံးပြီး ကယ်ဆယ်ရေးနဲ့ ကာကွယ်ရေးတွေ တတ်အားသလောက် လုပ်လာတာကို တွေ့ရနေပြီ ဖြစ်ပါတယ်။ တတ်နိုင်တဲ့ အတိုက်အခံများကတော့ လူကြီးတွေနဲ့ တိုက်ရိုက်တွေ့ဆုံပြီး မြန်မာပြည်ကို တိုက်ရိုက်ကယ်တင်ရေးကို တင်လျှောက်နေကြတယ်လို့ ဆိုပါတယ်။ ဒုက္ခရောက်နေတယ်ဆိုတာကို ဘယ်လို နတ်မျက်စိနဲ့ ကြည့်သလဲတော့ မသိဘူးဗျ။ မောင်ရစ်ကတော့ ခပ်တုံးတုံးဆိုတော့ မစဉ်းစားတတ်ဘူး။ မျက်မှန်မတတ်ဘဲနဲ့ စီအင်အင် သတင်းရုပ်မြင်ကို ဒီတိုင်းကြည့်တာဗျာ။ အင်္ဂလိပ်စာတောင် သိပ်မဖတ်တတ်လို့ အရုပ်ပဲ ကြည့်တဲ့ ဂျာနယ်လစ် မောင်ရစ်တောင် မြန်မာပြည်ကြီး ဘေးသင့်နေတာ သိတယ်။

ဘာကလေ ကျောင်းဆင်းတယောက်ရဲ့ အဖြစ်တခုကိုတောင် သွား သတိရမိပါတယ်။ သူက နွေရာသီ ညနေခင်း အိပ်ပျော်နေစဉ်မှာ ရပ်ကွက် မီးလန့်တော့ ယောင်လို့တောင် မနိုးဘူးတဲ့။ ကိစ္စပြီးတော့မှ နိုးတော်မူတော့ မိတ်ဆွေများက အပြစ်တင်ကြပါတယ်။ ဘေးနားက အခန်းတွေက “ဖိုင်းယား၊ ဖိုင်းယား …” အော်နေချိန်မှာ ခင်ဗျားက နားပင်းနေသလားပေါ့။ သူကတော့ ရိုးရိုးပဲ ဖြေပါတယ်။ ကျနော်က မြန်မာဆိုတော့ “မီး … မီး ..” လို့ အော်ကြမှ မီးလောင်မှန်း သိတာဆိုတော့ “ဖိုင်းယား ဖိုင်းယား …” ကတော့ ပန်းနဲ့ ပေါက်သလောက်ပဲ ရှိတာပေါ့ … တဲ့။

ဟဲ … ဟဲ …

( မုန်တိုင်းပြယ်စ ရန်ကုန်၊ ဆွမ်းခံကြွ သံဃာများ – မိုးမခ)

ပြည်ပကတော့ ပြည်ပအလျောက် အဝေးက လုပ်နိုင်သလောက် လုပ်ကြမှာပေါ့ခင်ဗျာ။ အနီးကို မလာနိုင်လို့ အပြစ်တင် မစောကြပါနဲ့။ အနီးက တိုင်းရင်းသား အပစ်ရပ်တွေရော၊ အပစ်မရပ်တွေရောက သူတို့ရဲ့ ပိုင်နက်များကို လေဘေးဒုက္ခသည်များအတွက် စခန်းဖွင့်ခွင့်တွေ နေရာပေးဖို့တွေလည်း တောင်းပန်လိုက်ချင်ပါတယ်။ အတင်းကို လာရောက် ကယ်တင်ချင်တဲ့ နိုင်ငံတကာ ကယ်ဆယ်ရေး တပ်ကြီးများကို အဲဒီနယ်စပ်မှာ စခန်းချခွင့်တွေ ပေးလိုက်စေချင်တာပါပဲ။ ဒုက္ခသည်တွေခင်ဗျာ သူတို့ဆီလာမယ့် ကယ်တင်ရှင် စောင့်နေတာပါ။ ကယ်တင်ရှင် မလာလို့ရှိရင်လည်း ကယ်တင်ရှင်တွေဆီ သူတို့ လာကြပါလိမ့်မယ်။ ကြားဖူးတယ် မဟုတ်လား – မိုဟာမက်ဆီ တောင်ကြီးက မလာရင်၊ တောင်ကြီးဆီ မိုဟာမက် လိုက်လာမယ် ဆိုတာလေ။

ပြည်တွင်း သာသနာပြု ဘုန်းတော်ကြီးကျောင်းတွေ၊ ဘုရားရှိခိုးကျောင်းတွေ အားလုံးကို ပန်ကြားလိုက်ချင်တာကတော့ မရည်ရွယ်ဘဲနဲ့တောင် မျက်စိရှေ့က ဒုက္ခသည်တွေကို ကယ်တင်စောင့်ရှောက်နေရပြီ ဖြစ်တဲ့အတွက်ကြောင့်၊ နိုင်ငံတော်က အသိအမှတ်ပြုတဲ့ အချိန်အထိ မစောင့်ပါနဲ့တော့ အရှင်သူမြတ်တို့ ဘုရား လို့။ တခါတည်း သာသနာ့အလံအပြင် ကြက်ခြေနီအလံ၊ ကုလသမဂ္ဂအလံတွေကိုပါ လွှင့်တင်သာ ထားလိုက်ကြပါတော့လို့။ ပြည်သူအများကလည်း အဲဒီအလံတွေ လွှင့်တင်ထားတဲ့ သာသနာ့နယ်မြေတွေကို ဒုက္ခသည်နယ်မြေတွေအဖြစ် သတ်မှတ်လို့ ၀ိုင်းဝန်း ကာကွယ် စောင့်ရှောက်ကြပါစို့လို့။

ဘာကြောင့် ပြောရသလဲဆိုတော့ … နောင်ဆိုရင် ဒုက္ခသည်တွေက တပ်မတော်ရဲ့ ဦးစားပေး ဧည့်သည်တော်ကြီးများ ဖြစ်လာတော့မှာမို့ပါခင်ဗျာ။ သူတို့ကို ပြပြီး ဆန်တွင်မကဘူး အကုန်တောင်းစားလို့ရတာ သိကုန်လို့ နိုင်ငံတော်ကလည်း တိုင်းပြည်ကြီး မုန်တိုင်းဒဏ်ကြောင့် ချောက်ထဲကျဖို့ ၂ ပတ်အကျော်မှာ အချိန်မီသိပြီး ကယ်တင်တော်မူမည်ဟု စိတ်ပြောင်းနေပြီ ဖြစ်လို့ပါပဲ။

အပြင်ကနေ ကယ်မယ်၊ ကူမယ် ဖြစ်နေတဲ့ အဖွဲ့အစည်းများကလည်း ပြည်တွင်းမှာ ရောက်နှင့်နေတဲ့ ကုလအဖွဲ့တို့၊ ကြက်ခြေနီအဖွဲ့တို့၊ ဘာအဖွဲ့ ညာအဖွဲ့တို့ကိုလည်း နားချပေးတော်မူကြပါ။ အလံလွှင့်ထားတဲ့ ကျောင်းတွေဟူသမျှကို ၀င်ရောက် ကယ်တင် စောင့်ရှောက်တော်မူကြပါလို့။ မတော် ဟယ်လီကော်ပတာတို့၊ ပန်းကန်ပြားပျံတို့ စီးနင်းပြီး ၀င်ရောက်ကယ်တင်မယ့် နိုင်ငံတကာ အဖွဲ့တွေ လာလို့ရှိရင် ဘယ်နေရာကို ၀င်ပြီး ကယ်တင်စောင့်ရှောက်လို့ ရတယ်ဆိုတာ ထင်ရှားအောင် ကြိုပြင်နိုင်တာပေါ့ ခင်ဗျာ။ နိုင်ငံခြား ဘာသာစကားလေးလည်း ကယ်ဆယ်ရေး စောင့်ရှောက်ရေးလေး လုပ်ရင်း ဒုက္ခသည်တွေကို သင်ပေးထားလို့ရတာပေါ့။

ရက်စ် နိုး ဗဲရီးဂွတ်လောက် အပြင်၊ “ကယ်ပါ ကယ်ပါ” ကို ဗိုလို “Help !!! Help !!!” လောက် ငယ်သံပါအောင် အော်နိုင်လောက်ရင် ရပါပြီ။

ဟဲ … ဟဲ …


(ကြက်ခြေနီအလံလွှင့်ထားတဲ့ ကွမ်းခြံကုန်းမြို့ တနေရာ – မိုးမခ)

ပေးကား ပေး၏ မရတို့၊ ကယ်ကား ကယ်၏ မရောက်တို့နဲ့ တစိမ်းတွေက သိပ်ပြောလွန်းလို့ မောင်ရစ်တို့ သည်လိုမျိုးလေး အကြံပေးချင်ပါတယ်။ အခုအချိန်မှာ ပြည်တွင်းက ဘုန်းတော်ကြီးကျောင်းတွေ အားလုံး၊ ဘုရားရှိခိုးကျောင်းတွေအားလုံး၊ အနုပညာရှင်တွေ အားလုံး၊ ကျောင်းသားတွေ၊ အဲန်အယ်ဒီတွေတွေ၊ ၈၈ တွေ၊ မိသားစုတွေ စတဲ့ တရားမ၀င်တဲ့ (အဟိ – တပ်မတော်ကြီး အကြိုက် စာလုံးဗျ … ) တရားမ၀င်တဲ့ ကယ်ဆယ်ရေး စေတနာဝန်ထမ်းတွေနဲ့တကွ အဖွဲ့အစည်း အသီးသီးက “တရားဝင်” ကယ်ဆယ်ရေး လုပ်သားတွေအားလုံး အတူတကွ ပူးပေါင်း ချစ်ခင်ညီညွတ်စွာ ကူညီစောင့်ရှောက်နေကြပြီ ဖြစ်ပါသဖြင့် အချင်းချင်း ဆက်သွယ်ရေး၊ အကူအညီပေးရေး လမ်းကြောင်း လွယ်ကူ ချောမွေ့စေရေးအလို့ငှာ ကုလတို့ ကြက်ခြေနီတို့ ကူညီစောင့်ရှောက်ရေး အဖွဲ့အစည်းကြီးတွေ အသီးသီး ပေါင်းစုပြီး သကာလ Help Line ဆိုတဲ့ အလှူလက်ခံဌာနတွေအပြင် Hot Line ဆိုတဲ့ ကယ်ဆယ်ရေး ပြန်ကြားရေး ဌာနတွေ ဖွင့်ပေးတော်မူကြပါလို့။

ဘုရားပွဲမှာ လူပျောက်ရင်တောင်မှ – အင်္ကျီအပြာလေးနဲ့ ၃ နှစ်အရွယ် နှပ်ချေး တွဲလောင်းနဲ့ ကလေးလေး အလှူခံဌာနမှာ ရောက်နေပါတယ်။ မိဘများ လာရောက် ခေါ်ယူတော်မူကြပါလို့ အော်ပီကျယ်ကြီးနဲ့တောင် အော်ခေါ်နိုင်သေးတာဗျာ။ လူ သိန်းချီသေ၊ သောင်းချီ ပျောက်၊ သန်းချီ ဒုက္ခရောက်နေချိန်မှာ တယ်လီဖုံးလိုင်း၊ ကြေးနန်း၊ ရေဒီယို၊ ရုပ်မြင်၊ အင်တာနက်၊ ဂျာနယ်စာစောင်လေးများကနေ (တပ်မတော်ဖက်က ဟာတွေ မဟုတ်ရပါ။ သူတို့က မဲတွေကို မဲရေတုန်းရှိသေး) ၀ိုင်း ကူရှာပေး၊ ၀ိုင်းကူအော်ပေးကြရင် ကောင်းမလား စဉ်းစားမိကြောင်းပါ။

ဘုန်းကြီးကျောင်းတွေ၊ ကုလတို့ အဖွဲ့တို့ရဲ့ စခန်းတွေမှာလည်း သင်ပုန်းကြီးတွေ ချိတ်ဆွဲပြီး မှတ်တမ်းတွေ ရေးထား၊ ထုတ်ထားပေးပေါ့ခင်ဗျာ။ အာဖရိက ဆူဒန်မှာ ဒုက္ခသည်စခန်းအ၀င်ဝ သင်ပုန်းကြီးမှာ စာရေးတတ်သူက စာရေးခဲ့။ စာမတတ်သူကတော့ သူတို့ဝတ်ထားတဲ့ အ၀တ်စတို့ နားကွင်းတို့ကို ချိတ်လို့၊ ကပ်လို့ ထားခဲ့ သတဲ့။ အဲဒါကို ကယ်ဆယ်ရေး ၀န်ထမ်းတွေက သတင်းပြန်ကြားပေးသတဲ့။ (ကြားဖူးတာ ပြောတာပါ။ မရောက်ဘူးသေးပေါင်)။

(ခေတ်မီ လေဘေးအကူ – အနောက်တိုင်းသေးခံနဲ့ မြန်မာကလေးငယ် – မိုးမခ)

ဟိုဖက်ကတော့ ဆန်တွေ ရကုန်ပြီ တဲ့။ ဒီဖက်ကတော့ ပုဆိုးတွေ ပိုလျံနေသတဲ့။ ဟိုနားက ဒုက္ခသည် ဂိုဒေါင်ထဲမှာ မြွေဝင်ကိုက်လို့ လူ ၂ ယောက် သေရှာပြီတဲ့တို့။ တပ်မတော်က လေဘေးထိထားတဲ့ ဒုက္ခသည်ယောင်ဆောင်ပြီး လေယာဉ်ကွင်းမှာ ပိတ်ပြီး ထိုင်တောင်းစားနေတာ ပျဉ်းမနားက ဂိုဒေါင်တွေတောင် ပြည့်လျှံကုန်ပြီ တဲ့ ဆိုတဲ့ သတင်းစစ်၊ သတင်းမှန်များ ဒုက္ခသည်များအကြား အမှန်အတိုင်း စီးဆင်းကြဖို့အရေး အရှည်မျှော်တွေးလို့ ရေးမိတာပါ။

မဟုတ်လို့ရှိရင် အလှူရှင်တွေကို သံသယ အကျိုးဆက်တွေ ကြီးမားစေမယ့် အင်တာနက် ကောလဟာလတွေပဲ မိုးလုံးပြည့်ကုန်မှာ စိုးလို့ပါ။ မနက်ကတောင် အီးမေးကနေ ဒုက္ခသည်တွေ အားလုံးက စခန်းတွေမှာ အကုန် ရေမီး အစုံ မိုးလုံ လေလုံနဲ့ ကောင်းမွန်စွာ ရောက်ရှိနေပါပြီ။ လမ်းမှာထွက်တောင်းနေတာ လေဘေးဒုက္ခသည် အတုတွေပါ။ သူတို့ကို သွားမကူပါနဲ့၊ ဘယ်နဲ့ ညာ့နဲ့ လုပ်နေလို့ ပိတ်ပြောလိုက်ရသေးတယ်။ အဲဒီ ဒုက္ခသည်အတုတွေက ဘယ်ကလဲ၊ တရုတ်ပြည် ငလျင်ဘေးက ထွက်ပြေးလာတာလား … လို့

ဟဲ … ဟဲ …

ရေးကတည်း ရွှေပေလွှာပါဗျာ။ ဖတ်မိပါက ရှေ့ ၇ အိမ်၊ နောက် ၇ အိမ် ဝေပါ။ ချမ်းသာမည်။ မဝေက ဆင်းရဲမည် စတဲ့ ကျိန်စာတိုက်တဲ့ ရွှေပေလွှာ မဟုတ်ရပါ။ တိုင်းပြည်ကြီး လေဘေးသင့်လို့ မီးတောက်နေချိန်မှာ အားအားရှိလို့ နီရိုဘုရင်ကြီးလိုလည်း တယောက မထိုးတတ်၊ ပြင်သစ်က မာရီအင်တွိုင်းနက်လိုလည်း ပေါင်မုန့်မရှိ ကိတ်မုန့်စားကြပါလားလို့လည်း မပြောတတ်သမို့။ ကြောင်ရေချိုးတဲ့ စာပါ။

ကြောင်ရေချိုးဆို မြန်မာပြည်တွင်းက လူတွေကို အမေရိကန်တွေက လွှတ်ကူနေပြီဆိုတော့၊ ဒေါ်လာက သန်းရာချီ ပြီး အလှူတွေ ရနေပြီ ကြားတော့၊ အမေရိကန်ပြည်သူတွေကိုလည်း ငါ နိုင်တဲ့နည်းနဲ့ ကျေးဇူးလေး ဆပ်အုံးမှ ဆိုပြီး အိုးမဲ့အိမ်မဲ့ ဒုက္ခသည် ကြောင်လေးတကောင် မွေးစားထားမိလို့ပါ။ မောင်ရစ် တယောက် စိတ်ကြီးတွေ ၀င်လို့ပေါ့ဗျာ။ ငါလည်း နင်တို့ အမေရိကန်တွေ စွန့်ထားတဲ့ ကြောင်ဒုက္ခသည်လောက်တောင် ကယ်နိုင်ပါသေးတယ် အင်ဂျလီနာ ဂျိုလီ တို့၊ ဘရက်ပစ်တို့ရဲ့ ဆိုပြီးတော့ပေါ့။

ဟဲ … ဟဲ …

(လှိုင်သာယာက မြင်ကွင်း – မိုးမခ)

မိုးမခ အယ်ဒီတာတွေကတော့ ပြောတယ်ဗျ။ ဒါတွေ လျောက်ပြောမနေနဲ့တဲ့။ အားလုံး သိတယ်။ လုပ်နေကြပြီတဲ့။ ခင်ဗျားက လေဒီယိုမထောင်၊ အင်တာနက်မကြည့်ပဲ ကိုယ်ထင်ရာ မြင်ရာတွေ လျောက် ပြော ပြောနေတာတဲ့။ မြန်မာပြည်က အမျိုးတွေကိုကော ဖုန်းကော ဆက်ကြည့်ပြီးပြီလား တဲ့။

ဖြေလိုက်တယ်။ တခွန်းထဲပဲ။ ဆက်မကြည့်ဘူး၊ စိတ်ဆင်းရဲလွန်းလို့ … လို့။

ဟဲ … ဟဲ …


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts