>မုန်တိုင်းသတင်း – ၁၉

>

မုန်တိုင်းနောက်ဆက်တွဲ သတင်းတိုထွာ ၁၉
ပြည်တွင်း ပြည်ပ သတင်းဌာနများ
မေ ၁၄၊ ၂၀၀၈

၁၅ ရက်နေ့ နောက်ဆုံးထားပြီး ဒုက္ခသည်များ နေရပ်ပြန် မဲထည့်ကြမည် (မိုးမခ)

စစ်အစိုးရ၏လျို့ဝှက်အမိန့် ထုတ်ပြန်ထားရာတွင် မိမိဒေသများက စွန့်ခွာလာသော ဒုက္ခသည်များအားလုံး ၁၅ ရက်နေ့ နောက်ဆုံးထားပြီး နေရပ်ပြန်ကာ ဆန္ဒမဲ ပေးကြရမည်ဟု ဆိုသည်။ မြစ်ဝကျွန်းပေါ်က ရွာလုံးကျွတ် ပျောက်ဆုံးသူများ၊ အသေအပျောက် စာရင်းများနှင့် ရွှေ့ပြောင်းနေရာချထားသူများ စာရင်းတို့ မကောက်ခံနိုင်သေးဘဲ မည်သို့သော တွက်ချက်မှုမျိုးကို သုံးပြီး ဆန္ဒမဲစာရင်းကို တွက်ချက်မည်ကိုမူ ထုတ်ပြန်ခြင်း မရှိပေ။ ယနေ့ ကုလစာရင်းအရ ဒုက္ခသည် ၂ သန်းခွဲ ရှိသည်ဟု ဆိုသည်။

ဒလဘက်ကမ်းမှာ ဒုက္ခသည်များ ကယ်ဆယ်ရေးအတုနဲ့ တွေ့ (မိုးမခ)

ဒလဖက်ကမ်းတွင် စစ်တပ်နှင့် ရဲတို့က ယာယီတဲ ၁၀၀ ကျော်ဖြင့် ဒုက္ခသည်များကို လက်ခံထားပြီး စစ်အစိုးရ၏ အရေးပါသော ပုဂ္ဂိုလ်ကြီးများနှင့် တွေ့ဆုံခွင့်ပြုခဲ့ကြောင်း၊ ဗွီအိုပီများ ပြန်သွားပြီး ၎င်း ယာယီတဲ ၁၀၀ကို ရုတ်သိမ်းလိုက်ပြီး ဒုက္ခသည်များကို ဖယ်ရှားလိုက်ကြောင်း သတင်းရသည်။

ကျောက်တန်းကို စေတနာရှင် ကယ်ဆယ်ရေးသမားများ ၀င်ခွင့်မရ (မိုးမခ)

သံလျှင်တွင် ဒုက္ခသည်များကို အစားရေစာများ ဖြန့်ဝေသည့် အလုပ် ဆောင်ရွက်နေသော စေတနာရှင်တို့ ကျောက်တန်းကို ၀င်ရောက်ခွင့်မရဟူ သိရသည်။ အကူများကို စစ်တပ် သို့မဟုတ် စစ်အစိုးရ ၏ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့လက်ထဲသို့ ထည့်ခွင့်တော့ ပြုသည်ဟု ဆိုသည်။

အမျိုးသားသွေးလှူဘဏ်မှာ သွေးလှူရှင်များ လိုအပ်နေပြီ (မိုးမခ)

ယခင်အပတ်က မုန်တိုင်းအပြီး လျပ်စစ်မီးမရှိသဖြင့် ရန်ကုန်ဝန်းကျင်ဆေးရုံများက ဓာတ်ခွဲခန်းများတွင် သွေးများထိမ်းသိမ်းနိုင်ခြင်းမရှိဟု သိရသည်။ အမျိုးသားသွေးလှူဘဏ်တွင်သာ ပုံမှန်လည်ပတ် ထိမ်းသိမ်းထားနိုင်ပြီး လူနာများအတွက် သွေးအများအပြားလိုအပ်နေကြောင်း ကမ္ဘာကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသည်။ ရှားပါး အိုသွေး၊ အေသွေး နှင့် ဘီသွေး ပိုင်ရှင်တို့ ရန်ကုန်ဆေးရုံကြီးရှိ အမျိုးသားသွေးလှူဘဏ်သို့ လာရောက် လှူဒါန်းကြပါရန် မေတ္တာရပ်ခံထားကြောင်း သိရသည်။

ဘေးသင့်မှတ်တမ်းဓာတ်ပုံများ မှားယွင်းဖြန့်ဝေခြင်း မပြုကြရန် သတိပေး (မိုးမခ)

ထိုင်းနိုင်ငံဆူနာမီဘေးသင့် ဓာတ်ပုံများကို နာဂစ်မုန်တိုင်းသင့် မြန်မာများအဖြစ် မှားယွင်းထင်မှတ်ပြီး အင်တာနက်အီးမေးများကတဆင့် လက်ဆင့်ကမ်း ဖြန့်ဝေလာကြသည်ကို တွေ့ရသည်။ လက်ခံရရှိသူများကလည်း နာဂစ်မုန်တိုင်း၏ ခါးသီးလှသော သက်သေများအဖြစ် ယူဆပြီး ဆက်လက်ဖြန့်ဝေနေကြသဖြင့် ထိုဓာတ်ပုံများကို နာဂစ်မုန်တိုင်းဓာတ်ပုံများအဖြစ် ဆက်လက်ဖြန့်ဝေခြင်း မပြုကြပါရန် ပြည်ပရှိ မြန်မာ့အရေး လုပ်ဆောင်နေသူများက လိုက်လံ မေတ္တာရပ်ခံနေကြောင်း ကြားသိရပါသည်။

၂၀၀၇ စက်တင်ဘာ သံဃာအရေးအခင်းတုန်းကလည်း အရေးအခင်းဓာတ်ပုံများ ဖြန့်ချိရာတွင် ထိုင်းနိုင်ငံ အဓိကရုန်းတခုက ဓာတ်ပုံများကို ရောထွေးပြီး ဖြန့်ချိသည့် အမှားအယွင်းတခု ဖြစ်ခဲ့ကြောင်း၊ စစ်အစိုးရအပေါင်းအပါများက ၂၀၀ရ သံဃာအရေးတော်ပုံကို နိမ့်ကျသိမ်ဖျင်းအောင် သတင်းမှားများ၊ မှတ်တမ်းအမှားများ ပြန်လည် ကာပြန်ဖြန့်ချိပြီး အမျိုးသားရေးလှုပ်ရှားမှုကို သံသယအကျိုးဆက်ဖြစ်လာစေရန် ဆောင်ရွက်လေ့ရှိကြောင်း၊ ယခုအချိန်တွင် နိုင်ငံတကာက ကြီးစွာသော အားထုတ်မှုများဖြင့် မြန်မာပြည်သူများကို ဘေးအန္တရာယ် ကပ်ဆိုးအသီးသီးမှ လွတ်မြောက်အောင် ဆောင်ရွက်နေချိန်၊ ယခုထက်ပိုပြီး တိုက်ရိုက်အကျိုးရှိစေမည့် နည်းလမ်းများ ရှာဖွေနေချိန်တွင် သတင်းနှင့် ဓာတ်ပုံအမှန်များကိုသာ ပြည်သူလူထု လက်ဝယ်သို့ အရောက်ပို့ဆောင် မျှဝေနေရမည့် အချိန်ဖြစ်ကြောင်း၊ စစ်အစိုးရကလည်း ကပ်ဘေးသင့်တိုင်းပြည်ကြီး ကယ်ဆယ်ရေးထက် သူတို့အာဏာတည်မြဲရေးကို ဦးစားပေးဆောင်ရွက်နေရာ အမှန်နှင့်အမှားကို ထင်ထင်ရှားရှား ပြသပြီး အားလုံးက ၀ိုင်းဝန်းအားထုတ်ကြရမည်ဖြစ်ကြောင်း US Campaign for Burma ၏ တာဝန်ခံ ကိုအောင်ဒင်က မိုးမခသို့ ပြောကြားသည်။

US Campaign for Burma သည် ကုလသမဂ္ဂ က သို့မဟုတ် အမေရိကန်၊ ပြင်သစ်နှင့် ဗြိတိန် တို့က ဦးဆောင်ပြီး စစ်အစိုးရလက်အောက်က အကာအကွယ် အကူအညီမဲ့ ကပ်ဘေးသင့်နေသော မြန်မာပြည်သူတို့ကို တိုက်ရိုက် အမြန်ဆုံး ၀င်ရောက်ကယ်တင်ရေး လှုပ်ရှားမှုများကို ဆောင်ရွက်လျက်ရှိသည်။ မြန်မာပြည်တွင်းသို့လည်း ကိုယ်ထူကိုယ်ထ အစုအဖွဲ့များ၏ အကူအညီများ အဆက်မပြတ်ရောက်ရှိနိုင်ရေးကို လည်း ဆောင်ရွက်နေသည်ဟု သိရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts