>သတင်းတိုထြာ ၁၆

>

မုန်တိုင်းနောက်ဆက်တွဲ သတင်းတိုထွာ ၁၆
ပြည်တွင်း ပြည်ပ သတင်းဌာနများ
မေ ၁၃၊ ၂၀၀၈

မုန်တိုင်းအပြီး ၁၁ အကြာတွင်တွေ့ရသော ရန်ကုန်မှ ဒုက္ခသည်များ (ဓာတ်ပုံ Reuters)

စွမ်းအားဖြည့်ဘီစကွတ် ပျောက်ဆုံး (AP သတင်းဌာန)

ကုလသမဂ္ဂ စားနပ်ရိက္ခာအဖွဲ့ WFP က ပေးပို့သည့် ခွန်အားဖြည့်ဘီစကွတ်များမှာ တပ်မတော် ဂိုဒေါင်ထဲသို့ ရောက်သွားသည်ဟု ရန်ကုန်တွင် အနေကြာသူ နိုင်ငံခြားသားတစ်ဦးက ပြောပြသည်။ အစိုးရကို စိတ်ကုန်နေသည့် တပ်မတော်အရာရှိအချို့က ၎င်းအား ပြောပြခြင်းဖြစ်သည်ဟု ဆိုသည်။
ဒုက္ခသည်များကို WFPဘီစကွတ်များ ပေးမည်မဟုတ်ဘဲ၊ အရသာကင်းမဲ့ပြီး အာဟာရဓာတ် နည်းပါးသည့် ကျိုက္ကဆံ ဘီစကွတ်များကိုသာ ပေးမည်ဟု ဆိုသည်။စွမ်းအားဖြည့်WFPဘီစကွတ်များ ပြင်ပဈေးကွက်သို့ ထုတ်ရောင်းလိုက်သည်၊ သို့မဟုတ် စစ်တပ်အတွင်းသုံးလိုက်သည် ဆိုသည်ကို အတိအကျ မသိရဟု ပြောပြသည်။
အစိုးရကို မှတ်ချက်ပေးရန်ပြောဆိုသော်လည်း တုန့်ပြန်ခြင်း မပြုသေးပေ။

ကုလသမဂ္ဂဆန် ရုတ်တရက်ညံ့ဖျင်း (AP သတင်းဌာန)
CARE Australia အကူအညီပေးရေးအဖွဲ့ မြန်မာပြည်တာဝန်ခံ Brian Agland ၏အဆိုအရ မြစ်ဝကျွန်းပေါ်ဒေသ ဒုက္ခသည်များအတွက် ဖြန့်ဖြူးသည့်ဆန်ကို ၀ယ်ယူ စစ်ဆေးကြည့်ရာ အရည်အသွေး အလွန်ညံ့ဖျင်းသည်ဟု ဆိုသည်။
“ကျနော်တို့က ကုလသမဂ္ဂဆီကဆန်ကိုပဲ သုံးခဲ့တာ။ အရည်အသွေး သိပ်မြင့်တယ်” ဟုပြောသည်။ ဒုက္ခသည်များကို ဆန်ဝေငှသည့်အခါ အရည်အသွေး ညံ့ဖျင်းပြီး အာဟာရနည်းပါးသည့် ဆန်များနှင့် အစားထိုးလိုက်မည်ကို ၎င်းက သံသယ၀င်နေသည်။

ရန်ကုန်မှဒုက္ခသည်များ (ဓာတ်ပုံAFP)

နိုင်ငံခြားသား ရန်ကုန်မှာပဲနေပါ (AP သတင်းဌာန)
နယ်ခြားမဲ့ဆရာဝန်များအဖွဲ့ အရာရှိ Jean-Sebastien Matteက ဧရာဝတီတိုင်းသို့သွားသည့် ၎င်းတို့၏ နိုင်ငံခြားသား ၀န်ထမ်းများမှာ ရန်ကုန်သို့ မကြာခဏ ပြန်ကြရသည်ဟု ဆိုသည်။ “အဲဒီကို ၂ ရက်ပဲ သွားလို့ရတယ်ဗျာ။ ၂ ရက်ပြည့်တာနဲ့ ရန်ကုန်ကို ပြန်ပေတော့ပဲ” ဟု ဆိုသည်။
(ညနေ ၅း၀၀)

ပြည်ပကျွမ်းကျင်သူမလိုဟု အစိုးရပြော(AFP သတင်းဌာန)

မုန်တိုင်းဒဏ်ခံနေရသူများကိုကယ်ဆယ်ရေးအတွက် ပြည်ပမှ ကူညီကယ်ဆယ်ရေး ကျွမ်းကျင်သူများကိုလက်ခံရန် နိုင်ငံတကာက ဖိအားပေးနေမှုကို စစ်အစိုးရက ယနေ့ ပယ်ချလိုက်သည်။ ကယ်ဆယ်ရေးလုပ်ငန်းများကို နိုင်နိုင်နင်းနင်း ဆောင်ရွက်နေကြောင်း ပြောဆိုလိုက်သည်။
အမေရိကန်သမတ ဘုရှ်၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့က စစ်ဗိုလ်ချုပ်များကို ဒေါသထွက်နေပြီး၊ အကူ အညီ ပေးရေးအဖွဲ့များကလည်း အချိန်မဆွဲရန် သတိပေးနေချိန်တွင် စစ်အစိုးရက ပြင်ပမှ ကျွမ်းကျင်သူများ မ၀င်နိုင်ရန် ဆက်လက် ပိတ်ထားခြင်းဖြစ်သည်။
ဒုတိယဗိုလ်ချုပ်ကြီး စိုးသိန်းက “ကျွမ်းကျင်မှုနှင့်သက်ဆိုင်သော လုပ်သားလိုအပ်ချက် မရှိသေးပါကြောင်း” ယနေ့ထုတ် သတင်းစာတွင် ပြောလိုက်သည်။ “လေဘေးသင့် ပြည်သူများ၏ အခြေခံ လိုအပ်ချက်များ ပြည့်စုံစပြုပြီ” ဟု ဆိုသည်။
ကူညီကယ်ဆယ်ရေးအဖွဲ့များကမူ ၎င်းနှင့်ဆန့်ကျင်ဘက် ပြောဆိုကြသည်။ လူ ၂ သန်းခန့် သောက်ရေ၊ အစားအစာ၊ နေရေးထိုင်ရေး ခက်ခဲနေကြောင်း၊ သေနှုန်းမြင့်တက်လာကြောင်း ပြောကြသည်။ (နေ့ ၃း၀၀)

ယူနီဆက်ဖ် ပြောပြတဲ့ ဖျာပုံအခြေအနေ (CNN)

ဖျာပုံမြို့နယ်ရှိ ဒုက္ခသည်စခန်းတွင် လူပေါင်း ၃၅၀၀ ခိုလှုံနေသည်၊ ၎င်းတို့အတွက် အိမ်သာ ၅ လုံးသာ ရှိသည်ဟု ကမ္ဘာ့ကလေးများရန်ပုံငွေအဖွဲ့ ယူနီဆက်ဖ်က ဆိုသည်။
ဧရာဝတီမြစ်ရိုးတလျှောက်လုံး ရုပ်အလောင်းများ မျောပါနေသည်။
(နေ့ ၁၂း၃၀)

မြောင်းမြမြို့မှ အိုးမဲ့အိမ်မဲ့အချို့ (ဓာတ်ပုံReuters သတင်းဌာန)

ယမန်နေ့က လေဘေးထည် (အ၀တ်အထည်အဟောင်း) နှင့် အစားအစာ စောင့်ဆိုင်းနေကြသည့် ရန်ကုန်မှဒေသခံအချို့ (ဓာတ်ပုံ Reuters သတင်းဌာန)

အမေရိကန်လေယာဉ်နောက်တစ်စီး မြန်မာပြည်သွားပြီ (APသတင်း)
အမေရိကန်စစ်လေယာဉ်နောက်တစ်စီး ကယ်ဆယ်ကူညီရေးပစ္စည်းတင်ဆောင်ပြီး ရန်ကုန်မြို့သို့ ယနေ့ ထွက်ခွာသွားကြောင်း စစ်အရာရှိတစ်ဦးက ပြောလိုက်သည်။ လေယာဉ်များ ထပ်မံစေလွှတ်ကူညီရန် မျှော်လင့်သည်ဟုလည်း အဆိုပါအရာရှိ ဗိုလ်ချုပ် Douglas Powell က ဆိုသည်။
၁၉၉၀၀ ပေါင် အလေးချိန်ရှိသည့် သောက်ရေ၊ အိပ်ယာ၊ ခြင်ထောင် စသည့်ပစ္စည်းများ သယ်ဆောင်သွားသည်ဟု ပြောပြသည်။ ယနေ့ ညနေပိုင်းတွင် တတိယမြောက်လေယာဉ် ထွက်ခွာမည်ဟု ဆိုသည်။ မနက်ဖြန်တွင်လည်း လေယာဉ်များ ထပ်မံစေလွှတ်နိုင်မည်ဟု မျှော်လင့်သည်ဟု ပြောသည်။
(နံနက် ၁၁း၀၀)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts