>Maung Yit – Welcome Home Burma

>


မြန်မာပြည်ကလားဟေ့ – ၀င်ခဲ့လေကွယ် …
မောင်ရစ်

မေ ၁၁၊ ၂၀၀၈

ဒါက မြန်မာပြည်ဒီမိုကရေစီရေး ကူညီမှုရန်ပုံငွေရဲ့ ကြေညာချက် ၉-၂၀၀၈ ဖြစ်ပါတယ်။ ဆောင်းပါးအဖြစ်ပါ အားလုးံဖတ်လို့ရအောင် တင်ပေးဖို့ပါ ရေးလိုက်ပါတယ်။ ကျနော်တို့ မိုးမခ ၀ိုင်းတော်သားတွေနဲ့ အလှူရှင်တွေရဲ့ မြန်မာပြည်ဒီမိုကရေစီရေးကူညီမှု ရန်ပုံငွေရဲ့ ကြွေးကြော်သံဖြစ်တဲ့ “မြန်မာတွေ အချင်းချင်း ရိုင်းပင်းကူညီကြစို့” ကနေ “မြန်မာတွေ အချင်းချင်း ကယ်ဆယ်ကြစို့” လို့ ပြောင်းရမလို ဖြစ်နေပါတယ်။

မုန်တိုင်းမလာခင်က ကျနော်တို့က ဒေါ်လာ ၂၀၀၀ လောက်ပဲ အရေးပေါ်သုံးဖို့ မှာထားမိတယ်။ မုန်တိုင်းပြီးတော့ ၆ ရက်နေ့မှ အဆက်အသွယ်တွေ ပြန်ရတယ်။ အားလုံးက အိုးအိမ်တွေ နည်းနည်းပါးပါး ထိခိုက်တာကလွဲပြီး အသက်အန္တရာယ်မဖြစ်ကြတော့ မုန်တို်င်းဒဏ်သင့် ဒုက္ခသည် ကူညီတဲ့ကိစ္စကို ရှိတာတွေနဲ့ ဆက်လုပ်ဖို့ တညီတညီတည်း ဆုံးဖြတ်ကြတာကို တွေ့ရပါတယ်။

အဲသည်တော့ ကျနော်တို့အားလုံး တတ်နိုင်သလောက် အမေရိကန် ဒေါ်လာ ၆၀၀၀ ကို နောက်ထပ်ဆောင်းပြီး လေဘေးကူညီရေးကိစ္စမှာ သုံးစွဲဖို့ ဆုံးဖြတ် ပြင်ဆင်ထားလိုက်ပြီဖြစ်ပါတယ်။ ဒါကတော့ ရန်ကုန်မြို့နဲ့ ဧရာဝတီ ဒေသများက ဒုက္ခသည်တွေကို လက်လှမ်းမီသမျှ အကူအညီပေးမှာ ဖြစ်ပါတယ်။

အလှူ၊ အကူနဲ့ လုပ်အားပေးချင်သူများကိုတော့ ကျနော်တို့က အဆင့် ၃ ဆင့် ခွဲပြီး ကူကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။

(၁) အစိုးရများနဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းများကို လှူဖို့၊ အားပေးဖို့ပါ။ လုံးဝ အတိဒုက္ခရောက်နေတဲ့ ဒေသနဲ့ ပြည်သူတွေဆီကို ခေတ်မီ နည်းပညာ၊ ကိရိယာ၊ အင်အားတွေနဲ့ အရောက်၊ ထိရောက် မြန်ဆန်တဲ့ အကူအညီတွေကို သူတို့မှသာ တတ်နိုင်တာပါ။ သူတို့တွေ ယခင်ကတည်းက စုဆောင်းပြင်ဆင်ထားတဲ့ အသင့်အကူအညီများနဲ့ လက်ငင်းကို သွားကူနိုင်လို့ နောက်ပိုင်း ဆက်ကူညီနိုင်အောင် ပြည်သူက နောက်ကလိုက် ပံ့ပိုးရတာ ဖြစ်ပါတယ်။

(၂) လူထုကြားက အမျိုးသားရေးနဲ့ လူမှုရေး အစုအဖွဲ့များကို လှူဖို့၊ အားပေးဖို့ပါ။ တစိတ်တပိုင်း ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ဆေးဝါး၊ အစားအစာ၊ အမိုးအကာနဲ့ ရေသန့် ရောက်ရှိနိုင်ဖို့ သူတို့တွေရဲ့ ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုးတဲ့ ရှိနှင့်ပြီးတဲ့ ကွန်ယက်နဲ့ အတွေ့အကြုံတွေ၊ ခံနိုင်ရည်တွေကို အားကိုးရမှာ ဖြစ်ပါတယ်။

(၃) မိသားစု၊ အိမ်နီးချင်း နီးစပ်ရာ ကူညီစောင့်ရှောက်ရေးကို မိတ်ဆွေများ၊ မိဘဆွေမျိုးများကတဆင့် လှူဖို့၊ အားပေးဖို့ပါ။ သိသာထင်ရှားတဲ့ ဥပမာကတော့ ဒုက္ခသည်တွေ ယာယီခိုကိုးစရာ ဘုန်းကြီးကျောင်းများ၊ ဘုရားများ၊ ကျောင်းများ၊ ဘာသာရေး အဆောက်အဦများကို အကူအညီပေးကြဖို့ ဖြစ်ပါတယ်။

နံပတ် ၁ ကတော့ ကိုယ်ရောက်နေတဲ့နိုင်ငံ အစိုးရအဖွဲ့အစည်းတွေ၊ ကြက်ခြေနီ၊ ကုလအဖွဲ့၊ ကမ္ဘာကျန်းမာရေးအဖွဲ့ကြီး၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီး စသည်တို့ကို လှူနိုင်ပါတယ်။ သူတို့တွေကလည်း သူတို့အကူတွေကို အင်အားသုံးပြီး ပို့နိုင်သလောက်လည်း ပို့၊ အသင့် ပြင်ဆင်ပြီး စောင့်ဆိုင်းထားတာတွေ လုပ်နေပြီ ဖြစ်လို့ အားပေးရမည့် အလုပ်ပါပဲ။

နံပတ် ၃ ကတော့ ကိုယ့် မိသားစုတွေ၊ မိတ်ဆွေတွေကတဆင့် နီးစပ်ရာ လက်ဆင့်ကမ်း ကူညီကြတာဖြစ်ပါတယ်။ တိုက်ရိုက် နိုင်သလောက် ပေးပို့လှူဒါန်းရတာ ဖြစ်လို့ အကျိုးကလည်း သူနည်းသူ့ဟန်နဲ့ ထိရောက်ပါတယ်။

နံပတ် ၂ ကတော့ လူထုကြားက အတွေ့အကြုံရှိတဲ့ အမျိုးသားရေး လူမှုရေး အစုအဖွဲ့များလို့ ဆိုထားတဲ့အတွက် ကျနော်တို့ အားပေးစေချင်တဲ့ အစုအဖွဲ့တွေကို ဒီလိုမျိုး ထပ်မံရှင်းလင်းလိုက်ချင်ပါတယ်။

(၁) လူမှုရေး၊ သာရေး၊ နာရေး နဲ့ ကျန်းမာရေး ကူညီမှု အစုအဖွဲ့များကို အစိုးရနဲ့ တိုက်ရိုက် မပတ်သက်ဘဲ သူ့နည်းသူ့ဟန်နဲ့ ဖြူစင်သန့်ရှင်းစွာ နဂိုကတည်းက ဆောင်ရွက်နေကြသော ရပ်မိရပ်ဖ လူကြီးလူကောင်းများ၊ ရုပ်ရှင် စာပေ အနုပညာရှင်များ၊ လူမှုရေး ကျန်းမာရေး စောင့်ရှောက်မှု စေတနာရှင်များနဲ့ သူတို့ရဲ့ ဦးဆောင်မှုကို အားပေးကူညီ ၀ိုင်းဝန်းကြရန် ဖြစ်ပါတယ်။ ဥပမာ – ကျော်သူ၊ သန်းမြင့်အောင်၊ ရွှေဇီးကွက်၊ ဇာဂနာ စတဲ့ စေတနာဝန်ထမ်းများ

(၂) ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ မုန်တိုင်းဒဏ်ကယ်ဆယ်ရေးကော်မီတီကိုလည်း ကူညီကြရန် အားပေးကြရန် ဖြစ်ပါတယ်။ နိုင်ငံရေးပါတီတခုအနေနဲ့ လူကြီး၊ လူငယ် အလွှာပေါင်းစုံက ပါဝင်ကြတဲ့အပြင် မြို့နယ် ရပ်ကွက် အဆင့်ဆင် ဖွဲ့စည်းထားတဲ့ ကွန်ယက်တခုအနေနဲ့ကော၊ မြန်မာပြည်ရဲ့ နိုင်ငံရေးမုန်တိုင်းဒဏ်ကို ကြံ့ကြံ့ခံရပ်တည်နေတဲ့ အဖွဲ့အစည်းတခုအနေနဲ့ အတွေ့အကြုံလည်း ရှိပါတယ်။

သူတို့ကို ဘာကြောင့် အားပေးစေချင်သလဲဆိုတော့ နိုင်ငံတကာက အကူအညီတွေကို အကြောင်းအမျိုးမျိုးပြပြီး နှောင့်နှေးအောင်၊ ကြန့်ကြာအောင် လုပ်နေတဲ့ စစ်အစိုးရဟာ ကိုယ်ထူကိုယ်ထ ကယ်ဆယ်ရေး ကူညီရေး လုပ်ငန်းများကိုလည်း အစိုးရ အဆင့်နဲ့သာမက အုပ်ချုပ်ပုံအဆင့်ဆင့်မှာ အလိုတော်ရိများ၊ လက်ပါးစေများသုံးပြီး တိုက်ခိုက်လာမှာ ဖြစ်ပါတယ်။

အဲဒီအခါမှာ ပြည်သူလူထုအနေနဲ့ သတင်းအချက်အလက်များကို ပွင့်ပွင့်လင်းလင်း စီးဆင်းစေတဲ့၊ ဖုံးကွယ်တားဆီးခြင်းကို အကျင့်မလုပ်တဲ့၊ သတ္တိနဲ့ ၀ိရိယရှိတဲ့ အမျိုးသားရေး စေတနာရှင်များ၊ လူငယ်အစုအဖွဲ့များကို လက်တွဲပြီး ၀ိုင်းဝန်း ဆောင်ရွက်ကြပြီး မြန်မာပြည်သူတို့ကို အစွမ်းရှိသလောက် ကူညီနိုင်ကြမှာ ဖြစ်ပါတယ်။

မြန်မာပြည်ကြီးဟာ စစ်မုန်တိုင်းအောက်မှာ ကြံ့ကြံ့ခံရပ်တည်နေရတာ အနှစ် ၄၀ ကျော်ပြီ။ အခု သဘာဝဘေးအန္တရာယ် မုန်တိုင်းအောက်မှာ ထင်ထင်ရှားရှားကြီးကို ဆုံးရှုံးပျက်စီး ကြေမွနေပါပြီ။ မနေ့က မြန်မာပြည်ကြီးဟာ ဒီနေ့ မြန်မာပြည်ကြီး မဟုတ်တော့ပါဘူး။ နောက်တနေ့မှာ ကျနော်တို့ ချစ်တဲ့ မြန်မာပြည်ကြီးလို့ ခေါ်စရာတောင်မရှိတော့ရင် ခင်ဗျားတို့ ဘယ်လိုများ တွေးပြီး ဖြေဆည်ကြမလဲလို့ သိချင်နေမိတယ်။

ကိုယ်စိတ်နှလုံး ၃ ပါးလုံးနဲ့ ၀ိုင်းကြပါခင်ဗျာ။ မိုးမခ အင်တာနက်နံရံကပ်မဏ္ဍိုင်လေးမှာတော့ ကျနော်တို့တတွေအနေနဲ့ ပြည်တွင်း ပြည်ပက စာနယ်ဇင်းသမားတွေနဲ့ စေတနာ့ဝန်ထမ်းတွေရဲ့ စာ၊ ကဗျာ၊ တေးသံ၊ သတင်းနဲ့ ဓာတ်ပုံတွေကို တတ်စွမ်းသလောက် ၀ိုင်းဝန်း ရေးခြစ်၊ မှတ်တမ်းပြုစုလို့ ကျဆုံးသူ ဒုက္ခသည်ပြည်သူများ ကိုယ်စား ထားခဲ့ကြပါမယ်။

အမျှ အမျှ အမျှ …

http://www.bsimple.com/crowd4a.jpg


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts