>follow-up news – 10

>

မုန်တိုင်းနောက်ဆက်တွဲ သတင်းတိုထွာ ၁၀
ပြည်တွင်း ပြည်ပ သတင်းဌာနများ
မေ ၁၀၊ ၂၀၀၈

ရဟတ်ယာဉ်များအသုံးပြုပုံ (Aljazeeraသတင်းဌာန)

ရဟတ်ယာဉ်တစ်စီးဆိုက်လာသည်။ (ဘိုကလေးမြို့နယ်ရောက်)ဒုက္ခသည်များက ရဟတ်ယာဉ်ဆင်းမည့်နေရာသို့ ရောက်သွားကြသည်။ ကယ်ဆယ်ရေးပစ္စည်းများ သယ်ဆောင်လာမည်ဟု ယူဆကြသည်။

ရဟတ်ယာဉ်က စစ်အရာရှိများ ကို တင်ဆောင်ပြီး ပြန်ထွက်သွားသည်။

ပူကျင့်ရှင်းထန် ယာဉ်တိုက်မှုဖြစ်၊ ဆေးရုံတင်ထား (မဇ္ဈိမသတင်းဌာန)

ထင်ရှားသည့် နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ပူကျင့်ရှင်းထန်သည် ယမန်နေ့ ညနေပိုင်းက ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည်။
“အငှားယာဉ်တစီး (Taxi) နဲ့ တနေရာကို အသွား၊ ဗိုလ်တထောင်လမ်း အရောက်မှာ စစ်ကားတစီးနဲ့ တိုက်မိတယ်။ အဲဒါ ဒဏ်ရာရသွားလို့ ပြည်သူ့ဆေးရုံကြီးမှာ အတွင်းလူနာအဖြစ် ကုသခံနေရတယ်” ဟု ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) မှ ဦးထောင်ကိုထန်းက ပြောသည်။

ကယ်ဆယ်ကူညီရေးထက် စိတ်တိုင်းကျအခြေခံဥပဒေ အတည်ပြုရေးကို ဦးစားပေးသည့် အစိုးရကို ကန့်ကွက်နေသော နိုင်ငံတကာရောက် မြန်မာပြည်သားများ။ အချို့နိုင်ငံများတွင် ၀မ်းနည်းခြင်းအထိမ်းအမှတ်များလည်း ပြုလုပ်လျက်ရှိသည်။ (ဓာတ်ပုံ-AFP, Reuters)

သူကြီးဘုရား ရွာသားကောင်းမှု (AP)

မြန်မာစစ်အုပ်စုက နိုင်ငံတကာမှပေးပို့သည့် ကူညီမှုပစ္စည်းများကို ယနေ့ဖြန့်ဝေသည်၊ သို့သော် အဆိုပါပစ္စည်းများပေါ်တွင် ထိပ်ထိပ်ကြဲ ဗိုလ်ချုပ်ကြီးတို့၏ အမည်များကို ရေးသားဖော်ပြထားသည်။ မုန်တိုင်းသင့်သူများအတွက် ကူညီမှုမှာ ၀ါဒဖြန့်ချိရေး ဖြစ်သွားသည်။

အစိုးရရုပ်သံက ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအ၀င် ထိပ်သီး ဗိုလ်ချုပ်များက ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်သည့်ပုံများကို ပြသသွားသည်။

ဗိုလ်ချုပ်မြင့်ဆွေအမည်ကို ခပ်ကြီးကြီးတပ်ထားသော ပစ္စည်းပေါ်တွင် “ထိုင်းနိုင်ငံမှ ပေးပို့သည့် အကူအညီ” ဟူသော စာတန်းငယ်ကို တွေ့ရသည်။

(ညနေ ၄း၃၀)

မုန်တိုင်းဒဏ်ခံရသည့် ကလေးများ ၀မ်းရောဂါဖြစ်နေ (CNN)

မုန်တိုင်းဒဏ်ခံရသည့်ဒေသတွင် ကလေးသူငယ် အများအပြား ၀မ်းရောဂါခံစားနေရသည်ဟု ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့၏ ပြောခွင့်ရ အမျိုးသမီး Shantha Bloemenက ပြောလိုက်သည်။ တချို့နေရာတွေမှာ ကလေးဦးရေ ၂၀ ရာခိုင်နှုန်းက ၀မ်းရောဂါဖြစ်နေပြီ ဟု ဆိုသည်။ “၀မ်းရောဂါဆိုတာ မြန်မာပြည်မှာ လူအများဆုံး သေကြတဲ့ရောဂါ (a leading killer in the country)ပဲ။ ဒါကြောင့် ကလေးအများအပြား ကူးစက်ခံရမှာ၊ ရောဂါဖြစ်နေတဲ့ကလေးတွေ အခြေအနေ ပိုဆိုးလာမှာကို ကျမတို့ အများကြီး စိုးရိမ်ပါတယ်။”ဟု ပြောပြသည်။

မုန်တိုင်းဒုက္ခသည်များတွင် သောက်သုံးရေမရှိ ဟုလည်း ဆိုသည်။

ရန်ကုန်မှ လူ ၃ယောက်၏အသံ (မိုးမခ)
မိုးမခ၏ မိတ်ဆွေအချို့က အင်တာနက်မှတဆင့် အောက်ပါအတိုင်း စာရေးသားပေးပို့ထားသည်။

ရန်ကုန်မြို့ပြင် ဘုန်းကြီးကျောင်းများတွင် မိဘမဲ့၊ မိဘပျောက် ကလေး များစွာရှိကြောင်း၊သံဃာများက ၎င်းတို့အား ဆန်ပြုတ်ကျိုပြီး တိုက်နေကြောင်း။

ပြည်ပရောက်မြန်မာပြည်သားများ ယခုရက်ပိုင်းအတွင်း မြန်မာပြည်သို့ ပြန်ပါက ဓာတ်ဆား၊ ရေသန့်ဆေးပြားတို့ကို ၀ယ်ယူခဲ့ပြီး ဖြန့်ဝေလှူဒါန်းသင့်ကြောင်း။

လက်နှိပ်ဓာတ်မီးသည်လည်း ဒုက္ခသည်များအတွက် အသုံးဝင်ကြောင်း။ ၀မ်းကိုက်ဝမ်းလျှောရောဂါ ဖြစ်နေသောကြောင့်ဓာတ်ဆားထုပ်များ အဓိက လိုနေကြောင်း။

(နေ့ ၁၂း၃၀)

မန္တလေးက မဲရုံသတင်း (မိုးမခ)

“မန္တလေးတိုင်း မဟာအောင်မြေ၊ သံလျက်မှော် အနောက်၊ မူလတန်းကျောင်း အမှတ် ၃၄ အကွက် ၃၉၀ နဲ့ ၃၉၁ ကို မဲမပေးခိုင်းဘူး၊ ပေးဖို့မလိုဖူးဆိုပြီး ပြန်လွှတ်တယ်၊ ပြဿနာ စတက်နေပြီ” ဟု မြန်မာပြည်မှ မိုးမခ၏ မိတ်ဆွေတစ်ဦးက ဆိုသည်။

(နံနက် ၁၀း၀၀)

လှည်းကူးမြို့နယ် မဲရုံတစ်ခုမြင်ကွင်းများ (AP)

ပဲခူးတွင် မဲပေးနေသူများ (AP)
ဒီနေ့ မဲရုံတွေဖွင့်ပြီ (Reuters သတင်းဌာန)

သေမင်းတမန် မုန်တိုင်းအပြီး ဆန္ဒခံယူပွဲကို အချိန်ရွှေ့ဆိုင်းရန် ကမ္ဘာကတောင်းဆိုနေသော်လည်း ဗိုလ်ချုပ်ကြီးများက စီစဉ်ထားသည့်အတိုင်း ပြုလုပ်လိုက်သည်။

ယမန်နေ့ည အစိုးရရုပ်သံတွင် စနေနေ့တွင်မဲပေးကြရန် တိုက်တွန်းသွားသည်။ အစာငတ်ရေပြတ် ခိုလှုံရာမဲ့နေသည့် လေဘေးဒဏ်ခံခဲ့ရသူ တစ်သန်းခွဲနှင့် ပတ်သက်ပြီး ရုပ်သံတွင် ဖော်ပြခဲ့ခြင်း မရှိပါ။ “အမျိုးသားရေးအကျိုး လိုလားသူတိုင်း ထောက်ခံမဲ ပေးကြစို့” ဟု ရုပ်သံတွင် ဖော်ပြခဲ့သည်။

(နံနက် ၁၀း၃၀)

ဆန္ဒခံယူပွဲကို ယနေ့ စတင်ပြုလုပ်ရာ မန္တလေးမြို့တွင် မဲပေးနေကြသည့်ပုံများ အင်တာနက်စာမျက်နှာပေါ်သို့ စတင်ရောက်ရှိလာသည်။ (ဓာတ်ပုံ-AFP) (နံနက် ၁၀း၀၀)
ယမန်နေ့က ကယ်ဆယ်ရေး တာဝန်မကျေသည့် စစ်အစိုးရအား အမေရိကန်ပြည်ထောင်စု ဆန်ဖရန်စစ္စကိုမြို့တွင် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြသူတစ်ဦးက မုန်တိုင်းအတွင်း သေဆုံးခဲ့ရသူတို့၏ဓာတ်ပုံများကို ကိုင်ဆောင် ပြသခဲ့သည်။ (ဓာတ်ပုံ-Getty Image)

အမေရိကန်လေယာဉ်တစ်စီး ရန်ကုန်တွင်ဆင်းခွင့်ပြုမည် (AP)

မြန်မာစစ်အစိုးရက ကယ်ဆယ်ရေးပစ္စည်းများသယ်ဆောင်လာမည့် အမေရိကန်လေယာဉ်တစ်စီးကို ၀င်ခွင့်ပြုမည်ဟု အမေရိကန်က ယမန်နေ့က ပြောကြားလိုက်သည်။

အစိုးရပြောခွင့်ရပုဂ္ဂိုလ် Gordon Johndroe က လာမည့် တနင်္လာနေ့တွင် C-130 အမျိုးအစား စစ်လေယာဉ်ဆင်းခွင့် သဘောတူညီချက် ရရှိမှုကို ကြိုဆိုလိုက်သည်။

“တခြားအကူအညီတွေ ဆက်ပြီးစီးဆင်းနိုင်ဖို့ မြန်မာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားပါ့မယ်။” ဟု ဆိုသည်။ အခုလို အခြေအနေမှာ “ဘာမှ ခွင့်မပြုတာထက်စာရင် လေယာဉ်တစ်စီးစာ အကူအညီ ဆိုတာလည်း မဆိုးပါဘူး” ဟုလည်း ပြောလိုက်သည်။
(မေ ၉)

အာရှတိုက်ဆူနာမီငလျှင်ဒဏ်ခံရသူများအား အကူအညီပေးခဲ့စဉ်ကလည်း C-130 လေယာဉ်များကို အသုံးပြုခဲ့ကြသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts