>သာဂီ – ရန္ကုန္အိပ္မက္နဲႚ စကားေူပာူခင်း

>

ရန်ကုန်က အိပ်မက်များနဲ့ စကားပြောခြင်း
သာဂိ

ဧပြီ ၁၈၊ ၂၀၀၈

သာဂိ – ဟယ်လို၊ ဟယ်လို၊ အသံဘယ်လောက်ကြားသလဲဗျ။

ရန်ကုန်အိပ်မက် – ကြားရတယ်။ အသံတယ်ကြည်ပါကလား။ သင်္ကြန်တွင်းမှာ ရေတွေ၊မီးတွေ၊ ဖုန်းတွေ အကုန်လာတယ်ဗျာ။ ၀မ်းသာစရာပဲဗျို့။ စစ်တပ် အခြေခံဥပဒေထဲမှာ သင်္ကြန်တွင်းမှာသာ ရေ၊ မီး၊ ဖုန်း၊ အင်တာနက်များ မပျက်စေရ လို့များ ရေးထားသလား မှတ်ရ။

ဂိ – ဒါဆိုရင် မြန်မာပြည်မှာ တနှစ်ပတ်လုံး သင်္ကြန်ကျနေရန်လို့ တင်ပြရင် ဘယ့်နှယ့်နေမလဲဗျ။

အိပ်မက် – တိုင်းပြည်ကြီး ဖက်ဆစ်စနစ်က လွတ်အောင် ရုန်းရမယ့်အရေး သင်္ကြန်တွေ၊ ရေ မီး အစုံ ရမှာတွေနဲ့ မလဲနိုင်ပေါင်ဗျာ။ အခု မီးလာတုန်းလေး ကန့်ကွက်မဲပေးဖို့ ကြက်ခြေခတ် အရေးကျင့်နေသဗျ။

ဂိ – ကြက်ခြေခတ် ရေးရတာ မြန်မာပြည်မှာ အတော်ခက်သလားဗျာ။ ဘယ်သန် ညာသန် တို့။ အပေါ်က ဆွဲရန်တို့၊ အောက်က ပင့်ရန်တို့ စသည်တို့ ရှိသလား။

အိပ်မက် – မဲရုံမှာ ခတ်ရ ခတ်ရ၊ အိမ်မှာ ရုံးမှာ ခတ်ရ ခတ်ရပေါ့ဗျာ။ လက်ညိုးကို သွားနဲ့ကိုက်ပြီး ကိုယ့်သွေးနဲ့ ကြက်ခြေခတ်ရ ခတ်ရ။ အဲဒီအတွက် အားမွေးနေတာဗျို့။

ဂိ – သာဓုပါဗျာ ခင်ဗျား။ ကိုယ်လုပ်နိုင်တာ ကိုယ်လုပ်တာကိုပဲ ကျေးဇူးတင်ပါတယ်။ ကျနော်လည်း သံရုံးသွားပြီး ကန့်ကွက်မဲ သွားပေးဖို့ ကြိုးစားလိုက်အုံးမယ်။

အိပ်မက် – မေလနားနီးလာတော့ အခုလာနေတဲ့ မီးတွေ၊ ရေတွေ၊ အင်တာနက်တွေ စုထားပြီး အရေးရယ် အကြောင်းရယ် ပိတ်တော့မှ ထုတ်သုံးမလား စဉ်းစားနေတယ်။ မေလကျရင် ခင်ဗျားနဲ့ ကျနော်နဲ့ မတွေ့နိုင်တော့ရင်လည်း သြဂုတ်လလောက်တော့ ပြန်ပွင့်တဲ့အခါ ပြန်တွေ့တာပေါ့ဗျာ။ မြန်မာပြည်သားတွေ အားလုံး အိုလံပစ်ပွဲတော်ကို တိုက်ရိုက်ထုတ်လွှင့်တာ ကြည့်ရတော့မယ်ဗျ။

ဂိ – အပြင်က လူတွေက သပိတ်မှောက်ပြီး မကြည့်ဖူးတဲ့ဗျ။ ခင်ဗျားတို့က ကံထူးတာပေါ့။ ဆန္ဒခံယူပွဲပြီးရင် ဘာတွေ စီစဉ်ထားသလဲဆိုတာ ခင်ဗျား ဘာကြားသလဲ။

အိပ်မက် – ဘာလုပ်ရမှာလဲ။ တနေ့လုပ်မှ တနေ့စားနေရတာပါခင်ဗျာ။ ရှေ့လည်း သိပ်ဝေးဝေး မကြည့်နိုင်ပါဘူး။ မေမှာ ကန့်ကွက်ကြ။ သြဂုတ်မှာ အိုလံပစ်ပွဲကို ကြည့်။ လူကြီးတွေက စီစဉ်ပါလိမ့်မယ်ပေါ့။ ကန့်ကွက်မဲပေးပြီ်းတာတောင် စစ်အစိုးရ ဆင်းမပေးသေးရင်တော့ ကိုယ့်ဖာသာကိုယ်ပဲ အစိုးရဖွဲ့တော့မယ်လေ။ အိမ်စောင့်အစိုးရတို့၊ ရပ်ကွက်စောင့် အစိုးရတို့၊ မီးကင်းစောင့် အစိုးရတို့ ဖွဲ့ပြီးတော့ ကိုယ်နေတဲ့ ရပ်ကွက်ကို လွတ်လပ်ရေးကြေညာလိုက်မယ်လေ။ ဟို ခင်ဗျားတို့ ပြည်ပက အဝေးရောက် ဒဂုံမြို့သစ်အစိုးရ ဖွဲ့လိုက်ပြီတို့။ ဒဂုံမြို့သစ်ကိုယ်စားပြု သံရုံးတို့ ဖွဲ့လိုက်တာတွေတောင် လုပ်နေကြသေးတာပဲ။

ဂိ – အေးဗျာ။ ခင်ဗျားတို့ ကျနော်တို့ တော်တော် အမြင်ကျယ်လာကြတာပဲနော်။ အောင်မြင်ပါစေဗျာ။ ကျနော်တို့ကိုလည်း မေ့မသွားပါနဲ့။ ခင်ဗျား အိမ်ရှေ့ခန်းစောင့် အစိုးရဖွဲ့ပြီးရင်။ နေပြည်တော်က ကြက်ဆူပင်စောင့် အစိုးရကိုကော ခင်ဗျားက သ၀ဏ်လွှာပို့အုံးမှာလား။

အိပ်မက် – ဒီမှာ ကျနော်က သူတို့ တပ်မတော်ကို ပြန်ငှားမယ်လို့တောင် စဉ်းစားထားတယ်။ ခင်ဗျားတို့ အနောက်မှာ အပြင်ကိုအလုပ်ပို့ (Out Source) လုပ်တယ်မဟုတ်လား။ မြန်မာတပ်မတော်က သူတို့မလုပ်တတ်တဲ့ အမျိုးသားညီလာခံတို့၊ အခြေခံဥပဒေတို့၊ ဆန္ဒခံယူပွဲတို့ လျောက်လုပ်နေရာတာ ဆိုတော့ ကျနော်က အဲသည်စစ်တပ်ကြီးကို ပြည်ပကို ပို့ပြီး ငှားစားမယ်ဗျ။

ဂိ – ဟုတ်ကဲ့။ အမိန့်ရှိပါအုံး။

အိပ်မက် – တိုင်းသူပြည်သားတွေက ပြည်ပထွက်ပြီး တောင်းစားတာတို့၊ အမှိုက်ကောက်တာတို့တွေ အားကြိုးမာန်တက်လုပ်ပြီး နိုင်ငံခြားငွေ ရှာပေးနေတာဗျာ။ တပ်မတော်သားတွေကိုလည်း ပြည်ပကို လွှတ်ပြီး နိုင်ငံခြားငွေ ရှာခိုင်းမယ်လို့ ကျနော်တို့ အိမ်စောင့်အစိုးရအသစ်က စီစဉ်ပေးပါမယ်။

ဂိ – သူတို့ကို ဘယ်ဆီကို ပို့ပြီး အောက်ဆို့စ် လုပ်မှာလဲ အကို။

အိပ်မက် – အမေရိကန် သမ္မတကြီးက အီရန်ကို အတင်းဝင်တိုက်ချင်နေတယ် မဟုတ်လား။ ခင်ဗျားတို့က သွားဆွေးနွေးပါ။ ကုလသမဂ္ဂတို့ ကျောင်းသားသမဂ္ဂတို့ကို ဂရုမစိုက်တဲ့ မြန်မာပြည်က တပ်မတော်ကြီး အီရန်ကို ၀င်တိုက်ပေးပါ့မယ်လို့။ အခု အမေရိကန် အီရတ်ကို ၀င်တိုက်တုန်းက ကုန်တဲ့ ဘီလျံနဲ့ ချီတဲ့ ဒေါ်လာတွေ မကုန်စေရပါဘူးလို့။ အများကြီး ဈေးသက်သာစေရမယ်လို့ နည်းနည်း ညှိပေးပါ။

ဂိ – ဒါဆိုရင် တပ်မတော် ဗိုလ်ချုပ်ကြီးတွေကော တပ်မတော်သားတွေပါ သူတို့ လုပ်တတ်တဲ့ အလုပ်ကလေးကို လုပ်ပြီး ခိုးစား၊ ဓါးပြတိုက်စား၊ လုစားစရာ မလိုတော့ဘူးပေါ့နော်။ ဒေါ်လာစားတွေလည်း တရားဝင် ဖြစ်လာမယ်။ တိုင်းပြည် နိုင်ငံခြားဝင်ငွေတိုးတာပေါ့။

အိပ်မက် – ကျနော်တို့ အများကြီး စဉ်းစားပြီးပြီ။ တပ်မတော်ကြီးကို သန်းရွှေတို့ မောင်အေးတို့ မကျွေးထားနိုင်ရင် ကျနော်တို့ အိမ်စောင့် အစိုးရအသစ် လက်လွှဲပြီး တာဝန်ယူပေးပါမယ်လို့။ အလုပ်တွေလည်း ပေးထားမယ်။ နိုင်ငံတကာကို လှည့်လည်မယ့် ခေတ်မီတိုးတက်သော စစ်တပ်ကြီးအဖြစ် တပ်ဆင်ပေးပါ့မယ်လို့။

ဂိ – အမေရိကန်သမ္မတက အခုစစ်အစိုးရထက်တောင် မြန်သေးတယ်အကို။ ဒီနှစ်ဆို ရာထူးက နားပြီဗျ။ အီရန်ကိုတိုက်ဖို့ ကိစ္စက ဒီနှစ်ထဲမှာ အစွံထုတ်ဖို့က လွယ်ပါ့မလား။

အိပ်မက် – သြော် ခင်ဗျားကလည်း။ ကျနော်တို့ အစိုးရအသစ်က ဈေးကွက်စီးပွားရေးခေတ်၊ ကမ္ဘာပြားနေတဲ့ခေတ်မှာ အမေရိကန်- အီရန် စစ်မတိုက်ဖြစ်ရင် တရုတ်ပြည်ကို တင်ပို့ပစ်မှာပေါ့။ တိဗက်က ပြည်သူတွေကို ၀င်တိုက်ပေးမယ်။ ရုရှားက ချေချင်းစစ်ပွဲမှာ ၀င်ကူတိုက်ပေးမယ်။ ဆူဒန်တို့ ဘာတို့ကိုလည်း လွှတ်ပေးနိုင်တယ်။ မျိုးချစ်တပ်မတော်ကြီး ပြည်ပသို့ တင်ပို့ရန် ရှိသည် ပေါ့။

ဂိ – ဒါဆိုရင် တပ်မတော်ကြီးက ပြည်ချစ်တပ်မတော်ကြီးကနေ ကမ္ဘာချစ်တပ်မတော်ကြီး ဖြစ်လာမှာပေါ့။ ကောင်းပါလေ့ဗျာ။ ခင်ဗျားတို့တတွေလည်း အဲဒီကိစ္စကို စည်းရုံးရေးထွက်သင့်တာပေါ့။

အိပ်မက် – ဟုတ်တယ်။ အခုတော့ စစ်အစိုးရက ရုပ်ရှင်တွေ ရိုက်ပြီး သူတို့အခြေခံဥပဒေကို အတင်း ထောက်ခံခိုင်းနေတယ်။ အဲဒီအတွက် ဒါရိုက်တာ မောင်မဲ၊ ဆိုးပေ၊ မောင်တင်ဦး၊ မီးပွားတို့ကိုလည်း စစ်တပ်က ခိုင်းနေတယ်ဗျ။

ဂိ – အဲသည်တော့ သူတို့ကိုကော ဘယ်လိုမျိုး ပြန်စည်းရုံးမှာလဲ အကို။

အိပ်မက် – သူတို့ကိုလည်း ပြည်ပကို ပို့ပေးရမှာပေါ့။ ကျနော်တို့ အိမ်စောင့်အစိုးရဖွဲ့ပြီးရင် မီးဖိုခမ်းစောင့် အစိုးရကလည်း စင်ပြိုင်ဖြစ်လာမယ်ဆိုတော့ ကိုရီးယားကို ပို့ပြီး လေ့လာရေးထွက်ခိုင်းရမယ်ဗျာ။ အိမ်ရှင်မတွေက ကိုရီးယားကားတွေ သိပ်ကြိုက်တော့ သူတို့ကို စစ်အစိုးရ နောက်လိုက်မလုပ်ခိုင်းတော့ဘူး။ လေ့လာရေးထွက်ခိုင်းလိုက်မယ်။ တောင်ကိုရီးယားတော့ မပို့သေးဘူးဗျာ။ မြောက်ကိုရီးယားကို ပို့ပေးလိုက်မယ်လို့ စဉ်းစားထားတယ်။

ဂိ – ဟုတ်ကဲ့ပါခင်ဗျာ။ အကိုတို့နဲ့ စကားပြောတာ သိပ်စိတ်ချမ်းသာပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။ နောက်ဆုံးမေးချင်တာက မေလမှာ ဖြစ်တဲ့နည်းနဲ့ စစ်အစိုးရက အခြေခံဥပဒေကို အတင်း အတည်ပြုလိုက်ရင်ကော ဘယ်လိုလုပ်ပြီး တုန့်ပြန်မှာလဲ။

အိပ်မက် – ၁၉၄၇ အခြေခံဥပဒေကော၊ ၁၉၇၄ အခြေခံဥပဒေမှာကော ဘယ်လို ရေးထား ရေးထား သူတို့ စစ်တပ်က ပယ်ချင်တာ ပယ်၊ ဖျက်ချင်တာ ဖျက်ပြီး အခြေခံဥပဒေအသစ် ရေးလို့ရသေးတာပဲဗျာ။ ကျနော်တို့ စောင့်ချင်တာ စောင့်မယ့် အစိုးရကလည်း သူတို့ အတည်ပြုထားတာကို အသိအမှတ်မပြုရုံ ရှိတာပဲလေ။ ခင်ဗျားတို့ ဒဂုံမြို့သစ် အစိုးရဖွဲ့လိုက်ရင် သီးခြား ဒဂုံမြို့သစ် အခြေခံဥပဒေလိုလာပြီပေါ့ခင်ဗျာ။ ကျနော်တို့မှာ အကုန်ပြန်လုပ်ရအုံးမှာဆိုတော့ သူတို့ ပင်ပန်းတာပဲ အဖတ်တင်မှာပေါ့။ မပူပါနဲ့ခင်ဗျာ။

ဂိ – ဟုတ်ကဲ့ပါခင်ဗျာ။ ဒီကြားထဲမှာ အကိုတို့ ဘဏ္ဍာရေးကို ဘယ်လို စုဆောင်းပြင်ဆင်မယ်လို့ စိတ်ကူးထားပါသလဲ ပြောပြပါအုံး။

အိပ်မက် – ခင်ဗျားကလည်း မြန်မာပြည်က အခုလိုဒုက္ခမျိုးစုံ ခါးစည်းခံနိုင်တဲ့ ပြည်သူတွေကို ခင်ဗျားတို့ အနောက်နိုင်ငံတွေက ဖြစ်ရပ်မှန် တီဗီအစီအစဉ်တွေက Survivors တို့ Extreme တို့မှာ ဘယ်လောက်တောင် အကြမ်းခံ ရေစိမ်ခံနိုင်သလဲဆိုတာကို ၀င် ပြိုင်ပြီး အစွမ်းတွေ ပြခိုင်းပြီး ရန်ပုံငွေ ရှာခိုင်းမှာပေါ့။ ခင်ဗျားတို့တွေက တီဗီအစီအစဉ်တွေမှာ လူတွေဖိတ်ပြီး ဘယ်လောက် အပင်ပန်းခံနိုင်သလဲတို့၊ အဆင်းရဲခံနိုင်သလဲတို့ ပြိုင်ပွဲတွေ လုပ်ပြနေသေးတာ။ ကျနော်တို့ဆီက နေ့စဉ် အသွားအပြန် ထမီ ခါးတောင်းကျိုက်ပြီး ကားတွယ်စီးနေတဲ့ မိန်းကလေး ၁၀ ယောက်လောက်ပဲ လွှတ်ပြီး ပြိုင်ခိုင်းလိုက်မယ်။ နိုင်ငံတကာမှာ မြန်မာကွ ဆိုပြီး ဆုတွေ မျိုးစုံ ယူပြီး ရန်ပုံငွေရှာရမယ်လေ။ ပြည်တွင်းကိုလည်း Survivors ထုတ်လုပ်သူတွေ ဖိတ်ပေးပါ။ သူတို့ သရုပ်ဆောင်တွေကို ကျနော်တို့ဆီမှာ ဘတ်စ်ကား တွယ်စီးတာ ပြိုင်ခိုင်းတာတို့၊ မြို့ပတ်ရထား နောက်က ပြေးလိုက်ခိုင်းတာတို့၊ မီးမလာတဲ့ ည ခြင်ထောင်မပါပဲ ခြင်ကိုက်ခံ အိပ်ခိုင်းတာတို့ ဒါမျိုး အစီအစဉ်တွေနဲ့ ပြိုင်ခိုင်းလို့ရကြောင်း မားကက်တင်းလုပ်ပေးပါဗျာ။

ဂိ – ဟုတ်ကဲ့ပါခင်ဗျာ။ လက်ရှိ အစိုးရမင်းများကြားသွားလို့ မြ၀တီတို့ တီဗီသရီးတို့မှာ ထောင်ထဲက မိတ်ဆွေတွေ ထုတ်ပြီး ‘ရိုက်’ပြနေပါအုံးမယ်။

(သရုပ်ဖော်ပုံ – ကာတွန်း သော်က၊ ၁၉၉၄ ကာတွန်းပြပွဲတခုမှာ အော်တိုရေးပေးတဲ့ပုံ။ ယခု ဆရာ ကွယ်လွန်ပြီး ဖြစ်သည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts