ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

Kyaw Thu – FFSS Yangon Activity,

သွေးစုပ်ကောင် စစ်ဆင်ရေး
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဇူလိုင် ၂၆၊ ၂၀၁၃

 

ယခုနှစ်မိုးရာသီတွင် မြန်မာပြည်အနှံ့အပြား၌ သွေးလွန်တုပ်ကွေးနှင့် ပတ်သက်သော သတင်းများအား စိတ်မချမ်းမြေ့ဖွယ်ရာ ကြားသိမြင်တွေ့နေရသည်။ ဆေးရုံဆေးခန်းများတွင်လည်း သွေးလွန်တုပ်ကွေးနှင့်ပတ်သက်၍ လာရောက်ပြသကြသော ကလေးသူငယ် များစွာရှိသလို ထိုအထဲတွင် ၎င်းသွေးလွန် တုပ်ကွေးကြောင့် တိမ်းပါးသွားခဲ့ရရှာသူ ကလေးငယ်များလည်းရှိသည်။ ၂ဝ၁၂ ခုနှစ်တွင် ရန်ကုန်မြို့၌ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ စုစုပေါင်း (၁၁၄၄) ဦးရှိခဲ့ပြီး ယခု ၂ဝ၁၃ ခုနှစ်တွင် ဇန်နဝါရီလမှ ဇွန်လ အထိ ပထမခြောက်လအတွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားသူဦးရေ စုစုပေါင်း (၁၇၂၇) ဦးအထိရှိခဲ့ပြီ ဟု သိရသည်။ သွေးလွန်တုပ်ကွေး အဖြစ်အများဆုံးအရွယ်မှာ (၁၂) အောက်အရွယ်များဖြစ်ပြီး လွန်ခဲ့သော ရက်အပိုင်းအတွင်းက ပြည်မြို့၊ နဝင်းရပ်ကွက်တွင်လည်း ကလေးငယ်တစ်ဦး သွေးလွန်တုပ်ကွေး ရောဂါ ဖြင့် ဆုံးပါးသွားခဲ့ပြီးဖြစ်သည်။

ထို့ကြောင့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်)အား အသင်းနှင့် အတူ ၂ဝ၁ဝ ခုနှစ်ကတည်းက လက်တွဲ၍ လူမှုရေးလုပ်ငန်းများအား ဆောင်ရွက်ပေးဆပ်နေသော ပြည်မြို့ “မိုးမေတ္တာပရဟိတလူငယ် သွေးလှူအသင်း”၏ အကူအညီတောင်းခံမှုတို့ကြောင့် သွေးလွန်တုပ်ကွေး ရောဂါအား ဖြစ်စေနိုင်သော ခြင်အန္တရာယ်မှ ကာကွယ်မှုပေးနိုင်ရန်နှင့် ခြင်များကိုနှိမ်နင်းနှိုင်ရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ ခြင်နိုင်ဆေးဖျန်းသော စက်များကိုဝယ်ယူကာ “သုခကုသိုလ်ဖြစ် ဆေးခန်း(ပြည်)” အားတစ်လုံး လှူဒါန်းခဲ့ပြီး ပြည်မြို့အနီးဝန်းကျင်နှင့် ရန်ကုန်မြို့မြောက်ဒဂုံမြို့နယ်တို့တွင် စာသင်ကျောင်းများ၊ ပရဟိတကျောင်း/ဂေဟာများနှင့် ရပ်ကွက်များတွင် စတင်ပတ်ဖျန်းခဲ့ကြသည်။ ရန်ကုန်မြို့တွင် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ လူမှုရေးသမားများဦးဆောင်၍ ၁ဝ.၇.၂ဝ၁၃ ရက်နေ့တွင် အ.ထ.က (၄) မြောက်ဒဂုံသို့၎င်း၊ ၁၂.၇.၂ဝ၁၃ ရက်နေ့တွင် မြောက်ဒဂုံမြိ့နယ်ရှိ အိမ်မတ်လှရထားလေး (Dream Train) လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာသို့၎င်း၊ ၁၄.၇.၂ဝ၁၃ ရက်နေ့တွင် အမှတ် (၅) အခြေခံ ပညာမူလတန်းကျောင်း ဒဂုံ/အရှေ့သို့၎င်း၊ အမှတ် (၂၁) အခြေခံပညာမူလတန်းကျောင်းသို့၎င်း၊ အမှတ် (၂) အခြေခံ ပညာမူလတန်းကျောင်း မ/ဒဂုံသို့၎င်း သွားရောက်ကာ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ် တားဆီးရေးအတွက် ခြင်နိုင်ဆေးများ ပတ်ဖျန်းပေးခဲ့ပြီးဖြစ်သည်။

ပြည်မြို့၌ “သုခကုသိုလ်ဖြစ်ဆေးခန်း(ပြည်)နှင့် မိုးမေတ္တာပရဟိတလူငယ် သွေးလှူအဖွဲ့” မှ လူမှုရေးသမားများဦးဆောင်၍ ပြည်မြို့တွင် အထက်တန်းကျောင်း (၁) ကျောင်းနှင့် မူလတန်းကျောင်း (၃) ကျောင်းတို့အား၎င်း၊ ဆင်မြီးဆွဲမြို့တွင် အထက်တန်းကျောင်း (၁) ကျောင်းနှင့် မူလတန်းကျောင်း (၃) ကျောင်း၊ ပေါင်းတလည်မြို့တွင် အထက်တန်းကျောင်း (၁) ကျောင်းနှင့် မူလတန်းကျောင်း (၄) ကျောင်းတို့ အပြင် ပြည်မြို့အောင်ဆန်းရပ်ကွက်ရှိ “မိဘမဲ့ပရဟိကျောင်း”နှင့် နဝင်း၊ ဖိုးခေါင်၊ ချောင်းနားတန်းရပ်ကွက် များအပါအဝင် စုစုပေါင်းကျောင်း (၁၁) ကျောင်း၊ ကျေးရွာ (၃) ရွာနှင့် “မိဘမဲ့ပရဟိတကျောင်း” တို့အား ခြင်နိုင်ဆေးများ ဖျန်းပတ်ပေးနိုင်ခဲ့သည်။ ထို့အပြင် “သုခကုသိုလ်ဖြစ်ဆေးခန်း(ပဲခူး) တွင်လည်း ခြင်နိုင် ဆေးဖြန်းခြင်း လုပ်ငန်းရပ်ကြီးအား စတင်လုပ်ဆောင်နေပြီဖြစ်သည်။

မြတ်စွာဘုရားဟောကြားထားသည့် ငါးပါးသီလအား စောင့်စည်းရန်နှင့် ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ထားသော်လည်း အနာဂါတ်အား ခေါင်းဆောင်ကြမည့် သားငယ်/သမီးငယ် ကလေးများအား သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားစေရန်နှင့် အသက်အန္တရာယ်မှ ကာကွယ်ပေးရန်အတွက် နာရေးကူညီ မှုအသင်း(ရန်ကုန်)အနေဖြင့် “သွေးစုပ်ကောင် စစ်ဆင်ရေး” ကြီးအား စတင်လိုက်ပြီ ဖြစ်ပါတော့သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts