>စကဿာပူရောက်ူမန်မာတေရြဲႚ လတ်ြလပ်မရြေခဵိန်

>

စင်္ကာပူရောက် မြန်မာတွေရဲ့ လွတ်လပ်မှု ရေချိန်
(မြန်မာ့အရေးလှုပ်ရှားသူများကို စင်္ကာပူအစိုးရက ဗီဇာတိုးမပေးဘဲ ကြန့်ကြာထား)

မိုးမခ အထောက်တော် ၀၀၃၊ မောင်မောင်စလုံး

ဧပြီ ၁၆၊ ၂၀၀၈

ဧပြီလဆန်းမှာ သီးလေးသီးအဖွဲ့ လာရောက်လည်ပတ်မယ့် ဧည့်သည်ဗီဇာကို အဖွဲ့သားအားလုံးအား ထုတ်ပေးရန် စင်္ကာပူအစိုးရက ငြင်းဆန်ခဲ့ပါတယ်။ နောက်ကွယ်က ရည်ရွယ်ချက်ကတော့ သီးလေးသီးနဲ့ ဆေးရောင်စုံအငြိမ့် ဒုတိယအကြိမ် လူစုံတက်စုံ ပွဲကမယ့် အစီအစဉ်ကို နှောက်ယှက်လိုက်တာ ဖြစ်ပါတယ်။ စက်တင်ဘာ သံဃာအရေးအခင်းနောက်ပိုင်း မြန်မာအရေး တက်ကြွလာတဲ့ စင်္ကာပူရောက် မြန်မာနိုင်ငံသားတွေကို စင်္ကာပူအစိုးရက အချိုသပ်ထား၊ နှစ်သိမ့်ထားနေရာက ယခုအချိန်၊ မြန်မာစစ်အစိုးရ ဆန္ဒခံယူပွဲကာလ အရေးကြီးလာချိန်မှာ ပြန်ပြီး သံပတ်တင်းလာတဲ့ သဘောပဲလို့ အမည်မဖော်လိုတဲ့ မြန်မာအလုပ်သမားတဦးက ထုတ်ပြောလာပါတယ်။

ယခင်ရက်သတ္တပတ်က အကြီးတန်းဝန်ကြီး ဂိုချုပ်တောင်က အမေရိကန်သမ္မတ ဂျော့ရှ်ဘွတ်ရှ်ကို ပြောဆိုရာမှာ မြန်မာပြည်တွင်းရေး ပြသနာကို ဖြေရှင်းနိုင်ဖို့ တပ်မတော်အခန်းကဏ္ဍကို ဆက်လက်သယ်ဆောင်သွားရန် လိုအပ်တယ်လို့ ထုတ်ဖော်လိုက်တဲ့အတွက် မြန်မာနိုင်ငံရေးအကြပ်အတည်းပေါ်မှာ စင်္ကာပူအစိုးရဟာ စစ်အာဏာရှင်ဖက်ကလား သို့မဟုတ် အငြင်းပယ်ခံ ပြည်သူနဲ့ အတိုက်အခံဖက်က ရပ်တည်ပေးမှာလားဆိုတဲ့ ဘက်လိုက်မှုက ရှင်းရှင်းလင်းလင်း ထင်ရှားသွားပြီ ဖြစ်ပါတယ်။

မြန်မာနှစ်ကူးသင်္ကြန်မှာ ကျင်းပနေကြ စင်္ကာပူမြန်မာဘုန်းတော်ကြီးကျောင်းမှာ မြန်မာအရေးလှုပ်ရှားသူများရဲ့ ပွဲလမ်းသဘင်၊ အလှူဒါနနဲ့ အမျိုးသားရေး အဆိုအကများ ဆိတ်သုဉ်းသွားတာကလည်း စင်္ကာပူအစိုးရနဲ့ မြန်မာစစ်အစိုးရအလိုကျ လိုက်လံဆောင်ရွက်ပေးနေတဲ့ မြန်မာစီးပွားရေး၊ လူမှုရေးနဲ့ ဘာသာရေး အသိုင်းအ၀ိုင်းအချို့ သြဇာ ပြန်တက်လာတဲ့ သက်သေပဲလို့ မြန်မာအရေးဆောင်ရွက်သူ တဦးက ထောက်ပြလိုက်ပါတယ်။

၂၀၀၈ စင်္ကာပူ မြန်မာ သင်္ကြန် မြင်ကွင်း

မြန်မာအရေးတက်ကြွသူများကတော့ အခြားရပ်ကွက်က မြန်မာဘုန်းတော်ကြီးကျောင်းမှာ အတာသင်္ကြန်ဆင်နွဲကြပါတယ်။ တီရှပ် အနီတွေ ၀တ်ပြီး ကန့်ကွက်မဲ ပေးကြရေး လှုပ်ရှားမှုကို ဖော်ဆောင်ကြတာကို တွေ့ရပါတယ်။ မြန်မာနိုင်ငံရေးကို ဖော်ဆောင်တဲ့ သီချင်းတွေနဲ့ ကကြ ခုန်ကြပါတယ်။ မြန်မာနိုင်ငံကူး လက်မှတ်ကို တရားဝင် ကိုင်ဆောင်၊ မြန်မာသံရုံးမှာ သတ်မှတ်ထားတဲ့ အခွန်ငွေကို ထမ်းဆောင်၊ စင်္ကာပူက တရားဝင်နေထိုင်ခွင့်လက်မှတ်ကို သက်တမ်းတိုးပြီး နေထိုင်ရတဲ့ မြန်မာမိသားစုတွေကတော့ မြန်မာပြည်ကို ပြန်လည်လိုက်၊ စင်္ကာပူမှာ အလုပ်လုပ်၊ ပညာရှာလိုက်နဲ့ပါပဲ။

“ သံဃာအရေးအခင်းတုန်းက ကောလဟလတွေ လွှင့်ကြတယ်လေ၊ ဒီကပြန်သွားတဲ့ လူတွေ ဖမ်းတယ်တို့၊ ပတ်စပို့သိမ်းတယ်တို့၊ ကျမတို့ကတော့ ပြန်နေတာပဲ။ အများနဲ့ လုပ်ကြတာ၊ အမျိုး ဘာသာ သာသနာအတွက် ဆန္ဒပြကြတာ၊ ငွေလှူကြတာပဲ။ လုပ်စရာရှိတာကို လုပ်ပြီးတော့ ပြန်လည်ပတ်တာလည်း ရှိတာပဲ။ သံရုံးလည်း ပိုက်ဆံ သွားပေးနေရတာပဲ။ ကျမတို့ပေးထားတဲ့ ပိုက်ဆံနဲ့ သူတို့တွေ ထမင်းစားနေကြတာ။ ကျမတို့ကို ပတ်စပို့သိမ်း ဘာညာလုပ်လို့ သူတို့မှာ ရမယ့် ပိုက်ဆံတောင် လျှော့သွားလိမ့်အုံးမယ်။ ကျမတို့ မြန်မာတွေကိုယ်တိုင်ကလည်း ကိုယ့်ကိုယ်ကို အရမ်း ထင် ကြတာလဲပါတယ်။ ငါ ဒီလောက်လုပ်လိုက်လို့ အစိုးရက သိသွားမလား။ ဘာညာပေါ့။ အများနဲ့လုပ်တာပဲ။ အခု ကျမတို့တွေက ကောလဟလနဲ့ ခြိမ်းခြောက်ခံရပြီး လူတွေ ကွဲအောင် အလုပ်ခံရတာ။ ပြည်တွင်းကော၊ ပြည်ပကော။ တခုခုဖြစ်ရင် ကျီးကန်းများလို ၀ိုင်းအာမယ့်အစား ကြက်ပျောက်ငှက်ပျောက် ဖြစ်ကုန်တာက အရင် ဖြစ်နေတယ်။”

ဒါကတော့ စင်္ကာပူက မြန်မာဆိုင်တွေနဲ့ စည်ကားတဲ့ ပင်နီဆူလား ကုန်တိုက်မှာ ဆိုင်ဖွင့်ထားတဲ့ အမျိုးသမီးတဦးက ပြောပြတာဖြစ်ပါတယ်။

စင်္ကာပူရောက် မြန်မာတွေကို မြန်မာစစ်အစိုးရက အရေးယူတာ၊ ဖမ်းဆီးတာ၊ ပတ်စပို့သိမ်းတာတွေ တရားဝင် သတင်းမကြားရသေးသော်လည်း စင်္ကာပူအစိုးရကတော့ သွယ်ဝိုက်သော နည်းလမ်းများနဲ့ ဖိအားပေး အကြပ်ကိုင်လာပြီဖြစ်ပါတယ်။


၂၀၀၇ စက်တင်ဘာက ဆန္ဒပြနေတဲ့ စင်္ကာပူက မြန်မာများ

မြန်မာအရေးလှုပ်ရှားသူတွေက ဘုန်းကြီးကျောင်းတွေမှာ၊ လမ်းမတွေပေါ်မှာ မြန်မာစစ်အစိုးရကို ကန့်ကွက်ရှုံ့ချကြတော့ စင်္ကာပူ ပုလိပ်တွေ၊ လုံခြုံရေးတွေက အရင် ရောက်လာပါတယ်။ လူနံမည်တွေ ကောက်၊ ဖုံးနံပါတ်တွေ ယူ၊ ပုလိပ်ဌာနမှာ စစ်ချက်တွေ တောင်း၊ နောက်တော့ နောက်ယောင်ခံလိုက် စတာတွေ လုပ်လာကြပါတယ်။

“ ကျနော်ထင်တာကတော့ သူတို့တွေက ကျနော်တို့ရဲ့ ဖုံးတွေ၊ အီးမေးတွေကိုပါ ကြားဖြတ်ပြီး ခိုးနားထောင်တယ်လို့တောင် သံသယဖြစ်မိတယ်။ သံဃာအရေးအခင်းမတိုင်မီက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးလုပ်ကြတဲ့ မြန်မာအလုပ်သမားအချို့ဆိုရင် အလုပ်ရှင်တွေကို ဖိအားပေးပြီး အလုပ်ပြုတ်သွားအောင်၊ မြန်မာပြည်ကို အတင်းအကြပ်ပြန်ပို့တာအထိ လုပ်ခိုင်းတယ်။ ပြန်သွားရတဲ့ မြန်မာအလုပ်သမားကလေးတွေကလည်း ဘယ်သူ့ကို တိုင်မလဲ။ အကြောင်းကြားခဲ့မလဲ။ အလုပ်သမားလက်မှတ်နဲ့နေရတာဆိုတော့ လာဆိုလာ ပြန်ဆိုပြန်ပဲလေ။ ဒါကြောင့်ကျနော်တို့တတွေ မြန်မာအစုအဖွဲ့တွေ၊ အသင်းတွေ ထူထောင်လှုပ်ရှားလာရတာ ဖြစ်ပါတယ်။”

ဒါကတော့ မြန်မာအရေး အစုအဖွဲ့တွေမှာ ပါဝင်ဆောင်ရွက်သူတဦးက ပြောကြားတာဖြစ်ပါတယ်။ သူတို့တတွေကတော့ အလုပ်သမားလက်မှတ်၊ အလုပ်ဖြင့် နေထိုင်ခွင့် လက်မှတ်များကဲ့သို့သော ဗီဇာနှင့် နေထိုင်သူများမဟုတ်ဘဲ ၅ နှစ် အမြဲတမ်းထိုင်ခွင့် လက်မှတ်ရထားသူတွေ ဖြစ်ပါတယ်။ အလုပ်ရှင်က လျှောက်ပေးလို့ ရတဲ့ ဗီဇာမဟုတ်ဘဲ အစိုးရကိုယ်တိုင်က ထုတ်ပေးတဲ့ အလုပ်လုပ်နေထိုင်ခွင့် လက်မှတ်လို့ ပြောရမှာဖြစ်ပါတယ်။

စင်္ကာပူမြန်မာသံရုံးက အခွန်ကောက်တာကလွဲလျင် မြန်မာ့အရေးကို အရေးမယူပါ – တဲ့

” အက်စ်ပီ (SP – Student Pass) ဆိုတာ ကျောင်းသားနေထိုင်ခွင့်၊ ဒဗလျူပီ (WP – Work Permit) ဆိုတာ လစာနည်းအလုပ်သမားလက်မှတ်၊ အီးပီ (EP – Employment Pass) ဆိုတာ အလယ်အလတ်တန်းအလုပ်သမားလက်မှတ် ပေါ့ဗျာ။ အလုပ်ရှင်တွေ ကျောင်းတွေက တာဝန်ခံပြီး လျောက်ပေးရတယ်။ အလုပ်ရှင်တွေ ကျောင်းတွေက သတ်မှတ်ချက်နဲ့ မကိုက်ရင် အဆင်မပြေတော့ရင် ရုတ်သိမ်းလို့ရတယ်။ ပြန်ပေတော့ မြန်မာပြည်။ အဲဒီရဲ့ အထက်မှာ ပီအာရ် ( PR – Permanent Residence ) ဆိုတဲ့ အမြဲတမ်းနေထိုင်ခွင့် လက်မှတ်ရှိတယ်။ ဒါက အစိုးရကိုယ်တိုင် ထုတ်ပေးတာ။ ကိုယ့်အလုပ်ရှင်နဲ့ မဆိုင်တော့ဘူး။ အလုပ်ရှင်မျက်နှာကြည့်စရာ မလိုတော့ဘူးပေါ့ဗျာ။ လုပ်ချင်တဲ့ အလုပ်ရှာလုပ်ရုံပဲ။ အစိုးရက တိုင်းပြည်အတွက် အကျိုးရှိမယ့် ပညာတတ်တွေ၊ စီးပွားရေးသမားတွေကို ထုတ်ပေးတဲ့ လက်မှတ်ပေါ့။ အစိုးရ မျက်နှာတော့ ကြည့်နေရသပေါ့။”

အထက်ပါအတိုင်း ပီအာရ်လက်မှတ်ရ မြန်မာတဦး ပြောသလိုပါပဲ။ သူတို့တွေမှာလည်း နှောင်ကြိုးနဲ့ နေထိုင်ခွင့်ဖြစ်ပါတယ်။ အစိုးရကို ဆန့်ကျင်တာ မလုပ်ရ။ အလုပ်အကိုင်မရှိဘဲ သက်တန်းတိုးခွင့် မရှိရ၊ ပုံမှန် အခွန်အတုပ်များ ဆောင်ရန်နဲ့ “အမြဲတမ်း နေထိုင်ခွင့်”ဆိုတာကို ၅ နှစ် တခါ သက်တမ်းတိုးရတာ ဖြစ်ပါတယ်။ အချိန်မရွေးလည်း အစိုးရက ဒီလက်မှတ်ကို ရုပ်သိမ်းနိုင်ပါတယ်တဲ့။ သက်တမ်း မတိုးပေးဘဲ ငြင်းချင်လည်း ငြင်းနိုင်ပါတယ်တဲ့။

ခုနင်က စကားကို ဆက်ရရင် မြန်မာအရေး လှုပ်ရှားမှုတွေကို တပါတီအာဏာရှင် စင်္ကာပူ အစိုးရက လုံခြုံရေးတွေ၊ ထောက်လှမ်းရေးတွေသုံးပြီး ခြိမ်းခြောက် လူစုခွဲဖို့ ကြိုးစားခဲ့ပေမယ့် ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးက ပြည်ပရောက် မြန်မာတွေကို စည်းလုံးညီညွတ်သွားစေခဲ့တော့ စင်္ကာပူအစိုးရက ထိပ်တိုက်မရင်ဆိုင်တော့ဘဲ အလျော့ပေး စေ့စပ်ရေးနည်းလမ်းကို သုံးလာပါတော့တယ်။

သူတို့ အဲသည်လို မပျော့ရင်လည်း အမြတ်ထွက်မည့်သူက တခုတည်းသော အတိုက်အခံပါတီဖြစ်တဲ့ စင်္ကာပူဒီမိုကရစ်တစ်ပါတီနဲ့ ခေါင်းဆောင် ဒေါက်တာချီးတို့ ဖြစ်နေလို့ပါပဲ။ မြန်မာအင်အားစုတွေနဲ့ စင်္ကာပူနိုင်ငံသားတွေက အဖိနှိပ်ခံ ပြည်တွင်း သံဃာတွေ၊ ပြည်သူတွေကို ဂရုဏာမိုး ရွာသွန်းဖြိုးနေချိန်မှာ အစိုးရက တင်းတင်းကြပ်ကြပ်နဲ့ လူစုလူဝေးတွေကို ဖိနှိပ်လိုက်လျင် အတိုက်အခံပါတီက အဲဒီပြည်သူတွေဖက်က ရပ်တည်ဆောင်ရွက်လာတော့မယ့် အလားအလာကို မြင်တွေ့နေရပြီကိုး။

ဗြိတိန်က သံတွေနဲ့ တွဲတွေ့ရတဲ့ မြန်မာတွေ

“၂၀၀၇ စက်တင်ဘာနှောင်းပိုင်းမှာ ကျနော်တို့ မြန်မာတွေ မျက်နှာပွင့်ကြတယ်ဗျ။ အစိုးရကလည်း ဖိတ်၊ လာတွေ့၊ အတိုက်အခံကလည်း လာပူးပေါင်း။ ဗြိတိန်တို့ အမေရိကန်တို့က သံတွေကလည်း လာလည်ကြ၊ ဆွေးနွေးကြနဲ့ပေါ့ဗျာ။ မြန်မာအရေး အစုအဖွဲ့တွေကလည်း အပြိုင်းအရိုင်း ပေါ်ထွန်းလာကြ။ လှုပ်ရှားမှုတွေ လုပ်ကြနဲ့။ ဒါပေမယ့် နောက်ပိုင်းကြတော့ ကျနော်တို့တတွေက လှုပ်ရှားမှုကလည်း ကျဲလာ။ မြန်မာစစ်တပ်ကလည်း လိုက်လျောမလိုလို၊ စေ့စပ်မလိုလိုတွေ လုပ်ပြ။ ကောလဟလတွေကလည်း ထွက်လာ။ ကျနော်တို့ စုရပ်တွေ အင်အားပြနေရာတွေ ဖြစ်တဲ့ ပင်နီဆူလာ ကုန်တိုက်တို့၊ စင်္ကာပူ မြန်မာဘုန်းတော်ကြီးကျောင်းတို့မှာစုဝေးဖို့ကလည်း မမြင်ရတဲ့ ဖိအားတွေကြောင့် ခဲယဉ်းလာတော့ နောက်ပိုင်းမှာ ကျနော်တို့ကို ဆက်လက်အားပေးစောင့်ကြည့်နေတာက စင်္ကာပူ ပုလိပ်အဖွဲ့နဲ့ အတိုက်အခံပါတီပဲ ကျန်တော့တယ်လို့ ပြောရမလို ဖြစ်နေပြီ။”

မြန်မာအရေးဆောင်ရွက်သူတဦးက သုံးသပ်ပြတာ ဖြစ်ပါတယ်။

၂၀၀၈ နှစ်ဆန်း ဖေဖော်ဝါရီလနောက်ပိုင်းက စလို့ မြန်မာပြည်မှာ မေလတွင် ကျင်းပမယ့် ပြည်သူဆန္ဒခံယူပွဲကိစ္စက မြန်မာအားလုံးရဲ့ စိတ်ကို လွှမ်းမိုးနေရာယူနေပြီ ဖြစ်ပါတယ်။ အာဆီယံနိုင်ငံ၊ အိမ်နီးချင်း တရုတ်နဲ့ အိန္ဒိယတို့က မြန်မာအရေးကိစ္စကို မြန်မာစစ်တပ်ဖက်က အလေးသာကြောင်း အသံပြုလာချိန်မှာ ပြည်တွင်းပြည်ပက မြန်မာတွေက ကန့်ကွက်မဲထည့်မလား၊ သပိတ်မှောက်ကြမလားဆိုတဲ့ မေးခွန်း ၂ခု ကြားမှာ ဗျာများရင်း ကုလသမဂ္ဂ အထူးကိုယ်စားလှယ်တို့၊ အဲန်အယ်ဒီပါတီ ဆုံးဖြတ်ချက်တို့နောက်ကို စောင့်ကြည့်နေရတဲ့ အခြေအနေကို ရောက်ရှိသွားပါတော့တယ်။

အဲန်အယ်ဒီပါတီက ဦးမြင့်သိန်းဈာပနာမှာ တွေ့ရတဲ့ စင်္ကာပူမြန်မာများ

“ ကျနော်တို့ သီးလေးသီး အငြိမ့်ကို ပထမဦးဆုံး ပွဲသွင်းတုန်းက စင်္ကာပူအစိုးရ သဘောထားနဲ့ အခု ဒုတိယအကြိမ် ဗီဇာလျှောက်တဲ့အချိန် စိမ်းကားမှုကတော့ အရမ်းသိသာသွားပါတယ်။ သီးလေးသီးကလည်း ကန့်ကွက်မဲကိစ္စကို ကိုင်ပြီး ကပြအသုံးတော်ခံနေတဲ့အချိန်၊ မြန်မာတွေဖက်ကလည်း ဒါကို တခဲနက် လက်ခံကြဖို့ သဘောထားရှိနေတဲ့အချိန်မှာ စင်္ကာပူ အာဏာပိုင်တွေက နောက်ကွယ်ကနေ အနှောက်အယှက်ပေးတာတွေ၊ အချိန်ဆွဲတာတွေဟာ သိသာထင်ရှားလာပါတယ်။”

အဆိုပါ မြန်မာတဦးကပဲ မိုးမခကို သုံးသပ်ပြတာ ဖြစ်ပါတယ်။

ယခု သံရုံးတွေမှာ မြန်မာနိုင်ငံသားတွေ မဲပေးဖို့ ဖိတ်ခေါ်တာ၊ မဲဆန္ဒပေးရန် မှတ်ပုံတင်ဖို့ စီစဉ်တာတွေ လုပ်ကိုင်လာချိန်မှာ စင်္ကာပူအစိုးရရဲ့ လူဝင်မှုကြီးကြပ်ရေးဌာနက မြန်မာတွေ နေထိုင်ခွင့် သက်တမ်းတိုးတဲ့ကိစ္စကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်လာတာကို တွေ့နေရပါတော့တယ်။

သာမန် မြန်မာများရဲ့ နေထိုင်ခွင့်လက်မှတ်တွေကို ပုံမှန်အတိုင်း သက်တမ်းတိုးပေးနေပေမယ့်၊ မြန်မာအရေး တက်ကြွစွာ လှုပ်ရှားဆောင်ရွက်လို့ ပုလိပ်ရဲ့ စောင့်ကြည့်ခြင်းခံထားရသူတွေရဲ့ “အမြဲတမ်းနေထိုင်ခွင့်” ပီအာရ် သက်တမ်းတိုး လျှောက်လွှာတွေကိုတော့ ချက်ချင်း တိုးမပေးသေးဘဲ အချိန်ဆွဲထားကြောင်း ကြားသိရပါတယ်။

“ သဘောကတော့ မြန်မာအစိုးရလိုပဲ လုပ်မှာ ဖြစ်မယ် ထင်ပါတယ်။ ဒီမှာ အလုပ်လက်ရှိ၊ ပြစ်မှုလည်းမရှိ၊ အခွန်တွေလည်းဆောင်ထားတဲ့ မြန်မာအလုပ်သမားတွေကို ပီအာရ်ကို တိုးပေးရမှာ ဖြစ်ပေမယ့် အချိန်ဆွဲထားပြီး စိတ်အနှောက်အယှက်ဖြစ်အောင် လုပ်မယ်။ နိုင်ငံရေးတွေ လုပ်နေလို့ ဒီလို ဖြစ်ရတယ်ဆိုတဲ့ သံသယစိတ်ကို ဖြစ်စေပြီး လူတွေကို ကြောက်ရွံ့စိုးရိမ်စိတ်တွေ ဖန်တီးနေတာ ဖြစ်ပါတယ်။ နောက်ပြီးကျရင် ပီအာရ် သက်တမ်းတိုး ဖောင်ထဲမှာ နောင်တွင် “နိုင်ငံရေး” မလုပ်တော့ပါ ဆိုတဲ့ သဘောမျိုးပါတဲ့ ခံဝန်ချက်တခု တိုး လက်မှတ်ထိုးခိုင်းပြီး သက်တမ်းတိုးပေးလိုက်မယ်လို့တော့ ထင်မြင်မိပါတယ်။”

ပီအာရ်သက်တမ်းကုန်တော့မယ့် မြန်မာတဦးက သူရဲ့ထင်မြင်ချက်ကို ပြောပြတာဖြစ်ပါတယ်။

စင်္ကာပူ မြန်မာသံရုံးက ထုတ်တဲ့ မဲပေးရန် ဆင့်ခေါ်စာ မိတ္တူ

စင်္ကာပူအစိုးရဟာ တိုက်ရိုက်ဥပဒေနဲ့ လူတဦးတယောက်ရဲ့ လွတ်လပ်ခွင့်ကို တားမြစ်လေ့မရှိပေမယ့်၊ နိုင်ငံတော်သန့်ရှင်း စင်ကြယ်စေရန်အတွင် အနောက်နိုင်ငံက ကွမ်းယာ (ပီကေ၊ ကပ်စေးနဲ) ၀ါးခွင့် ပိတ်ထားတဲ့ နိုင်ငံဖြစ်ပါတယ်။ ဆေးလိပ်သောက်ခွင့်ကို မပိတ်ပေမယ့် ဆေးလိပ်ခွန်ကို အဆမတန်တင်ပြီး ကောက်ထားပါတယ်။ ရာဇ၀တ်မှုအချို့ကို ပြစ်ဒဏ်ချရာမှာ ထောင်ဒဏ် ငွေဒဏ်တွေအပြင် ကြိမ်ဒဏ်ကိုလည်း တရားဝင် ချမှတ်တဲ့နိုင်ငံလည်း ဖြစ်နေပါတယ်။ သတင်းစာနဲ့ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကိုလည်း ကြပ်တည်းစွာ စောင့်ကြည့်စစ်ဆေးပါတယ်။ စင်္ကာပူမှာ မြန်မာတွေ နိုင်ငံရေးပွင့်လင်းတဲ့ ရောဂါကို သူတို့ စင်္ကာပူ လူမျိုးတွေဆီ ကူးစက်မှာကို စိုးရိမ်ပါတယ်။

စင်္ကာပူနိုင်ငံရဲ့ လူ့အခွင့်အရေး ခေါင်းပါးတဲ့ကိစ္စနဲ့ပတ်သက်ပြီး စင်္ကာပူ အတိုက်အခံပါတီရဲ့ လူ့အခွင့်အရေးဆိုင်ရာ ရှေ့နေ မစ္စတာ ရာဗီးကို မိုးမခက ဆက်သွယ်မေးမြန်းကြည့်တော့ လက်ရှိ အာဏာရအစိုးရက မြန်မာတွေအရေးထက် အတိုက်အခံတွေ လက်ထဲ အာဏာရသွားမှာကို ပိုစိုးရိမ်တဲ့အကြောင်း၊ အခုလို ရောက်ရှိနေတဲ့ မြန်မာများက တချိန်ချိန်မှာ သူတို့နိုင်ငံသားတွေ အဖြစ် ပြောင်းလဲရပ်တည်လာပြီး အတိုက်အခံတွေ ဖြစ်လာမှာ၊ ရှိနေတဲ့ စင်္ကာပူနိုင်ငံသားတွေကိုလည်း အတိုက်အခံဖက် စိတ်ပါလာအောင် ရှေ့ဆောင်လမ်းပြလုပ်လာမှာကို စိုးရိမ်ကြောင်း သုံးသပ်ပြပါတယ်။ ဒါကြောင့် တက်ကြွတဲ့ မြန်မာတွေကို စောင့်ကြည့်ပြီး မှတ်တမ်းတင်ထားတာ ဖြစ်ကြောင်း၊ သူတို့တွေ နေထိုင်ခွင့် သက်တမ်းတိုးချိန်ရောက်လာရင် တနည်းနည်းနဲ့ အနှောက်အယှက်ပေးလာမှာ ဖြစ်ကြောင်း၊ အဲသည်လိုမျိုး ဖြစ်ပွားရင်ဖြင့် မိမိတို့ကို အမြန်လာရောက် ဆက်သွယ်စေလိုကြောင်း၊ အချိန်မီသိရလျှင် တရားဥပဒေနည်းလမ်းများနှင့်အညီ ကာကွယ်ဆောင်ရွက်ပေးနိုင်ကြောင်း – စသည်ဖြင့် ဖြေကြားပေးပါတယ်။

“ကျနော်တို့ မြန်မာအရေးဆောင်ရွက်နေတဲ့ အစုအဖွဲ့တွေက အများကြီးပါ။ အလုပ်သမားလက်မှတ်နဲ့ကော၊ ၅ နှစ် နေထိုင်ခွင့်နဲ့ကော၊ စင်္ကာပူနိုင်ငံသားပြောင်းပြီးတော့ကော နေထိုင်နေတဲ့ မြန်မာတွေ အစုံရှိကြပါတယ်။ တယောက်ကို တယောက်လည်း နားလည် စာနာ ကူညီကြပါတယ်။ အဆင့်အတန်းလည်း ခွဲစရာမရှိဘူးလေ။ အားလုံး ရောက်နေရတဲ့ ဒုက္ခလို့ ခံယူပါတယ်။ နီးစပ်ရာ အစုအဖွဲ့တွေကို ဆက်သွယ်ကြပါ။ အကြောင်းကြားကြပါ။ အခုအချိန်မှာ ပင်နီဆူလာကုန်တိုက်မှာ အချင်းချင်း မေးမြန်းစုံစမ်းပြီး လာလို့ရတဲ့ နေရာတွေ ရှိပါတယ်။ မြန်မာသံရုံးမှာလည်း ကျနော်တို့ မြန်မာတွေ တခဲနက် ကန့်ကွက်မဲ ထည့်ပြီး ဆန္ဒပြကြဖို့ ရပ်တည်တာစူနေကြပြီ။ ဒီအချိန်မှာ ကျနော်တို့ မြန်မာတွေ အနှောက်အယှက်ပေးခံရရရင် ၀ိုင်းဝန်း ကာကွယ် ဆောင်ရွက်ကြမယ်။ သတင်းတွေ ပို့ပေးကြမယ်”

လို့ မြန်မာအရေးဆောင်ရွက်နေသူ လူငယ်တဦးက မိုးမခကို ပြောကြားလိုက်ပါတယ်။

စင်္ကာပူက မြန်မာအသိုင်းအ၀ိုင်းဟာ ၂၀၀၇ စက်တင်ဘာအရေးအခင်းနောက်ပိုင်းမှာ နိုင်ငံတကာက လူ့အခွင့်အရေးသမားတွေကော၊ အစိုးရတွေကော နဲ့ ပြည်ပရောက် မြန်မာတွေကပါ စောင့်ကြည့် အားပေးရတဲ့ နေရာကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ အိမ်ရှင် စင်္ကာပူအစိုးရနဲ့ မိခင် မြန်မာအစိုးရ နှစ်ဦးရဲ့ မျက်လုံးဒေါက်ထောက် ဖိအားပေးခံနေရတဲ့ အကြပ်အတည်းများကနေ ရေရှည်မှာ ဘယ်လမ်း ဘယ်စခန်းအထိ ချီတက်ဆောင်ရွက်နိုင်မလဲဆိုတာက စိတ်ဝင်စားစရာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Photo Credits – Internet, http://www.monywa.org/witmone/, http://aungsayarpyi.blogspot.com/


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts