>မြန်မာအလုပ်သမား ၅၄ဦး

>

မြန်မာအလုပ်သမား ၅၄ဦး ကုန်တင်ယာဉ်အအေးခန်းအတွင်းမွန်းကြပ်သေဆုံး
အေအက်ဖ်ပီသတင်းဌာန
ဧပြီ ၁၀၊ ၂၀၀၈

မြန်မာပြည်သားအလုပ်သမားများ ကုန်ကားတစ်စီးအတွင်း ခိုးဝှက် လိုက်ပါလာရာ အနည်းဆုံး ၅၄ ဦး သေဆုံးသွားကြောင်း ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့က ယနေ့ ပြောဆိုသည်။

ကုန်တင်ယာဉ်အအေးခန်းအတွင်း လိုက်ပါခဲ့သော မြန်မာပြည်သား စုစုပေါင်း ၁၂၁ ဦးရှိကြောင်း၊ ပေ ၂ဝ အရှည်ရှိ အအေးခန်းအတွင်း လိုက်ပါခဲ့ခြင်းဖြစ်ကြောင်း၊ ထိုအလုပ်သမားများကို ယမန်နေ့ညက ရှာဖွေတွေ့ရှိခဲ့ကြောင်း ရနောင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲဗိုလ်မှူးကြီး Kraithong Chanthongbaiက ပြောဆိုသည်။
၂၁ ဦးကို ဆေးရုံတင်ထားသည်ဟု ဆိုသည်။ အဆိုပါ အအေးခန်းပါကုန်တင်ယာဉ်မှာ ရေခဲရိုက်ပင်လယ်စာများကို တင်ဆောင်ရာတွင် အသုံးပြုသော အလုံပိတ်ယာဉ်ဖြစ်သည်။
မြန်မာပြည်သား ၁၂၁ ဦးကို သယ်ဆောင်ခဲ့သည့် ကွန်တိန်နာတင်ထရပ်ကား (အပေါ်ပုံ)။ သေဆုံးသူများကို စစ်ဆေးနေသည့် ကယ်ဆယ်ရေး ၀န်ထမ်းများ (အောက်ပုံ) (ဓာတ်ပုံများ- ရိုက်တာသတင်းဌာန)
အဆိုပါအလုပ်သမားများသည် ဖူးခက်ပင်လယ်ဆိပ်ကမ်းမြို့တွင် သွားရောက်လုပ်ကိုင်ရန် အဆိုပါယာဉ်ဖြင့် သွားရောက်ခဲ့ခြင်းဖြစ်ပြီး ဘတ် ၅ဝဝဝ ခန့်စီ ပေးခဲ့ရဟန်တူသည်ဟု အဆိုပါအရာရှိက ခန့်မှန်းသည်။
ကုန်တင်ယာဉ်မောင်းသူက လမ်းဘေးသို့ထိုးရပ်ကာ၊ အအေးခန်းတံခါးကို ဖွင့်ပေးခဲ့ကြောင်း၊ အခြေအနေမှန်ကို သိရှိပြီးနောက် ထွက်ပြေးသွားခဲ့ကြောင်း ၎င်းကဆိုသည်။
“ကားထဲကလူတွေ နံရံကို ထုပြီး ဒရိုင်ဘာကို ပြောသေးတယ်၊ သူတို့ သေတော့မယ်ပေါ့။ ဒါပေမယ့် ဒရိုင်ဘာက သူတို့ကို တိတ်တိတ်နေဖို့ ပြောတယ်၊ ဂိတ်တွေကို ဖြတ်တဲ့အခါ ပုလိပ်တွေကြားသွားလိမ့်မယ်ပေါ့” ဟု အဆိုပါအရာရှိက ရှင်းပြသည်။
သေဆုံးသူများကို ဖူးခက်သုဿာန်တွင် ယာယီမြုပ်နှံထားကြောင်း၊ ဆွေမျိုးသားချင်းများက သွားရောက်ထုတ်ယူနိုင်ကြောင်း သူက ဆက်လက်ရှင်းပြသည်။ ဆေးရုံတင်ကုသရန် မလိုအပ်သည့် ကျန် ၄၆ ဦးကို ထိန်းသိမ်းထားသည်ဟု ဆိုသည်။
ကုန်တင်ယာဉ်ပေါ်ရှိအအေးခန်းတွင် လေအေးပေးစနစ်တပ်ဆင်ထားသည်၊ မည်သည့်အချိန်တွင် လေအေးပေးစက် ချို့ယွင်းသွားသည်ကို စုံစမ်းဆဲဖြစ်သည်။
အလုပ်သမားဝန်ကြီးဌာန၏အဆိုအရ ထိုင်းနိုင်ငံတွင် တရားဝင်မှတ်ပုံတင်၍ လုပ်ကိုင်နေသော ပြည်ပအလုပ်သမားများ ငါးသိန်းလေးသောင်းရှိပြီး အများစုမှာ မြန်မာနိုင်ငံမှ ဖြစ်သည်။ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသော ပြည်ပအလုပ်သမားများ တစ်သန်းခန့်ရှိသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts