>မောင်ရစ် – အဖိုးအဖြားတြေ မရြိတော့တဲ့ တိုင်ူးပည်

>

အဖိုး အဖွားတွေ မရှိတော့တဲ့ တိုင်းပြည်

မောင်ရစ်
ဧပြီ ၇၊ ၂၀၀၈

ဧပြီလ ၃ ရက်နေ့က သတင်းစာဆရာ၊ စာရေးဆရာ ကြေးမုံဦးသောင်း (အောင်ဗလ) ၈၂ နှစ် အမေရိကန်ပြည် ဖလော်ရီဒါမှာ ကွယ်လွန်ပါတယ်။ နောက် ၄ ရက် အတွင်းမှာပဲ စာရေးဆရာမကြီး၊ သတင်းစာဆရာမကြီး၊ လူထုဒေါ်အမာ ( ၉၃ နှစ်) မြန်မာပြည်၊ မန္တလေးမှာ ကွယ်လွန်ပါတယ်။ ကဗျာဆရာကြီး ဦးတင်မိုး (၇၃ နှစ်) ၂၀၀၇ ဇန္န၀ါရီ ၂၃ မှာ ကွယ်လွန်ခဲ့ပြီးတဲ့နောက်ပိုင်း ကျနော်တို့မှာ အားကိုးအားထားပြုစရာ မြန်မာစာနယ်ဇင်းလောကရဲ့ နေတွေ၊ လတွေ၊ ကြယ်တာရာတွေ တစင်းပြီး တစင်း ကွယ်ကုန်ရတဲ့အတွက် စိတ်ထိခိုက်ရပါတယ်။

အထူးသဖြင့် မြန်မာပြည်မှာ တရားမျှတ လွတ်လပ်မှုနဲ့ အမှန်တရားတို့ နှုတ်ပိတ်ခံနေရချိန်၊ သာသနာရဲ့ အလင်းရောင် အမိုက်တိုက်ခံထားရချိန်မှာ အဖိနှိပ်ခံထားရတဲ့ ပြည်သူလူထုအများစုကြီးဖက်က သူတို့ကိုယ်စား အမှောင်ခွင်း အလင်းဆောင်တဲ့ မီးအိမ်ရှင်တွေ ကွယ်ကုန်ကြရတာအတွက် ကျနော်တို့ ကြေကွဲရပါတယ်။

ဆရာ မောင်စွမ်းရည်ကလည်း သူငယ်ချင်း ဆရာ တင်မိုး မရှိတော့နဲ့နောက် စာပေမိခင်ကြီး လူထုဒေါ်အမာအတွက် မွေးနေ့ကဗျာ ထီးထီးချည်း ရေးပို့ရဖို့ ၂၀၀၈ မှာ အားတင်းစရာ မလိုတော့ပါ။ ဆရာမ ဒေါ်မာမာအေးကတော့ ဆရာဦးသောင်းအတွက် စိတ်ထိခိုက်နေရာက လူထုဒေါ်အမာ ကွယ်လွန်ပြီ ကြားတော့ ဒီအတာသင်္ကြန်ဆိုတာ မြန်မာပြည်သူတွေရဲ့ မျက်ရည်မိုးတွေကြောင့် သိကြားမင်းတောင် ဆင်းလာချင်ပါ့မလား မသိတော့ဘူးလို့ မှတ်ချက်ပေးပါတယ်။

အစားထိုးမရတဲ့ ဆုံးရှုံးမှုကြီးတွေလို့ ဆိုလိုက်တော့ ကျနော်တို့မှာ အစားထိုးစရာတွေ နည်းနေတဲ့သဘော၊ မရှိတော့တဲ့ သဘောလားလို့ တွေးမိပြီး ၀မ်းနည်းရပါတယ်။ သူတို့တွေက ကိုယ့် အဖိုးအဖွားတွေလေ။ သူတို့ မရှိတဲ့နောက်မှာ ကိုယ့် အဖေ၊အမေတွေ၊ ကိုယ့် ညီအကိုမောင်နှမ သားချင်းတွေ လက်တွဲလို့၊ အားကိုးအားထားပြုလို့ မပြီးသေးတဲ့ လွတ်လပ်ရေးတိုက်ပွဲကို ဆက်တိုက်ကြရအုံးမှာကိုး။

လူထုဦးလှ ဆုံးပြီးနောက်၊ ကျနော့်အဖိုးအဖွားတွေ မရှိတော့တဲ့နောက်ပိုင်း (ကျနော့်အတွက်) ကျနော့်စိတ်ထဲမှာ ဆရာမကြီး လူထုဒေါ်အမာကို စာပေနဲ့ စာနယ်ဇင်းရှေ့ဆောင် အဖွားတဦးသဖွယ် ဦးတင်ထားခဲ့တာဖြစ်ပါတယ်။ ကျနော် ကြုံကြိုက်တဲ့အခါတိုင်းမှာ မြေးတွေနဲ့တွေ့တိုင်း အဖိုးတွေ အဖွားတွေနဲ့ ပတ်သက်ပြီး အမြဲပြောပါတယ်။ ခင်ဗျားတို့ အဖိုးတွေ အဖွားတွေနဲ့ နေထိုင် အသက်ရှင်ခဲ့ကြရတာတွေအတွက် ခင်ဗျားတို့ ကျေနပ်ပျော်ရွှင်ဖွယ် အမှတ်တရတွေနဲ့ တွင်ကျန်ရစ်တယ် မဟုတ်လားလို့။

ကျနော်တို့မှာ သူတို့ကို ငါတို့ရဲ့ ဘိုးဘွားတွေပဲလို့ သတ်မှတ်ဂုဏ်ယူရသလို၊ သူရို့မှာလည်း သူတို့ရှေ့က “သူတို့ရဲ့ အဖိုး” ဆိုတာလည်း ရှိခဲ့တာပဲဆိုတာ တွေ့ရပါတယ်။

အဲဒီ ဆရာကြီးတွေ၊ ဆရာမကြီးတွေ သူတို့သက်တမ်းမှာ သူတို့ အမျိုးသားရေးနဲ့ စာပေလှုပ်ရှားမှု သက်တမ်းတလျောက်မှာ စံထားပြီး မော်ကြည့်ခဲ့ရတဲ့ သူတို့ရဲ့ “စာပေနဲ့ အမျိုးသားရေး အဖိုး”၊ တိုင်းပြည်နဲ့လူထုတရပ်လုံးရဲ့ “ငြိမ်းချမ်းရေး အဖိုး”တဦးဖြစ်တဲ့ “သခင်ကိုယ်တော်မှိုင်း”ကို သူတို့ ထာဝရဦးတင်လို့ သူတို့ဘ၀ကို အောင်မြင်အောင် ချီတက်နိုင်ခဲ့ကြတာပဲလို့လဲ ကျနော်က အားကျစိတ်နဲ့ ဂုဏ်ယူနေမိပါတယ်။

သခင်အောင်ဆန်းကျဆုံးပြီးတော့ တိုင်းပြည်ရဲ့ အလင်းရောင်ကွယ်ပြီလို့ ပြည်သူတွေ ခံစားနေရချိန်မှာ စာပေအနုပညာရှင်တွေက ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ငြိမ်းချမ်းရေးလှုပ်ရှားမှုနောက်မှာ တသားတည်းရပ်ကြပြီး ပြည်တွင်းစစ် ရပ်စဲရေး၊ တိုင်းပြည် ငြိမ်းချမ်းရေးနဲ့ အာဏာရှင်စနစ်ကျဆုံးရေး အတွက် တခဲနက်ဆောင်ရွက်ခဲ့ကြသည်ပဲ။

ဆရာကြီး အဖိုး သခင်ကိုယ်တော်မှိုင်းဆိုတာ သီပေါမင်းပါတော်မူတာကို မျက်မြင်ကြုံတွေ့ခဲ့သူ၊ တပါးကျွန်အောက်က မြန်မာပြည်လွတ်မြောက်လာတာကို တဖက်တလမ်းက ကလောင်ထမ်းပြီး ဆောင်ရွက်ခဲ့သူဆိုတော့ ပြည်တွင်းစစ်ကာလ၊ တပါတီ အာဏာရှင်လက်အောက်က မြန်မာပြည်ကြီးအတွက် စိတ်ဖြောင့်ခဲ့သူ မဟုတ်ပါ။ ငါမသေခင် တိုင်းပြည်ကြီး ငြိမ်းချမ်းတာ မြင်သွားချင်တယ်ကွာ လို့ ဆိုခဲ့သူပါ။

သူတို့ရဲ့ အဖိုး ကွယ်လွန်တော့ ကျန်ရစ်ခဲ့တဲ့ မြန်မာစာပေပညာရှင်တွေဟာ အဖိုးရဲ့ လမ်းစဉ်အတိုင်း ဆက်ရပ်ပြီး ငြိမ်းချမ်းရေး အရေးတော်ပုံကို ဆင်နွှဲခဲ့ကြ။ သည်လိုနဲ့ မြန်မာပြည် ငြိမ်းချမ်းရေး ခရီးလမ်းမပေါ်မှာ ဆရာမကြီး လူထုဒေါ်အမာဟာ ခင်ဗျားတို့ ကျနော်တို့အတွက် အားကိုးလမ်းပြရာ အဖွား တဦး ဖြစ်လာခဲ့တာ မဟုတ်ပါလား။

သည်တော့ ခင်ဗျားတို့ ကျနော်တိှု့ဆီမှာ ရှေ့ကလမ်းပြတဲ့ မီးအိမ်ရှင်အဖိုးတွေအဖွားတွေ ရှိနေဖို့၊ သူတို့ကို အရေးအကြောင်းတွေကြုံတွေ့တိုင်းမှာ မှီဝဲဆည်းကပ်ဖို့ ဆိုတာ မလိုအပ်ပေဘူးလားခင်ဗျာ။

အဖိုးအဖွားတွေ လမ်းမပျောက်ခဲ့လို့၊ စိုက်လိုက်မတ်တတ် လမ်းဖောက်ချဲ့ထွင်ခဲ့ကြလို့ ကျနော်တို့ ခလုပ်မထိ ဆူးမငြိခဲ့ပဲ မှောင်သောလမ်းမှာ စမ်းတ၀ါး မဖြစ်ခဲ့ကြဘူးလို့ ဆိုချင်ပါတယ်။ ယခုလို အချိန်မျိုးမှာ သခင်ကိုယ်တော်မှိုင်းသာ ရှိခဲ့လျင် ဘာလုပ်လေမလဲလို့ စဉ်းစားလိုက်တာနဲ့၊ လူထု ဒေါ်အမာတို့တတွေ ဘယ်လို ရပ်တည်လိုက်လေမလဲလို့ စဉ်းစားလိုက်တာနဲ့ ကျနော်တို့ ခွန်အားတွေဖြစ်လို့ လမ်းမှန်ကို ရဲရင့်စွာ တိုးဖို့ အသိနဲ့ သတ္တိတွေ ဖြစ်ကြရတာပါ။

အခုမှာတော့ဖြင့် ကျနော်တို့မှာ အဖိုးတွေ အဖွားတွေ ကွယ်ခဲ့ပြီ။ ကွယ်ကုန်ပြီ ဖြစ်ပါတယ်။

အမှတ်တရ ဖြစ်တာတခုအနေနဲ့ လွတ်လပ်ရေး ရပြီးတဲ့နောက်ပိုင်း ပြည်တွင်းစစ်ကာလကြီးကို စတင်ဖြတ်သန်းရတဲ့အခါမှာ အဲဒီတုန်းက ကျနော်တို့တတွေရဲ့ အဖိုးတွေ အဖွားတွေ ရွေးချယ် လျောက်လမ်းခဲ့ရတဲ့ လမ်းကြောင်းကိုပဲ စံနမူနာယူစရာအဖြစ် အခု ဒီအချိန်မှာ ပြန်ပြောင်း မြင်ယောင်ကြည့်မိပါတယ်။

သူတို့တတွေ စစ်အာဏာရှင်၊ တပါတီ အာဏာရှင်အောက်ကို ဒူးမထောက်ခဲ့ကြပါဘူး။ ဘယ်လိုနည်းနဲ့မှ အောက်ကျို့ပြီး သူတို့ရဲ့ သစ္စာ၊ သမာဓိ။ သီလနဲ့ ပညာကို ဘာနဲ့မှ ရောင်းလည်း မစားခဲ့ကြဘူး။ လဲလည်း မစားခဲ့ကြပါဘူး။ ဖက်ဆစ်တွေနဲ့ မည်သို့သော နည်းနဲ့မှ ပေါင်းလည်း မစားခဲ့ကြပါဘူး။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းကဲ့သို့ ပြတ်သားတဲ့ စူးစိုက်တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းရေးနဲ့ ဖိနှိပ်ခံ ပြည်သူတွေဖက်က ရပ်ခဲ့ကြတယ်။ နှုတ်ပိတ်ခံထားရတဲ့ ပြည်သူ လူထုရဲ့ အသံအဖြစ် ရပ်တည်ခဲ့ကြတာကို တွေ့နိုင်ပါတယ်။ ထိမ်ဝှက်မရတဲ့ သမိုင်းဟာ တော်လှန်ရေးလှိုင်းပေါ်မှာ တင်ကျန်ရစ်ခဲ့တာ အခုအချိန်မှာ အထင်အရှားတွေ့နိုင်ပါတယ်။

ယနေ့အချိန်မှာလည်းပဲ စစ်အာဏာရှင်တွေနဲ့ အလိုတော်ရိတွေက မည်သို့ပင် သိမ်းသွင်းစည်းရုံး မြှောက်ပင့် သွေးဆောင်နေစေကာမူ ကျန်ရစ်နေဆဲဖြစ်တဲ့ ကျနော်တို့ရဲ့ တော်လှန်သော အဖိုးအဖွားများက ကိုလိုနီခေတ်၊ ဂျပန်ခေတ်၊ ပြည်တွင်းစစ် ခေတ်ဆိုးအသီးသီးက သင်ခန်းစာတွေနဲ့ ကျနော်တို့ရှေ့က မားမားမတ်မတ်ရပ်ပြီး သတ္တိတွေနဲ့၊ ဇွဲလုံ့လ ၀ိရိယတွေနဲ့ စံနမူနာပြု ရပ်တည်ပြကြပြီ ဖြစ်ပါတယ်။ ကျနော်တို့တတွေအတွက် သူတို့ပုခုန်းထက်က ငြိမ်းချမ်းရေး မီးရှူးတန်ဆောင်ကို ထိုက်ထိုက်တန်တန်နဲ့ လက်ဆင့်ကမ်း ချီတက်ကြဖို့ပဲ ရှိပါတယ်။

ကျနော်ကတော့ ကျနော့် အဖေနဲ့အမေကို “အဖေ” “အမေ” လို့၊ ကျနော့် အဖိုးနဲ့ အဖွားကို “အဖိုး” “အဖွား” လို့ ၀မ်းမြောက်ဂုဏ်ယူစွာ အားပါးတရ အာလုပ်သံကြီးနဲ့ ခေါ်ခဲ့ရလို့ လူဖြစ်ရကျိုး နပ်လှပါတယ်။ လူထုဒေါ်အမာကိုလည်း “အဖွား” လို့ ကိုယ်စိတ်နှလုံး ၃ ပါးလုံးနဲ့ နှစ်နှစ်ကာကာ အာရုံပြု ခေါ်ခဲ့၊ ခေါ်ခွင့်ရခဲ့၊ အဖိုးမဖြတ်နိုင်တဲ့ ပညာရှိကို ဆည်းကပ်ပူဇော် ဖူးမျှော်ခဲ့ရလို့။ သူတို့ပြတဲ့ လမ်းကို ရဲရဲတင်းတင်း နောင်တမဲ့စွာ လျောက်လှမ်း ချီတက်ခွင့်ရခဲ့လို့ လူ ဖြစ်ရကျိုးနပ်လှ၊ ကျေနပ် အားရလှပါတယ်။

အဖိုး အဖွားတွေ မရှိတော့တဲ့ တိုင်းပြည်မှာ မြင့်မြတ်ရဲရင့်သော မိခင်၊ ဖခင်၊ သားသမီးတွေနဲ့ ကျနော်တို့ တည်ဆောက်ထူထောင်ကြရမှာ ဖြစ်တယ်။ နောင်လာမယ့် အာဇာနည် မြေး မြစ်များအတွက် ကျနော်တို့တတွေက ကျနော်တို့ရှေ့က ဖြောင့်မတ်သော အဖိုးအဖွားများရဲ့ လမ်းကို ဆက်လျောက်၊ ဆက်ဖောက်ကြမှာ ဖြစ်ပါတယ်။

အဖိုးအဖွားတွေ မရှိတော့တဲ့ တိုင်းပြည်။ ဒါပေမယ့် ဒို့ဘိုးဘွားအမွေစစ်မို့ ကျနော်တို့ ဆက်ချစ်ရမယ့် ကမ္ဘာမကြေတဲ့ မြန်မာပြည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts