>တိဘက်လတြ်ေူမာက်နယ်ေူမ၊ လုပ်ုကံသူမဵား ဂုဏ်ူပခြံရ


>

မိုးမခတောထဲက သတင်းအပိုင်းအစများ – တိဘက်လွတ်မြောက်နယ်မြေ၊ လုပ်ကြံသူများ ဂုဏ်ပြုခံရ
အဝေးကြည့်မှန်ပြောင်း

ဧပြီ ၃၊ ၂၀၀၈

တိဘက်လွတ်မြောက်နယ်မြေ

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကချင်လက်နက်ကိုင်အဖွဲ KIA က တရုပ်နိုင်ငံဘက်ကို လွဲပြောင်း ပေးပို့လိုက်သူနှစ်ဦးဟာ တိဘက်ဒေသအရေး လှုပ်ရှားသူတွေ မဟုတ်ဘူး လို့ ဆိုပါတယ်၊ KIA ခေါင်းဆောင်တစ်ယောက် ဖြစ်တဲ့ ဂေါင်ရီဇော်ဆိုင်းက ဘီဘီစီမြန်မာပိုင်းဌာနဲ့ အင်တာဗျူးမှာ သို့ကလို ငြင်းချက်ထုတ်သွားတာဖြစ်ပါတယ်။ လူ၂ယောက်ကို လွဲပြောင်းပေးလိုက်တာ မှန်တယ်၊ သို့ပေမဲ့ သူတို့၂ယောက်ဟာ “တရုပ်ဘက်က တခြားပြစ်မှုနဲ့တရားခံတွေဖြစ်တယ်” လို့ သူက ပြောပါတယ်။

မြေပုံကို ကြည့်လိုက်ရင် တိဘက်နဲ့ ကချင်ဒေသ၂ခုဟာ အနည်းအကျဉ်း ဆက်စပ်နေတာ တွေ့ရမှာပါ၊ ပြီးခဲ့တဲ့လက ဖြစ်ပွားခဲ့တဲ့ တိဘက်ဆန္ဒပြမှုတွေဟာ မြို့တော် လာဆာမှာ ဖြစ်ပွားခဲ့တာပါ။ မြို့တော်ဟာ ဘူတန်၊ အိန္ဒိယ၊ နီပေါနယ်စပ်တို့နဲ့ ပိုပြီး နီးပါတယ်၊ ပြည်ပကို တိမ်းရှောင်မယ် ဆိုရင် တိဘက်လွတ်မြောက်နယ်မြေတွေရှိတဲ့ အဲဒီ ၃နိုင်ငံကို ရွေးချယ်ကြဖွယ် ရှိပါတယ်၊ နာမည်ပျက်နေတဲ့ မြန်မာပြည်ဘက်ကိုတော့ ရွေးကြမယ် မထင်ပါ။

မှားယွင်းရွေးချယ်ခဲ့တယ် ဆိုရင်လည်း လိုင်ဇာကို ရောက်ဖို့အတွက် ရေခဲတောင်တွေအပြင် ပူတာအို၊ ဆွန်ပရာဘွန်၊ မြစ်ကြီးနား တို့ကို ဖြတ်ရမှာ ဖြစ်ပါတယ်၊ သို့တည်းမဟုတ် တိဘက်ကနေ ယူနန်ပြည်နယ်၊ အဲဒီကနေမှ ယူနန်-ကချင်နယ်စပ်ကို အရောက် လာလို့လည်း ရပါတယ်။ ဘယ်လမ်းကိုရွေးရွေး ခရီးဝေးလွန်းတဲ့အပြင်၊ စစ်ဆေးရေးဂိတ်တွေလည်း ရှိပါတယ်။

အဲဒီ၂ယောက်ဟာ တိဘက်အရေးလှုပ်ရှားသူတွေ ဖြစ်တယ် ဆိုရင်တော့ သူတို့ကို စာနာ အားပေးကြရမှာပါ။ သေနတ်ကိုင်ထားတဲ့ KIAကချင်စစ်သားတွေတောင်မှ ဖမ်းဆီးသတ်ဖြတ် ခံနေရတဲ့ ကချင်ပြည်နယ်မှာ တိဘက်လွတ်မြောက်နယ်မြေသစ် တည်ဆောက်ဖို့ ကြိုးစားကြည့်တာတော့လည်း ဟုတ်မယ် မထင်ပါ။

သူတို့၂ယောက်ဟာ တိဘက်တွေ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ အာအက်ဖ်အေ တိဘက်ဌာနကတော့ ဒီသတင်းကို ထုတ်လွှင့်မှာ အသေအချာပါ။ ဒါဆိုရင် တိဘက်ပြည်နယ်ထဲက တိမ်းရှောင်လိုသူတွေအနေနဲ့ ဝေးဝေးက ကချင်ပြည်ကို ဝေးဝေးရှောင်ပြီး တိဘက်အမာခံနယ်မြေတွေဖြစ်တဲ့ ဘူတန်၊ အိန္ဒိယ၊ နီပေါတို့ဘက်ကိုသာ ဆက်လက်ရွေးချယ်ဖို့ သေချာသွားပါပြီ။

လုပ်ကြံသူများ ဂုဏ်ပြုခံရ

နိုင်ငံတော်က ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူး ပဒိုမန်းရှာကို လုပ်ကြံသတ်ဖြတ်ခဲ့သူတွေကို ဆုကြေးငွေ ပေးအပ်တယ်လို့ ဆိုကြောင်း ဒီလထုတ် Irrawaddyမဂ္ဂဇင်း ထောက်လှမ်းရေးစာမျက်နှာမှာ ဖော်ပြထားပါတယ်။ ထောက်လှမ်းရေးအရာရှိ ဗိုလ်မှူးကြီးမြတ်ထွန်းဦးက သို့ကလို ပေးအပ်တာဖြစ်တယ်၊ လုပ်ကြံသတ်ဖြတ်ခဲ့စဉ်က နိုင်ငံတော်ရဲ့လက်အောက်ခံ ဒီကေဘီအေတပ်မတော် တပ်ရင်း ၉၉၉မှ ဆန်ပြုတ် ခေါ် စိုးမြင့်က ကားမောင်းတဲ့တာဝန် ယူခဲ့တယ်၊ နိုင်ငံတော်နဲ့ ပူးပေါင်းခဲ့တဲ့ KNUစစ်ရေးခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ထိန်မောင်ရဲ့ ရဲဘော်၂ယောက်က ပစ်ခတ်တဲ့တာဝန် ယူခဲ့တယ် ဆိုပြီး ကရင်သတင်းရပ်ကွက်ကို ကိုးကားရေးသားထားပါတယ်။

ဆန်ပြုတ် ခေါ် စိုးမြင့်ဟာလည်း ဗိုလ်ချုပ်ထိန်မောင်နဲ့ နီးစပ်သူတစ်ယောက်ဖြစ်ပြီး ဖားအံနဲ့ ရန်ကုန်အကြားမှာ နေထိုင်လျက်ရှိတယ်၊ လက်စားချေခံရမှာ စိုးရိမ်တဲ့အတွက် မြ၀တီမြို့နယ် ရွှေကုက္ကိုရွာမှာရှိတဲ့ မိသားစုကိုတောင် ဆက်သွယ်ခြင်းမပြုလို့ ဆိုပါတယ်။

(မှတ်ချက်-ဒီသတင်း ဘာသာပြန်နေတုန်းမှာ ဒီကေဘီအေ တပ်မတော်ခေါင်းဆောင်တစ်ယောက် လုပ်ကြံခံရတယ်ဆိုတဲ့သတင်း ထွက်လာပါတယ်။ ဗိုလ်နှုတ်ခမ်းမွှေး လို့ ဆိုပါတယ်။ မိုးမခမှာလည်း ဗိုလ်နှုတ်ခမ်းမွှေး ဆိုတဲ့ ဒီကေဘီအေအရာရှိတစ်ယောက်ရဲ့ဓာတ်ပုံရှိပါတယ်။ လုပ်ကြံခံရသူဟာ ဒီအရာရှိလား၊ နာမည်တူ တခြားအရာရှိလား ဆိုတာ စုံစမ်းလိုက်ပါဦးမယ်။)

ဗိုလ်မှူးနှုတ်ခမ်းမွှေး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts