ညီစောလွင်

Nyi Saw Lwin – Articles

ဟံသာဝတီ ဦးဝင်းတင် (သို့မဟုတ်) အရေးတော်ပုံ တပ်သား
ညီစောလွင်
ဇူလိုင် ၂၇၊ ၂၀၁၃


‘ကျနော် ဘာကို ဆိုလိုသလဲဆိုတာကိုတော့ ခင်ဗျား နားလည်လောက်ပါတယ်” လို့ ဦးဝင်းတင်က ပြောတယ်။ သူပြောတဲ့ အင်္ဂလိပ်စကားက တိုးတိုးညင်သာ..။ တချက်တချက်လည်း တိမ်ဝင် သွားတတ်တယ်။ အပြင်မှာ ရွာနေတဲ့ မိုးစက်တွေက အိမ်ခေါင်မိုးပေါ်ကို တဖျောက်ဖျောက်နဲ့ ကျနေတယ်။ နေမြင့်လာချိန်မှာတော့ မိုးက တဖြည်းဖြည်းတော့ အရှိန်လျှော့ကျ စပြုလာတယ်။ 
“ ကျနော်က အိုပြီဗျ၊ မှတ်ဥာဏ်တွေလည်း မကောင်းတော့ဘူး။ စကားလုံးတွေ၊ အလင်္ကာတွေ၊ အသုံးအနှုန်း၊ အတွဲအစပ်၊ အတွေးအခေါ်တွေ မေ့ကုန်တာတွေလည်း အများကြီးပဲ” လို့ ဦးဝင်းတင်က ပြောတယ်။ 
ဦးဝင်းတင်ဆိုတာက ရာသက်ပန် ဂျာနယ်လစ်ကြီး…။ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ သူရဲ့ ချွန်မြတဲ့ ကလောင်ဟာ နိုင်ငံရေးအရေးတော်ပုံမှာ လက်နက်ဖြစ်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်ဒီ) ကို ထူထောင်တယ်။ မြန်မာပြည်မှာ နိုင်ငံရေး ၀ရုန်းသုန်းကား ကာလကြီးပေါ့။
ဦးဝင်းတင်ဟာ အသက်ငယ်ငယ်အရွယ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဆုံခဲ့ဖူးတယ်၊ အဲဒီတုန်းကတော့ ဗိုလ်ချုပ်အောင်ဆန်းက မြန်မာ့လွတ်လပ်ရေးတိုက်ပွဲမှာ ဦးဆောင်နေတဲ့အချိန်၊ ၁၉၄၇ ကျတော့ လုပ်ကြံခံလိုက်ရတယ်။ ဗိုလ်ချုပ်အောင် ဆန်းနဲ့ တဒင်္ဂလေး တွေ့လိုက်တဲ့ အဲဒီအဖြစ်အပျက်ကလေးက ဟံသာဝတီ ဦးဝင်းတင်ရယ်လို့ စာရေးဆရာဘ၀ကို ပို့ဆောင်ပေးလိုက်တယ်လို့ ဆိုရမှာပါ။ နောက်ထပ် ရာစုနှစ်ဝက်လောက် အကြာမှာတော့ ဦးဝင်းတင်ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးနဲ့ ရေစက်ဆုံရပြန်တယ်။ ဒီတကြိမ်ကတော့ မြန်မာပြည်မှာ ၁၉၈၈ လူထုဆန္ဒပြပွဲတွေ ကြားထဲမှာ…။ စာရေးဆရာ ဦးဝင်းတင်ကလည်း အရေးတော်ပုံ တပ်သားဖြစ်နေပြီ။ 
ဒီလိုနဲ့ လုပ်လက်စအလုပ်တွေ မပြီးခင်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ရော၊ ဦးဝင်းတင်ပါ စစ်အစိုးရရဲ့ နိုင်ငံရေး အကျဉ်းသားတွေ ဖြစ်သွားပြန်တယ်။ အဲဒီအချိန်တုန်းက ဦးဝင်းတင်က အသက် ၆၀၊ ဒေါ်အောင်ဆန်းစုကြည်က ၄၄ နှစ်။
နေအိမ်အကျယ်ချုပ်ဘ၀မှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုဘယ်ငြိမ်းချမ်းရေးဆုကို ရရှိခဲ့တယ်။ နောက် မကြာခင်မှာပဲ မြန်မာပြည် ဒီမိုကရေစီလှုပ်ရှားမှုရဲ့ သင်္ကေတဖြစ်လာတယ်။ ဒေါ်အောင်ဆန်းစုကြည်လို ထင်ရှားတဲ့ မိသားစု နောက်ခံလည်း မရှိ၊ အောက်စဖို့သ် ကျောင်းထွက်လည်း မဟုတ်တဲ့ ဦးဝင်းတင်ကတော့ ထောင်ထဲမှာ နှစ်ပေါင်း ၂၀ ကြာအောင် နေခဲ့ရတယ်။ စစ်ခွေးတိုက် ရောက်လိုက်၊ ထောင်ပိတ်ခံလိုက်ရနဲ့ပဲ နှစ်ပါးသွားခဲ့ရတယ်။ ၂၀၀၈ ခုနှစ်မှာ ပြန်လွှတ်လာပေမယ့် ဦးဝင်းတင်ကတော့ ထောင်ဝတ်စုံအပြာရောင်အ၀တ်အစားကိုပဲ ဆက်ဝတ်တယ်။ တနိုင်ငံလုံး ထောင်ချခံထားရတဲ့ သင်္ကေတလို့ ပြောပြပါတယ်။
တချိန်က အင်္ဂလိပ်ကိုလိုနီ၊ နောက်တော့ ဂျပန်ကျူးကျော်မှု၊ နောက်တော့ လွတ်လပ်ရေး၊ နောက် စစ်အစိုးရ ခေတ်အဆက်ဆက်ကို ဖြတ်သန်းခဲ့တဲ့ မြန်မာပြည်ဟာ အခုတော့ အရပ်သားတပိုင်း အစိုးရလက်အောက်က ရောက်နေတယ်လို့ အသက် ၈၃ နှစ်အရွယ် ဦးဝင်းတင်က မြင်တယ်။ ထောင်က လွှတ်ပြီးကတည်းက နှလုံးရောဂါနဲ့ ထောင်ထဲမှာ ရက်ရက်စက်စက်နှိပ်စက်ခံထားရတဲ့ ဒဏ်တွေကြောင့် ဆေးရုံတက်နေရတာလည်း အကြိမ်ကြိမ်ပါပဲ။ ဇွန်လထဲမှာ အင်တာဗျူးလုပ်ဖို့ သူ့အိမ်မှာတွေ့ကြတယ်။ သိပ်မကြာခင်ရက်တွေမှာပဲ ဆေးရုံကို နောက်တခေါက် တက်လိုက်ရပြန်တယ်။ 
ဦးဝင်းတင်ရဲ့ အိမ်ဆိုတာကလည်း သေးသေးလေးပါ။ ရန်ကုန်မြို့မှာ ရှိတဲ့ သူ့မိတ်ဆွေတယောက် ခြံထဲမှာ ခဏငှားထားတဲ့ နေစရာလေးတခုပါပဲ၊ ထောင်က လွတ်လာတဲ့အချိန်မှာ ဦးဝင်းတင်ဆီမှာ ငွေလည်းမရှိ၊ ပိုင်ဆိုင်မှုဆိုလို ဘာတခုမှ မရှိပါဘူး။ အိမ်က အစိမ်းရောင် နံရံပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံတူပန်းချီကားတချပ်ကို ချိတ်ဆွဲထားတယ်။ နယ်ခြားမဲ့ သတင်းသမားများအဖွဲ့ဆီက ပို့ထားတဲ့ ဘောင်သွင်းထားတဲ့ ပိုစတာတချပ်ကိုလည်း နံရံမှာ ချိတ်ဆွဲထားတာ တွေ့ရတယ်။ ဦးဝင်းတင်ရဲ့ အသက် ၇၅ နှစ်ပြည့်မွေးနေ့နဲ့ ထောင်သက် ၁၆ နှစ်ပြည့်တဲ့ အထိမ်းအမှတ် ပိုစတာပါ။ 
အခု ဖော်ပြမယ့် အင်တာဗျူးမှာတော့ ကျစ်လစ် ရှင်းလင်းစေရန် အလို့ငှာ တည်းဖြတ်ထားတယ်ဆိုပေမယ့် ဦးဝင်းတင်ရဲ့ ကိုယ်တိုင်ပြောပြတဲ့ သူ့ဘ၀တစိတ်တဒေသ၊ သူ့တိုင်းပြည်ရဲ့ နောက်ခံ၊ တိုင်းပြည် ကံကြမ္မာနဲ့ သူ့ကံကြမ္မာတို့ကြားထဲက ဆက်ထုံးကို တွေ့ရပါလိမ့်မယ်။ 

(ဆက်ပါမယ်)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts