>မောင်ရစ် – စစ် အစိုးရ ဟာ အစိုးရ မစစ်ဘူး


>

စစ်အစိုးရ ဟာ အစိုးရ မစစ်ဘူး
မောင်ရစ်

မတ် ၂၆၊ ၂၀၀၇

မောင်စွမ်းရည် ကဗျာထဲက စာကို ပြန်သုံးပြတာပါ။ စစ်အစိုးရဟာ အစိုးရ မစစ်ဘူး ပါတဲ့။ ဒီတော့ စစ်အစိုးရဟာ တရားဝင်အစိုးရ မဟုတ်ဘူးဆိုတဲ့သဘော။ ပြည်သူက ဆန္ဒမဲတွေနဲ့ ကြည်ကြည်ဖြူဖြူ ရွေးချယ်တင်မြှောက်ထားတဲ့ တရားဝင် အစိုးရ မဟုတ်ဘူး ဆိုတာပါပဲ။

လက်နက်နဲ့အုပ်ချုပ်နေတဲ့၊ တရားမ၀င် အုပ်ချုပ်နေတဲ့ တပ်မတော်အောက်က ပြည်သူတွေမှာ ဘာတွေကို ရဲရဲဝံ၀ံ တရားနည်းလမ်းကျကျ ရွေးချယ်ခွင့်၊ ပြောဆိုခွင့်တွေ ဆန္ဒထုတ်ဖော်ခွင့်တွေ ရှိမှာလဲ။ စစ်အစိုးရဖက်က လက်နက်မိုးတွေ၊ ရွှေမိုး ငွေမိုး အာဏာမိုးတွေအောက်မှာ သူုတို့အကြိုက်လိုက်ပြီး တောပြော တောင်ပြောနေကြတဲ့ အစုအဖွဲ့တွေ လူတွေဆိုတာကလည်း အမှန်တရားနဲ့ ဘယ်လိုများ နီးစပ်ပါ့မလဲ။

ခက်တာက “စစ်အစိုးရဟာ အစိုးရ မစစ်ဘူး” ဆိုတဲ့ အချက်ကို ကျော်ကျော်ပြီး ပြည်တွင်းကော ပြည်ပကောက အဖွဲ့တွေ၊ အစိုးရတွေ၊ ပြည်သူတွေက ဆွေးနွေးနေကြရတော့ ဘယ်ကိုမှ ခရီးက မတွင်နိုင်တော့ပါဘူးလို့ ထင်တာပါပဲလေ။

မြေခွေးကြီးက အဖွားကြီးလို ၀တ်ပြီး ထိုင်နေတဲ့ ပုံပြင်လိုပေါ့။ ဖွားဖွားကြီးက မြေခွေးကြီးလို့ ပြောလိုက်တာနဲ့ တခါတည်း ဦးထုပ်နီနဲ့ ကလေးမလေးကို သူက ခုန်အုပ်ပြီး စားတော့မှာဆိုတော့၊ အဲဒါကို မပြောဘဲ တခြားဟာတွေ ပြောရင်းနဲ့ အချိန်ဆွဲလာတာ ကိုယ့်ဖက်က အင်အားတွေ ဆုတ်ယုတ်လာတာပဲရှိတယ်။ ဟိုကတော့ စောင်ကြီး ခေါင်းမြီးခြုံလို့ စကားထာတွေ ၀ှက်ကောင်းနေလိုက်တာ။ ဘေးမှာလည်း ဆေးပေးမီးယူတဲ့ အိမ်နီးချင်းတွေ၊ ကျွန်ခံ စားနေတဲ့ နောက်လိုက်နောက်ပါတွေနဲ့ ပွဲတော်ကြီးလို ဖြစ်လို့။

ဦးနု က နှစ်ပေါင်း ၂၆ နှစ် ကြာညောင်းလေသောအခါကြမှ – “ တချိန်က ဗိုလ်နေ၀င်း လုသွားတဲ့ အာဏာကို အခု ပြန်ယူလိုက်ပါပြီ။ ကျနော်တို့သာလျင် တရားဝင် အစိုးရအစစ်ပါ” လို့ ဆိုတဲ့အချိန်ဟာ မျိုးဆက်တွေ ခြား၊ ခေတ်တွေက ခြားတော့ ကိုယ့်ဖက်က လူတွေတောင်မှ နဝေတိမ်တောင်တွေ ဖြစ်လို့၊ ဟာ … သူက ဘာဆိုင်လို့ ငါတို့ ၈၈ အရေးတော်ပုံကြီးကို ခေါင်းစဉ်လာပြောင်းနေတာလဲ ဆိုပြီး ကဗျာဆရာ စောဝေသာ အဲဒီတုန်းက စာရေးခဲ့ရင် “အာဏာရူးကြီး ၀န်ကြီးချုပ်မှူးကြီး ဘဘနု” လို့ စာစပ်ဖြစ်ခဲ့အုံးမယ် ထင်တယ်။

အေးလေ ပြီးတာတွေလည်း ပြီးပါပြီ။ အချိန်က အကောင်းဆုံးသမားတော်ဆိုတော့ ကျနော်တို့ဖက်က လူတွေလည်း ထောင်တွေမှာ၊ ရှေ့တန်းစစ်မျက်နှာတွေမှာ ပြည်ပ မထင်မရှားနေရာ ဒေသတွေမှာ သေတဲ့လူသေ၊ ဆုရတဲ့လူ ရ၊ ဘ၀ ပြောင်းတဲ့လူ ပြောင်း။ ဘ၀ ပျက်တဲ့လူ ပျက်၊ ကျဆုံးတဲ့သူ ဆုံးနဲ့ အလဲလဲ အကွဲကွဲပဲပေါ့။ အချိန်က ကုလိုက်တာ တကတည်း ငါတို့မှာ ခံ ဖက်ကချည်းပါပဲလား လို့ ပြောရမလို ဖြစ်နေပြီ။

တော်ကြာ အဲန်အယ်ဒီက နောက် နှစ်ပေါင်း ၆၀ လောက်ကြာတော့မှ ဟိုအရင် တရားမျှတ လွတ်လပ်တဲ့ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးမှာ အနိုင်ရခဲ့တဲ့ ပြည်သူ့ကိုယ်စားလှယ် အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ တရားဝင်လွှတ်တော်ကြီးပါ ခင်ဗျား၊ အားလုံး ကျုပ်တို့ စကား နားထောင်ကြပါလို့ ပြောတဲ့အချိန်ရောက်လာရင် (မပြောကောင်း ပြောကောင်း) မောင်ရစ်က အသက် ၁၀၀ ကျော် ဘိုးဘိုးကြီး ဖြစ်လို့ ၊ အဲ အဲန်အယ်ဒီ ဗဟိုက လူကြီးတွေက အသက် ၂၀၀၀ ဆရာကြီးကွေးလို အတွင်းအားသိပ်ကောင်းတဲ့ သိုင်းဖိုးဖိုးကြီးတွေ ဖြစ်လို့ နေမှာပေါ့နော်။ ကျန်တဲ့လူတွေကတော့ မရှိတော့ဘူး … ကျန်းမာရေးကို ကောင်းအောင်မှာ မထိမ်းသိမ်းဘဲကိုး ဟဲ ဟဲ …

စစ်အစိုးရ ဟာ အစိုးရ မစစ်ဘူး။ ဒါက ကိစ္စပဲ။ အဲဒါကြောင့် ၁၉၉၀တုန်းက ရွေးကောက်ပွဲ လုပ်ပေးတာ။ စစ်အစိုးရဟာ နောက် အနှစ် ၁၈ နှစ် ကြာလေသောအခါမှာလည်း အစိုးရ မစစ်သေးဘူး။ ဒါကြောင့် အခု မေလမှာ ဆန္ဒခံယူပွဲ လုပ်ပြန်တာ။ စစ်အစိုးရ ဟာ အစိုးရ မစစ်ဘူး။ ဒါကြောင့် ခုထိ နှစ်ပေါင်း ၂၀ ကျော် ကျောင်းသားတွေ၊ မိဘပြည်သူတွေ၊ ရဟန်းသံဃာဘုန်းတော်ကြီးတွေကို သတ်ဖြတ်ပြီး နှုတ်ပိတ်ဖို့ တောက်လျောက် လုပ်နေတာ။ စစ်အစိုးရ ဟာ အစိုးရ မစစ်ဘူး။

ခုထိ ကျနော်တို့က အဲဒါကို ကျော်ကျော် ပြောနေရတယ်။ ခါးမှာ ဗြောက်ကြီး ချိတ်ထားတာကိုး။ မွေးနေ့ပွဲမှာ နှုတ်ခမ်းပဲ့နေတဲ့ ကလေးလေးကို ချီပြီးတော့ – “ ဟယ် … ကလေးလေး၊ ဟာ တကယ်ပဲဗျာ၊ အို ခင်ဗျားတို့ ကလေးလေးဗျ။ ဟီ ဟီ ဟီ ဟီ …” ဆိုပြီး ဘာမှ တိတိကျကျ မပြောဘဲ ဝေ့၀ိုက်ပြောဆို မြှောက်ပင့်ပြီး မွေးနေ့ပွဲလာစားတဲ့ လူလည်တဦး ပုံပြင်လို ကျနော်တို့မှာ ဖြစ်နေပါတယ်။

ကျနော်တို့ကတော့ “စစ်အစိုးရ ဟာ အစိုးရ မစစ်ဘူး ” ဆိုတဲ့ အခြေခံပေါ်မှာ နေလိုက်ချင်တာပါပဲ။ ပြည်တွင်းကနေ အဲလို ထိုင်ပြောရဲတဲ့ သတ္တိမရှိလို့ ခပ်လှမ်းလှမ်းကနေ ပြောနေတာ ဖြစ်ပါတယ်။ ပြည်တွင်းက အဲဒီ အခြေခံဥပဒေ အဲလေ ယောင်လို့ အဲဒီ အခြေခံမူနဲ့ ဆက်လက် တိုက်ပွဲဝင်နေကြတဲ့ သူတွေကို ကျနော်တို့ လေးစားစွာဖြင့် ထောက်ခံနေမှာ ဖြစ်ပါတယ်။ အဲဒီ အခြေခံ မူကို ဆက်လက် ကာကွယ်နေတဲ့ အတိုက်အခံပါတီများ၊ အတိုက်အခံ ခေါင်းဆောင်များကိုလည်း ဦးညွတ် အရိုအသေပြုအပ်ပါတယ်။

မင်းတို့က အဲသည်တော့ ဘာလုပ်မှာလဲလို့တော့ မမေးပါနဲ့ဗျာ။ ပြည်သူ အမျုားစုဟာ မတတ်သာလို့သာ သည်းခံနေရတာပါ။ သူတို့တွေဘက်ကလည်း ဒီအခြေခံမူနဲ့ပဲ တိုင်းပြည်ထဲမှာ ကြံ့ကြံ့ခံပေးနေတာပါပဲ။ သူတို့တွေ ရှိနေလို့ သူတို့တွေကိုယ်စား ပြောဆိုရပ်တည်ပေးနေတဲ့ ကျနော်တို့လို မိုးမခဆိုတဲ့ နိုင်ငံတကာ အဆင့်မီ၊ ဂြိုလ်တုတွေ ဂြိုလ်ပဲ့တွေ၊ တီဗီတွေ၊ ရေဒီယိုတွေ၊ အင်တာနက်တွေ၊ အလှူခံအဖွဲ့အစည်းတွေရဲ့ ဒေါ်လာ ကုဋေနဲ့ ချီတဲ့ ထောက်ပန့်မှုတွေ အလျှံပယ်နဲ့ ကြွယ်ဝချမ်းသာလှတဲ့ မီဒီယာ လုပ်ငန်းကြီးတွေ၊ ကူညီမှု ရန်ပုံငွေ လုပ်ငန်းကြီးတွေ၊ အတိုက်အခံ ကင်ပိန်းတို့ ကင်ပုန်းတို့ဆိုတဲ့ လုပ်ငန်းကြီးတွေကို ထူထောင်ပြီး တော်လှန်ရေး လုပ်နေနိုင်တာ ဖြစ်ပါတယ်။ (ဟဲ ဟဲ … မိုးမခဆိုတာ အိပ်စိုက် လူမိုက် လုပ်ငန်းဆိုတာ အချင်းချင်းတွေက သိပြီးဖြစ်လို့ နှခေါင်းရှုံပြီး ဖတ်နေမှာ သိပါတယ်)

စစ်အစိုးရ ဟာ အစိုးရ မစစ်ပါဘူးခင်ဗျား။ “ဟင် … ခင်ဗျားက နှုတ်ခမ်းပဲ့ကြီးနဲ့ ” လို့ ဗြောင်ပြောမိတဲ့ မိုးမခ သာလာယံဇရပ်ကတော့ ပြည်တွင်းမှာကော ပြည်ပမှာပင် လူချစ်လူခင်များလွန်းလို့ ရွာပြင်မှာ ထွက်နေရသော်လည်း၊ အမှန်အတိုင်းကိုတော့ ခပ်လှမ်းလှမ်းကနေ အော်ပေးနေရအုံးမှာပါပဲ။ စစ်အစိုးရ ဟာ အစိုးရ မစစ်ပါဘူး ခင်ဗျား။

ခုဆိုရင် ရွှေဝါရောင် တော်လှန်ရေးကြီး နှစ် တ၀က် ကျိုးနေပါပြီ။ ပြည်တွင်းက အတိုက်အခံတွေ၊ ဒူးမထောက်၊ လက်မမြှောက်တဲ့ ပြည်သူလူထု၊ ကျောင်းသားလူုငယ်၊ ရဟန်း သံဃာ မယ်သီလရှင်တွေ၊ မိဘဆရာတွေကို ကျနော်တို့တတွေက ဆက်လက်အားပေး လက်တွဲ သွားရမှာဖြစ်ပါတယ်။ သူတို့တွေကို တရားဝင် အားလုံးရှေ့မှာ လက်ဆွဲနှုတ်ဆက်ကြဖို့ ရပ်တည်ပေးကြဖို့ ကျနော်တို့ မိုးမခကလည်း အားမွေးနေရမှာ ဖြစ်ပါတယ်။

အနည်းဆုံးတော့ဗျာ။ ခုလို မြန်မာနှစ်သစ်ကူး အခါသာမယမှာ ပြည်ပက မြန်မာတွေက မြန်မာရိုးရာအတာသင်္ကြန်နှစ်ကူးကို ပွဲတွေ၊ လမ်းတွေ၊ အက အခုန် နည်းမျိုးစုံနဲ့ ကြိုဆိုဖို့ ကတောင်းတွေ ကျိုက်၊ ထမီတွေ စွန်တောင်ဆွဲလို့ ပြင်ဆင်နေကြပါပြီ။ အေးဗျာ ခင်ဗျားတို့ကို နှစ်သစ်ကူး ရိုးရာအတာကို အမွေပေးလိုက်တဲ့ မြန်မာပြည်ကြီး၊ မြန်မာပြည်သားတွေ၊ ရဟန်းသံဃာတွေ ခင်ဗျာ စစ်ဖိနပ်အောက်မှာ သေနတ်ပြောင်းအောက်က မြန်မာသင်္ကြန်ကို ဆင်နွှဲနေရမှာ ဖြစ်ပါတယ်။

စစ်အစိုးရဟာ အစိုးရ မစစ်ဘူးလို့ ပြည်ပက မြန်မာပြည်သား မိဘ ပြည်သူ ညီအကိုမောင်နှမများက တရားဝင် မအော်ပေးနိုင်ကြရင်လည်း ကိစ္စမရှိပါဘူးခင်ဗျာ။ မြန်မာပြည် ရိုးရာ အတာသင်္ကြန်ကို ပြည်တွင်းက မြန်မာပြည်သူတွေ လွတ်လပ်ပျော်ရွှင်စွာ မဆင်နွဲနိုင်တာ နှစ်ပေါင်းများစွာ ကြာပြီ ဖြစ်ပါ၍ ဒီတခါ ရေတခွက်ပက်ရင် ဒီတခါ ကုသိုလ်ရေစက် ချကြရင်ဖြင့် ပြည်တွင်းက ပြည်သူတွေ မျက်နှာ၊ သံဃာတွေ မျက်နှာကို မြင်ယောင်လို့ “ဟေ လာ မောင်တို့ … ၀ါး …” လိုက်ကြစေချင်တာပါပဲ။

စစ်အစိုးရ ဟာ အစိုးရ မစစ်ပါဘူးခင်ဗျာ။ နောက် နှစ်ပေါင်းများစွာ ဆက်သွားရင်လည်း စစ်အစိုးရ ဟာ အစိုးရ မစစ်သေးပါဘူး။ အဲဒီက တိုင်းပြည်ကြီးပဲ “အတု” ဖြစ်သွားတာ အဖတ်တင် ပါလိမ့်မယ်။

သာဓု သာဓု သာဓု


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts