>စစ်သားပဲ ကျန်တော့တယ်

>

စစ်သားပဲ ကျန်တော့တယ်
ခွန်ပန်းစိန်

မတ် ၂၆၊ ၂၀၀၈

မေ ၂ဝဝ၈ မှာလုပ်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲအတွက် ပြည်ပက နိုင်ငံရေးအဖွဲ့အစည်းတွေ မီဒီယာတွေ ကျောင်းသားတွေ စသဖြင့်ပေါ့လေ ကိုယ်သန်ရာသန်ရာ ပြောဆို ငြင်းခုန်ဆွေးနွေးနေကြတာတွေကို အင်တာနက်ပေါ်မှာရော လေလှိုင်းပေါ်မှာပါ ကြားနေရပါတယ်။ နားထဲ အူတောင်နေတယ်။ ရုပ်ရှင်မင်းသားကြီးမြတ်လေးရဲ့ ငို၍ရယ်၍မရသောမျက်နှာ ဇာတ်ကားထဲက လေမျိုးကို တုပြီးပြောပြောနေတဲ့ ကိုတင်မောင်သန်းရဲ့ ကြားမိတွေးသိသမျှကို ဒီဗွီဘီမှာ ကြားကြားနေရတယ်။ ဆရာမြတ်လေးကို သွားသတိတော့ ရသားပါ။ ဒါပေမယ့် စိတ်ညစ်ညစ်နဲ့ပဲပြောပါရစေတော့ ကိုတင်မောင်သန်းရေ ပြောပြောနေတာတွေက နအဖကို မိချောင်းမင်း ရေခင်းပြသလို ဖြစ်နေတာကြာခဲ့ပါပြီ။ နအဖက ကိုတင်မောင်သန်းရဲ့ စာအုပ်ထဲက အတွေးတွေ ပညာရှင်အသိတွေကို ယောင်လို့တောင် တွေးမိမယ်မထင်ပါဖူး။ သူတို့နားလည်တာက တခုတည်းပဲ။ ပြောချင်တာပြော။ သူတို့က ဘယ်တော့မှ ဆင်းပေးမယ့်လူတွေမဟုတ်ဘူး။ သေတဲ့အထိဆင်းမပေးဘူး။ သူတို့ရောက်ရာ အရပ်မှာ ဗိုလ်ချုပ်တွေက လူတွေကို ဗြောင်ပြောခဲ့တာပဲ။

ကိုယ်တို့မြို့လေးမှာ သူငယ်ချင်းတယောက်ရှိတယ်။ သူက ဒီဘက်က ဇာတိ၊ စိနတယောက် ဆိုပါတော့။ ငယ်ငယ်က မန္တလေးစိန့်ပီတာကျောင်းမှာ နေဖူးတယ်။ အံမယ် သွားမလုပ်နဲ့၊ သွားမလုပ်နဲ့၊ ဒီမြို့လေးက လူတွေက ကြည့်တော့သာ တောသားတွေ၊ မန္တလေး စိန့်ပီတာထွက်တွေ အများသား။ အခုခေတ်တော့ ယူကေ၊ စင်္ကာပူ၊ အမေရိကန်၊ သြစတေးလျထိ ကျောင်းသွားထားကြတာကလား။ ဒီ သူငယ်ချင်း စိန့်ပီတာ ကျောင်းသားဟောင်းက စိန့်ပီတာမှာတုန်းက သူနဲ့ အတွဲများတဲ့ သူငယ်ချင်းက မန္တလေးတိုင်းမှူး စိန်လွင်ရဲ့သား ရဲလွင်ဦးပေါ့။ ကိုယ်နဲ့က ရဲလွင်ဦးနဲ့ မကြည်ကြဘူး။ ချိန်းထိုးဖို့တောင် လုပ်ခဲ့ဖူးသေးတယ်။ ကျောင်းဆင်းချိန် သူတို့အိမ်က စစ်ဂျစ်ကား ရောက်လာလို့ မထိုးဖြစ်ခဲ့ဘူး။ ဆိုပါတော့ သူနဲ့ ရဲလွင်ဦးက အခုချိန်ထိ အဆက်အသွယ် မပြတ်ခဲ့ဘူး။ ရဲလွင်ဦးရဲ့ အကူအညီနဲ့ ဒီဘက်မှာ အလုပ်လည်း ဖြစ်ခဲ့ပုံပဲ။

ပြောချင်တာက သူ့အပြောလေးတွေပါ။ သူက စိန်လွင်ကို မန္တလေးမှာ တိုင်းမှူး လုပ်စဉ်ကတည်းက သူ့အဖေလို သဘောထားခဲ့တာ။ နောက်ဆုံး နိုင်ငံတော်သမတ တပတ်တက်ဖြစ်ပြီး သေတဲ့အထိ အနီးကပ် နေခဲ့သူပေါ့။ သူ့အပြောတော့ သူက စိန်လွင်ရဲ့ ဇာတိ မုဒုံထိ လိုက်နေခဲ့ဖူးတယ် ပြောတာပဲ။ စိန်လွင်သေခါနီးမှာ မုဒုံမယ် သင်္ကန်းဆီးတယ်။ ရဟန်းဘဝနဲ့ သူလုပ်ခဲ့သမျှ အပြစ်တွေ ပြေပျောက်ဖို့ နေသွားခဲ့တယ်။ သူက ကိုယ်ရံတော်တွေတောင် မစောင့်ခိုင်းဘဲ နေတယ်ပြောတယ်။ အစာအိမ်ရောဂါနဲ့ မသေခင်မှာ သံဝေဂတွေ တော်တော်ရသွားတယ် ပြောတယ်။ နောက်ဆုံး စင်္ကာပူသွားဆေးကုတော့ နိုင်ငံတော်ကပဲ အကုန်အကျခံ ပို့ပေးတယ်။ သေတာပဲ။

သူပြောပြတာက ဗိုလ်နေဝင်းက စိန်လွင်ကို လူယုံ၊ ငယ်ကျွန်လို သဘောထားတယ်။ နွားသတ်သမားဘွဲ့ရ မုဒုံသား၊ တောသား၊ ပညာမတတ်တဲ့ လူတယောက်ကို လက်သပ်မွေးခဲ့တယ်။ ၁၉၆၂ ဇူလိုင်၇ အရေးမှာ ကျောင်းသားတွေကို သတ်ခိုင်းခဲ့တယ်။ ကျောင်းသားသမဂ္ဂအဆောက်အဦးကို ဗုံးနဲ့ခွဲခိုင်းခဲ့တယ်။ ဒါတွေကို စိန်လွင်က သွေးအေးအေးနဲ့ လုပ်ပြခဲ့တယ်။ ဒါကို ဗိုလ်နေဝင်းက သိပ်သဘောကျတယ်။ ၈၈အရေးခင်းဖြစ်တော့ ဗိုလ်နေဝင်းတို့ အစည်းဝေးလုပ်ကြတော့ ဗေဒင်ဆရာက လူငါးထောင်လောက်သတ်ရလိမ့်မယ် သွေးချောင်းစီးမယ်။ ဒါမှ အာဏာတည်မြဲမယ်လို့ ဟောတယ်။ ကျောင်းသားသွေးနဲ့ ယဇ်ပူဇော်ရမယ်။ ဟောတယ်။ ဒီတော့ စိန်လွင်က ငါးထောင်မဟုတ်ဖူး။ ငါးသိန်း သတ်ပေးမယ်လို့ အားပါးတရ ပြောသတဲ့။

စိန်လွင်ပြောတာကို သူကပြန်ပြောပြတာပါ။ တကယ်လည်း ၈၈မှာ သူသတ်ခဲ့ပါတယ်။ ဒီထဲမှာ ဗီလိန်ဇာတ်ရုပ်ကတော့ ကြာကူလီဝင်းမြင့်ညီတော်တယ်လို့ အရေးခင်းတုန်းက နာမည်ထွက်ခဲ့တဲ့ ဗိုလ်ခင်ညွန့်ခေါ် မမညွန့်က ဇာတ်ညွန်းရေးပေးတယ်။ ပြောချင်တာက သူ့အပြော။ အဖိုးကြီးက လူဖြောင့်ကြီးကွ။ လူပြတ်ကြီး။ ဦးနေဝင်းကလုပ်ဆို ထလုပ်တာပဲ။ သူ့မလည်း စစ်သားဆိုတော့ အမိန့်နာခံရတာပေါ့ကွာ။ မြန်မာစကားပုံရှိတယ် မဟုတ်လား၊ သူ့ဆန်စားလို့ ရဲရတယ် ဆိုတာလေ။ ဒါကြောင့် ကျနော်တော့ သိပ်လေးစားတယ် လို့ သူငယ်ချင်းစိနက ပြောပါတယ်။ ကိုယ်ပြောချင်တာက ဗိုလ်နေဝင်းအပေါ် သစ္စာရှိကြတဲ့ လူတွေပါ။ ဒါ သူ့လူယုံတော် နွားသတ်သမား စိန်လွင်။

နောက် ဒီမြို့ကလေးမှာပဲ နောက်တစ်ယောက် ရှိသေးတယ်။ သူက ဆရာဝန်တယောက်ပဲ။ ပန်းချီလည်း ရေးတယ်။ ရန်ကုန်မှာ ဆရာတင်မိုး၊ ဆရာမောင်စွမ်းရည်တို့နဲ့ သိတယ်လို့ အမြဲပြောတယ်။ သူက ကိုယ်တို့ကို ၈၈ အရေးခင်းတုန်းက ဆန္ဒပြဖူးလား၊ ပါဖူးလား အမြဲမေးတတ်တယ်။ စကား ကားကားကြွားကြွား လူစားမျိုးပေါ့။ အမေရိကန်ကို ထွက်ဖို့ ကြံနေတာ ဆယ်နှစ်ကျော်ပြီ၊ မထွက်ရသေးဘူး။ ကြားတာကတော့ သူ့ယောက်ခမတွေက အမေရိကန်မှာ အားလုံး ကုလားတွေဖြစ်နေလို့ ဒီက အယ်လ်ကေဒါးတွေနဲ့ အဆက်အသွယ်ရှိကြောင်း သတင်းသန့်သန့် ကြားတာကြောင့်လို့ ပြောတာပဲ။ ထားပါတော့၊ ပြောချင်တာက သူကလည်း ဆေးတက္ကသိုလ် ၁ မှာ စန္ဒာဝင်းနဲ့ အတူထိုင်လာတာ ပြောတာပဲ။ စန္ဒာဝင်း ပါတီပေးတိုင်း သူတက်ရတယ်။ အရမ်း ရင်းနှီးတယ် ပြောတယ်။ ကိုယ်တို့က အရေးအခင်းတုန်းက အကြောင်းတွေ ဦးနေဝင်း အကြောင်းတွေ ဖတ်ရတာတွေ ပြန်ပြောကြတော့ သူက ဝုန်းဆိုထပြီး အလန့်တကြားနဲ့ ဟာ ခင်ဗျား လျှောက်ပြောမနေနဲ့နော၊ ကံကြီး ထိုက်လိမ့်မယ်။ ငရဲကြီးလိမ့်မယ်။ ဦးနေဝင်းက သိပ်ဖြူစင်တာ။ သူတော်စင် ဗျ။ ခင်ဗျားတို့ ဘာသိလို့လဲ။ ကျွန်တော်က စန္ဒာဝင်းနဲ့ အတူနေလာတာဗျလို့ ပြောတယ်။ ကျနော်က ဦးနေဝင်းကို သူတော်စင်လို ကိုးကွယ်လာတာ တဲ့။ ပြောချင်တာက ဦးနေဝင်းမရှိတော့ဘူး၊ သေပြီ။ ဒီဆရာဝန်က အခုထိ ဦးနေဝင်းကိုထိရင် ထချဲနေတုန်း။

နောက်တယောက်ကတော့ ကိုယ်တို့တွေ စက်တင်ဘာ သံဃာအရေးအခင်းမှာ ပေါ်လာတာပဲ။ သူ ကိုယ်တို့မြို့ရောက်နေတာတော့ ၇ နှစ်လောက်ရှိပါပြီ။ အခုမှ ဆုံဖူးကြတာ။ တနေ့သား လက်ဘက်ရည်ဆိုင် ထိုင်ကြတယ်။ သူက ဓမ္မစရိယ လူပြန်တော်။ မြန်မာနိုင်ငံ သာသနာရေးဝန်ကြီးဌာနမှာ နှစ်ပေါင်း ၃ဝ အလုပ်လုပ်လာခဲ့တယ် ပြောတယ်။ ကိုယ်တို့မြို့လေးဆီ အရှင်ဆေကိန္ဒ လာတရားဟောတော့ သူက တရားအမေးအဖြေ လုပ်တဲ့လူ။ ဒီလိုပါပဲ၊ လက်ဘက်ရည်ဆိုင်မှာ ရောက်တတ်ရာရာ ပြောရင်းက တိဘက်မှာ ရဟန်းတွေ ဆန္ဒပြတဲ့ အကြောင်း၊ နောက် ပီနန်ဆရာတော်ဘုရားကြီး မိန့်တာတွေ ပြောနေကြတုန်း ကိုယ်က ဖြတ်ပြီး ပီနန်ဆရာတော်ဘုရားကြီးက မိန့်တယ်၊ သြစတေးလျသွားတော့ ဝန်ကြီးချုပ်နဲ့၊ အစိုးရအဖွဲ့လူကြီးတွေနဲ့ တွေ့တယ်။ မြန်မာ့ အရေး ဆွေးနွေးကြတော့ ဝန်ကြီးချုပ်က ဆရာတော်ကြီးကို မေးတယ်၊ မေတ္တာသုတ်ရွတ်တဲ့ ရဟန်းသံဃာတွေကို သေနတ်နဲ့ ပစ်သတ်ခိုင်းနေတာ မြန်မာနိုင်ငံကိုအုပ်ချုပ်နေတဲ့ စစ်တပ်က ဗိုလ်ချုပ်တွေက ဗုဒ္ဓဘာသာဝင်တွေ မဟုတ်ဖူးလား၊ ဗုဒ္ဓဘာသာဆိုတာ ရဟန်းဆို ဘုရားနဲ့ တစ်ဂိုဏ်းထဲထားတာမဟုတ်လား ဆိုတော့၊ ဆရာတော်ကြီးက သူတို့က ဗုဒ္ဓဘာသာ အမည်ခံတွေ ဖြစ်နေလို့ပေါ့လို့ဖြေပါတယ်လို့ ပြောလိုက်တယ်။

ချက်ခြင်း ဒီက ပြဿနာ စတာပဲ။ တခါတည်း သူက ရှူးရှူးရှဲရှဲနဲ့ ဘယ်ကလာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တကယ့်ကို ဗုဒ္ဓဘာသာစစ်စစ်၊ ရဟန်း ဝိနည်းကို အသေအချာ သိတာ လို့ပြောတယ်။ သူကလည်း ပဲခူး ကြခတ်ဝိုင်းဆရာတော်ကြီးရဲ့ တပည့်ရင်း တဲ့။ ဟုတ်နေပါပြီ။ သူက ဆရာတော်ကြီးကို သိပ် ကြည်ညိုလေးစားသတဲ့။ ကြခတ်ဝိုင်း ဆရာတော်ကြီးက သူ့ကျောင်းတိုက်မှာ ရဟန်း ၂ဝဝဝ-၃ဝဝဝ ရှိတယ် ပြောတယ်။ ဆရာတော်ကြီးက စစ်တပ်လို အဆင့်ဆင့် အာဏာခွဲပြီး တဆင့်ခြင်းကို အုပ်ချုပ်သွားတယ် ပြောတယ်။ အင်မတန် တိကျပြီး ဝိနည်းကို လိုက်နာတဲ့ ဆရာတော်လို့ ပြောတယ်။ ဆရာတော်ကြီးပြောခဲ့တဲ့ ကျောင်းသား၊ ဘုရားသား၊ စစ်သား ဒီသားသုံးသားဟာ ရန်သူ၊ ရန်ကြွင်း၊ ရန်စကိုလည်း မထားနဲ့ မီးကြွင်း မီးကျန်ကိုလည်း မထားနဲ့ ရှင်းပစ်လို့ မိန့်နေတဲ့ လေလှိုင်းထဲက အသံဖိုင်နဲ့ ပတ်သက်ပြီး သူ့ကိုပြောတော့ ဒါလည်း ဆရာတော်ကြီး မှန်တာပဲ တဲ့။ ဆန္ဒပြကြတဲ့ သံဃာတွေဟာ နိုင်ငံတော်အာဏာပိုင်တွေ ပြောသလို ရဟန်းအတုတွေ တဲ့၊ ရဟန်းအစစ်ဆို ပါရဇိက ထိုက်တယ် တဲ့။

သူကဆက်ပြီး မန္တလေးမှာ ဆန္ဒပြတော့ ရဟန်းတွေကို စစ်တပ်က “ကြည်ညိုလေးစားရသော ကျေးဇူးရှင် ရဟန်းသံဃာတော် ဘုရားသားတော် အပေါင်းတို့ခင်ဗျား၊ အရှင်ဘုရားတို့ဟာ ရဟန်းစစ် ရဟန်းမှန်များ ဖြစ်တယ် ဆိုရင် မိမိသတင်းသုံးရာကျောင်းတိုက်ကို ပြန်ကြွကြပြီး ပရိယတ် ပရိပတ္တ တို့ကို အားထုတ်ကြပါရန် လေးစားစွာ လျှောက်ထားအပ်ပါသည်ဘုရား” လို့ လော်စပီကာနဲ့ အော်လျှောက်တယ်။ ရဟန်းတွေက ဝုန်းဆို ရှေ့တိုးလာကြတယ်။ ဒါတကြိမ်။ နောက်တစ်ခါ ပထမလိုပဲ လျှောက်ပြန်တယ်။ ရဟန်းတွေက ဝုန်းဆို ရှေ့တိုးလာကြတယ်။ တတိယအကြိမ်ကျတော့ စစ်ဗိုလ်က လော်စပီကာယူပြီး ပြောတယ် ရဲဘော်တို့ နေရာယူ၊ အသင့်၊ ပစ် ဆို အမိန့်ပေးချလိုက်ရော ဝေါဆို သေကြပြေးကြနဲ့ ကြည့်ကောင်းသလား မပြောနဲ့၊ ဒါ ငရဲမကျဘူး။ ရဟန်းအစစ်ဆို ကျောင်းပြန်ရမှာလေ။ မပြန်တော့ ရဟန်းအတုတွေပေါ့၊ ဒါကြောင့် အပြစ်လွတ်တယ်။ ဗိုလ်ချုပ်ကြီးသန်းရွှေ သိပ်တော်တယ် လို့ ပြောလည်းပြီးရော ကိုယ်လည်း ထထိုးဖို့ လုပ်တော့တာပဲ။ စကားဝိုင်းက ဝရုန်းသုန်းကားပဲ။ လက်ဘက်ရည်ဆိုင်ထဲကလူတွေ ထပြေးကြတယ်။

ရဲဘော်တို့ ခင်ဗျားတို့ရဲ့ သေနတ်ပြောင်းဝတွေကို ဗိုလ်ချုပ်တွေဘက် လှည့်လိုက်ကြပါတော့။ ဒီနည်းကလွဲလို့ မြန်မာပြည် လွတ်လမ်း မရှိပါဘူး။

ပြောချင်တာက ဒီနအဖမှာ နေရာတကာမှာ သူတို့လက်သပ်မွေးထားတဲ့လူတွေ ရှိနေတယ်။ သူတို့အပေါ် သူတော်စင်တွေလို မြင်တဲ့လူတွေ ရှိတယ်။ အလွန်တော်တဲ့တန်ခိုးရှင်လို ကိုးကွယ်တဲ့လူတွေ ရှိတယ်။ ဒါ အပြင်ကလူတွေနော်။ ဟုတ်ပြီ။ အခု သားသုံးသားထဲက ကျောင်းသားတွေ အကြိမ်ကြိမ် လုပ်ခဲ့ ပြခဲ့ သေခဲ့ ထောင်ကျ ဘဝပျက် သေကွဲ ရှင်ကွဲ မိသားစုကွဲ အမျိုးမျိုး နှိပ်စက်ညှဉ်းပန်းခံခဲ့ကြတယ်။ နောက်တခါ ဘုရားသားတော်ရဟန်းတွေ စက်တင်ဘာအရေးအခင်းမှာ ပြခဲ့ပြီးပြီ။ အခုထိ ရဟန်းတွေကို ဖမ်းဆီးနှိပ်စက် ထောင်ချ လုပ်ခဲ့ပြီးပြီ။ လုပ်နေဆဲ။ ဟုတ်ပြီ နောက်တစ်ခါ တနိုင်ငံလုံး အတိုင်းအတာနဲ့ ၈၈အရေးအခင်းတုန်းကလို ဆန္ဒတွေပြဖို့ လမ်းမတွေပေါ် ထွက်လာကြပြီဆိုပါတော့ ဒီ နအဖစစ်သားတွေက သေနတ်နဲ့ ပစ်သတ်မှာ။ သူတို့ကိုခိုင်းတဲ့ ဗိုလ်ချုပ်တွေက ပစ်ဆိုပစ်ကြမှာပဲ။ ဒီဗိုလ်ချုပ်တွေကလည်း နောက်က တရုပ်ကြီးက အမိန့်ပေးတာကို လိုက်လုပ်နေကြရတာပဲ။ တိဘက်အရေးမှာကြည့်။ လုပ်ပုံတွေက နအဖနဲ့ တချိုးထဲ။

နောက်တခါ ပြည်သူတွေ လမ်းပေါ်ထွက် ဆန္ဒပြကြပါပြီတဲ့ စစ်တပ်ကလည်း မောင်းတင်ပြီး ပြုံးပြုံးကြီးစောင့်နေပြီ။ ပစ်မှာကတော့ သံသယမဖြစ်နဲ့။ အသေသတ်မှာ။ ၈၈တုန်းက စန္ဒာဝင်းက တတိုင်းပြည်လုံး ဓါတ်တိုင်တတိုင်တည်းကျန်လည်း ဆက်အုပ်ချုပ်နေမှာပဲ။ အားလုံးသေလည်း အေးတာပဲလို့ ပြောတာ ကြားဖူးတယ်။ ဆိုတော့ အခု ဆန္ဒခံယူပွဲမှာ ကန့်ကွက်မဲပေးလည်း ထောက်ခံမဲဖြစ်မှာပဲ။ ဒီခွေးမသားတွေက ဦးနေဝင်းကို ဖျာလိပ်နဲ့ချခဲ့ပြီး ဦးနေဝင်းလုပ်သလို အားလုံးပြန်လုပ်နေတာပဲ။ မရရအောင် အရှက်မရှိလုပ်မှာပဲ။

ကိုတင်မောင်သန်း ပြောပြောနေတဲ့ ဗိုလ်ခင်ညွန့်က သဘောထား ကြီးသူကြီး၊ ဒီမိုကရေစီလိုလားသူကြီး၊ သဘောထား ပျော့ပြောင်းသူကြီးနဲ့။ အမှန်ကတော့ အားလုံး ဒီပုပ်ထဲက ဒီအနူတွေချည်းပါပဲ။ အားလုံးဟာ လူယုတ်မာတွေပဲ။ ဒီတော့ လူတွေ နောက်ဆုံး လမ်းပေါ်ထွက် ဆန္ဒပြကြပါပြီ၊ စစ်တပ်က ပစ်ပါပြီ၊ သေကြပြန်ပြီ၊ ထောင်ထဲထည့်ပြန်ပြီ၊ အမေရိကန်လည်း မတတ်နိုင်၊ ဝင်လည်း တိုက်မှာမဟုတ်၊ ကုလသမဂ္ဂလည်း မကယ်နိုင်။ ဒေါ်စုကလည်း အမေရိကန်ကို လာပါ ကူလှည့်ပါ ဝင်တိုက်လှည့်ပါ လို့ မပြောဘူး။ ငြိမ်းချမ်းစွာပဲ၊ သုံးပွင့်တခိုင်ပဲ၊ ဒိုင်ယာလော့ပဲ။ နအဖကလည်း လက်ထဲက ဗျောက်ကို ချကို မချဖူး။ သေတဲ့အထိ ကိုင်ထားမှာပဲ။ တစ်နည်းပဲ ရှိတယ်။ ထိုင်းမှာ၊ ဖိလစ်ပိုင်မှာ၊ အင်ဒိုနီးရှားမှာလို ပြည်သူတွေဘက်က ရပ်မယ့် စစ်သားတွေ စစ်ဗိုလ်တွေ လိုနေတယ်။

လမ်းပေါ်ထွက်လာကြမယ့် ပြည်သူတွေကို ချိန်ထားတဲ့ သေနတ်ပြောင်းဝတွေကို ဗိုလ်ချုပ်တွေဘက် လှည့်လိုက်ကြစမ်းပါဗျာ။ သားသုံးသားထဲမှာ စစ်သားပဲ ကျန်ပါတော့တယ်။ စစ်သားတွေ လက်ထဲမှာ သေနတ်ကြီးတွေကိုင်ထားပြီး လက်နက်မဲ့ ပြည်သူတွေအပေါ် ဘာလို့ သတ္တိပြနေကြတာလဲ မရှက်ကြဘူးလား။ ယုတ်မာကောက်ကျစ်တဲ့ သူခိုးဓါးပြ ဗိုလ်ချုပ်တွေရဲ့အမိန့်ကိုဘာလို့ နာခံနေကြတာလဲ။ ပြည်သူတွေက ခင်ဗျားတို့ရဲ့မိဘတွေပါ၊ သားသမီးတွေပါ၊ ညီအကိုမောင်နှမတွေပါ၊ ဆွေမျိုးတွေပါဗျာ။ ဒီဗိုလ်ချုပ်တွေ တိုင်းပြည်မှာ ပြည်သူပြည်သားတွေအပေါ်မှာ လုပ်ချင်ရာလုပ် အနိုင်ကျင့် ဗိုလ်ကျ လုယက် နှိပ်စက် ထောင်ချ၊ နိုင်ငံပိုင်ပစ္စည်းတွေခိုးနေကြတာကို ကြည့်နေကြမှာလားဗျာ။

ခင်ဗျားတို့လည်း စုတ်ပြတ်နေကြပါပြီ။ စစ်သားတွေက ဦးနှောက်ရှိကြပါတယ်။ ထမင်းတစ်လုတ်အတွက် ထင်းခုတ်စားရင် ရပါတယ် ပြည်သူတွေကို သတ်မစားကြပါနဲ့တော့။ ရဲဘော်တို့ ခင်ဗျားတို့ရဲ့ သေနတ်ပြောင်းဝတွေကို ဗိုလ်ချုပ်တွေဘက် လှည့်လိုက်ကြပါတော့။ ဒီနည်းကလွဲလို့ မြန်မာပြည် လွတ်လမ်း မရှိပါဘူး။ ပြည်ပက မီဒီယာနဲ့တိုက်လို့ မရဘူး။ စကားနဲ့ ရှင်းပြလို့ မရဘူး။ သီအိုရီတွေနဲ့ မရဘူး။ ဗိုလ်နေဝင်းပြောသလို ဓါးဓါးချင်း လှံလှံချင်းမှ ရမယ်။ ရဲဘော်တို့ သေနတ် သေနတ်ချင်းမှ ရမယ်ဗျ။ သားသုံးသားထဲက စစ်သားကယ်မှ မြန်မာပြည် လွတ်လပ်မယ်။ ဒီမိုကရေစီရမယ်။ ကယ်ကြပါဗျာ၊ ရဲဘော်တို့ ကယ်ပေးကြပါ။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts