>ဖိုးသူတော်တစ်ယောက်၊ ဘလော့ဂါတစ်ယောက်၊ ဂဏန်းကြီးတစ်ကောင်

>

ဖိုးသူတော်တစ်ယောက်၊ ဘလော့ဂါတစ်ယောက်၊ ဂဏန်းကြီးတစ်ကောင်
ကေအောင်ခင်

မတ် ၁၃၊ ၂၀၀၈

ရဲမွန် ဆိုတဲ့ ဘလော့ဂ်ရေးသူတစ်ယောက်က ပုံပြင်လေးတစ်ပုဒ် မိတ်ဆက်ပေးတယ်။ နိုင်ငံတော်က ဆန္ဒခံယူပွဲလုပ်ချင်တယ် မဲထည့်ကြပါလို့ စည်းရုံးနေချိန်မှာ ပြောပြတဲ့ ပုံပြင်ပါ။

ပင်လယ်ကမ်းခြေရောက် ဖိုးသူတော် တစ်ဦးက ဂဏန်းအလွန်စားချင်နေသတဲ့။ ဖိုးသူတော် ဖြစ်နေတော့ သူ့အသက်ကို သတ်လို့မရ။ ဒါနဲ့ မီးဖိုပြီး အိုးကြီးတစ်လုံးထဲ ရေထည့်၊ ပွက်ပွက်ဆူအောင် ကျိုတယ်။့ တုတ်တစ်ချောင်း အိုးပေါ် တင်တယ်။ ဂဏန်းတွေ ဖမ်းပြီး တုတ်ပေါ်လျှောက်ခိုင်းတယ်။ နင့်ထိုက်နဲ့နင့်ကံ တုတ်ဟိုဘက်အထိ လျှောက်နိုင်ရင် လွတ်စေ ဆိုသေးသတဲ့။ ဂဏန်းလေးတွေလည်း ရေနွေးအိုးထဲကို တဖြုတ်ဖြုတ်ပေါ့။

ဂဏန်းအကြီးကြီး တစ်ကောင်ကို မိလာပြန်တော့ ထုံးစံအတိုင်း တုတ်ပေါ်ဖြတ်ခိုင်းပါတယ်။ ဖြစ်ချင်တော့ ဂဏန်းကြီးက တုတ်ဟိုဘက်ကို ရောက်သွားပါတယ်။ ဖိုးသူတော်က ဂဏန်းကြီးကို စားချင်လွန်းလို့ အရူးတပိုင်းဖြစ်နေပြီ။ာဏ်နီာဏ်နက်တွေ ထုတ်တယ်။ နောက်ဆုံးတော့ အကြံရပြီး ဂဏန်းကြီးကို ပြောလိုက်ပုံက “နင်ကြီးတယ် နှစ်ခါဖြတ်” … တဲ့။

ပုံပြင်ကတော့ ဒါပါပဲ။ စာရှုသူများအတွက် မေးခွန်း၂ခု ပေးထားတယ်။ ဒီဂဏန်းကြီး ဒုတိယအကြိမ်မှာ တုတ်ဟိုဘက်ထိပ်ကို ရောက်မယ်ထင်သလား၊ ဟိုဘက် ရောက်ခဲ့ရင် ဖိုးသူတော်ကြီး ဘာဆက်လုပ်မယ်လို့ ထင်သလဲ တဲ့။

စာဖတ်သူများက မှတ်ချက် ၁ကြောင်း ၂ကြောင်း ၀င်ရေးကြတယ်။ ရေးသူပေါင်း ဒီနေ့အထိ ၁၃ ယောက် ရှိတယ်။ ကေအောင်ခင် ဆိုသူကလည်း ဘလော့ဂ်တွေဖတ်တဲ့ရောဂါ စွဲနေသူမို့ ကိုရဲမွန်က ရယ်မောစရာလို့ သတ်မှတ်ထားတဲ့ အဲဒီပုံပြင်ကိုဖတ်ပြီး မှတ်ချက်ရေးခဲ့ပါသေးတယ်။ မှတ်ချက်ကို နည်းနည်းပြင်ဆင်ပြီး ဖောက်သည်ချရရင်ဖြင့်-

ဂဏန်းကြီးက ဖိုးသူတော်ရဲ့ဝတ်စုံဖြူကိုအားနာလို့ တစ်ခါဖြတ်တယ်။ မစ္စတာဖိုးသူတော်က လက်၂ချောင်းထောင်ပြီး နင်ကြီးတယ် ၂ခါဖြတ်လို့ထပ်ခိုင်းတော့ ဂဏန်းကြီးက စိတ်ဆိုးသွားသတဲ့။ ဒါနဲ့ ဂဏန်းကြီးက ကန့်ကွက်မဲထည့် – အဲ ဖိုးသူတော်ထောင်ပြတဲ့ လက်၂ချောင်းကို သူ့လက်မတွေနဲ့ ညှပ်လိုက်တယ်။

ဖိုးသူတော်ခမျာ အင်မတန့်အင်မတန် နာလွန်းလို့ အော်ဟစ် ခုန်ပေါက်နေသတဲ့။ ဒါတောင် ဂဏန်းကြီးက အားမထည့်သေးဘူး၊ ပုံမှန်ပဲ ညှပ်ထားတာ။ ချက်ချင်းပဲ သနားစိတ်ဝင်လာပြီး လွတ်ပေးလိုက်တယ်။ လွတ်ငြိမ်းချမ်းသာခွင့် ရသွားတဲ့ ဖိုးသူတော်က လက်ညိုး ငေါက်ငေါက်ထိုးပြီး ဆဲပါလေရော။ သူဆဲတဲ့ စကားကို ယဉ်ယဉ်ကျေးကျေး ဘာသာပြန်ရရင် လမ်းလျှောက်ဖို့ ပြောရုံနဲ့ ငါ့အသားနာအောင် လုပ်ရသလားပေါ့။

ဂဏန်းကြီးလည်း ဒေါသောင်းကျန်းသူ- အဲ ဒေါသူပုန်ထပြီး သူ့ထိုးနေတဲ့ လက်ညိုးကြီးကို လှမ်းပြီး ဖမ်းဆုပ်လိုက်သတဲ့။ ဒီတခါတော့ အတွင်းအားထည့်ပြီး ဆုပ်ထား ညှပ်ထားလိုက်တာ ဘာပြောကောင်းမလဲ ဖိုးသူတော်လည်း စာဖွဲ့လို့မရနိုင်လောက်အောင် နာကျင်သွားပါတယ်။ နာလွန်းလို့ ခုန်လိုက်တာ လေထဲတောင် မြှောက်တက်သွားတယ်။

ဂဏန်းကြီးလည်း မသက်သာပါဘူး။ ဖိုးသူတော်နဲ့အတူ လေထဲမြှောက်တက်သွားတာ ပြန်အကျမှာ အိုးနှုတ်ခမ်းကို အရှိန်နဲ့ ထိမိလို့ ခါးနာသွားတယ်၊ ပြီးတော့ သောင်ပြင်ပေါ်ကို ဘုတ်ခနဲ ခွေးကျကျသွားလေရဲ့။ ဒါက အခန်း ၁။

အခန်း ၂ ကို ဆက်ပြောပြရရင် – ကမ်းခြေမှာ လမ်းလျှောက်နေတဲ့ ဘလော့ဂါတစ်ယောက်က ဂဏန်းကြီးတစ်ကောင်ကို တွေ့တယ်။ ဂဏန်းက ကြီးလွန်းလို့ ဓာတ်ပုံရိုက်ပြီး သူ့ဘလော့ဂ်မှာ တင်လိုက်ရင် ကောင်းလေစွ လို့ တွေးမိတယ်။ ဂဏန်းကြီးလက်ထဲမှာတော့ သွေးထွက်နေတဲ့ လူ့လက်ချောင်းတချောင်း တွေ့ရတော့ စိတ်ဝင်စားစရာ ပို့စ်တစ်ခုတော့ တင်လို့ရပြီပေါ့။

သို့ကလို တွေးနေတုန်း ဂဏန်းကြီး ရေထဲဆင်းသွားတယ်။ သောင်ပြင်မှာလည်း မီးဖိုတစ်ခုနဲ့ အိုးကြီးတစ်လုံးတွေ့တယ်။ စီတီဇင်ဂျာနယ်လစ် ပီသစွာ အနားကပ်သွားပြီး အိုးထဲ ငုံ့ကြည့်လိုက်တော့ အိုးထဲမှာ လူတယောက်နဲ့ ဂဏန်းလေးတွေကို တွေ့ရတယ်။ ဘလော့ဂါ ကံကောင်းချင်တော့ ကင်မရာအဆင်သင့်ပါလာတယ်။ ကံဆိုးချင်တော့ ဓာတ်ပုံရိုက်လို့မရဘူး။ ဓာတ်ခဲ အားကုန်သွားလို့။

ဘလော့ဂါမှာ ရဲမွန် လို့ အမည်ပေးထားတဲ့ အင်တာနက်စာမျက်နှာ ရှိတယ်။ အိမ်ပြန်ပြီး စာထိုင်ရိုက်တယ်။ တွေ့တဲ့အတိုင်းရေးရင် သတင်းဖြစ်မယ် နို့ပေမဲ့ လူသေမှုမျက်မြင်သက်သေဖြစ်သွားနိုင်တယ်။ ရုံးတွေဂါတ်တွေ မသွားချင်ဘူး။ ဒါနဲ့ပဲ ၉၉ကြိမ်မက ကြားဖူးခဲ့တဲ့ပုံပြင်အနေနဲ့ ဘလော့ဂ်ပေါ် တင်လိုက်တာပဲ ကောင်းပါတယ်လို့ ဆုံးဖြတ်ချက် ချလိုက်တယ်။

(ပြီးပါပြီ)။

သင်ခန်းစာက- အိမ်ကမထွက်ခင် ဓာတ်ခဲအားရှိမရှိ စစ်ဆေးပါ။

(နင်ကြီးတယ် … နှစ်ခါဖြတ်ပုံပြင်ကိုဖတ်ရန် http://yemon.blogspot.com/2008/02/go-twice.html သို့သွားပါ။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts