>
စစ်အစိုးရ၏ အေူခခံဥပဒေူပရြန် ဆောင်ရက်ြခဵက်မဵားတရားမ၀င်ေုကာင်း
အဲန်အယ်ဒီက သက်သေူပရန်ုကြိးစား
မိုးမခ အထောက်တော် ၀၀၃
မတ် ၇၊ ၂၀၀၈
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အမှတ် – ၉၇/ခ၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
၂၀၀၈ ခုနှစ်၊ မတ်လ (၅) ရက်
၁၃၆၉ ခုနှစ်၊ တပို့တွဲလပြည့်ကျော် (၁၃) ရက်
ကြေညာချက် – ၉/ ၀၃/ ၀၈
နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (ယခု နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ) သည် ၁၉၈၉ ခုနှစ်၊ မေလ (၃၁) ရက်နေ့တွင် ဥပဒေအမှတ် – ၁၄/ ၈၉ ဖြစ်သော ”ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ” ကိုပြဌာန်းခဲ့သည်။ ဤဥပဒေ ပုဒ်မ -၃တွင်၊ ”လွှတ်တော်ကို မဲဆန္ဒနယ်များမှ ဤဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်လိုက်သော လွှတ်တော်ကိုယ်စား လှယ်များဖြင့်ဖွဲ့စည်းရမည်။” ဟူ၍ ပြဌာန်းထားပါသည်။
ထို့နောက် ယင်းပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေနှင့်အညီ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (ယခု နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ) သည် ၁၉၉၀ ပြည့်နှစ်၊ မေလ (၂၇) ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ကျင်းပပေးခဲ့ပါသည်။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်ကလည်း ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ – ၄၁၊ ပုဒ်မခွဲ (ဂ) နှင့်အညီ မြန်မာ နိုင်ငံပြန်တမ်းတွင် ”ရွေးကောက်တင်မြှောက်ခြင်းခံရသောပြည်သူ့လွှတ်တော်ကိုယ်စားလှယ်” အဖြစ်တရားဝင် ထည့်သွင်း ကြေညာခဲ့ပြီးဖြစ်ပါသည်။ သို့ကြောင့် ရွေးကောက်တင်မြှောက်ခြင်းခံကြရသော ကိုယ်စားလှယ်များ သည် တရားဝင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြပါသည်။
တဖန် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (ယခု နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ) သည် ၁၉၉၀ ပြည့်နှစ်၊ ဇူလိုင်လ (၂၇) ရက်နေ့တွင် ကြေညာချက်အမှတ် – ၁/ ၉၀ ကို ထုတ်ပြန်ခဲ့ပါ သည်။
ယင်းကြေညာချက် အပိုဒ် -၁၂ တွင်၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ – ၃ တွင်” လွှတ်တော်ကို မဲဆန္ဒနယ်များမှ ဤဥပဒေနှင့်အညီရွေး ကောက်တင်မြှောက်လိုက်သော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်” ဟူ၍ ပြဌာန်းပါရှိသည်။ ယင်း ပြဌာန်းချက်နှင့်အညီ လွှတ်တော်ခေါ်ယူဖွဲ့စည်းခြင်းကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က ဆောင် ရွက်ပေးမည် – ဟု ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေကို ပိုမိုခိုင်မာစေရန် ရည်ညွှန်းပြီး ဖော်ပြထားခြင်းဖြစ်ပါသည်။
ထို့ကြောင့် အာဏာပိုင်တို့သည် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ – ၃ နှင့် ကြေညာချက် – ၁/ ၉၀ အပိုဒ် – ၁၂ တို့နှင့်အညီ ပြည်သူ့လွှတ်တော်ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြင့် မလွဲမသွေခေါ်ယူ ဖွဲ့စည်းပေးရမည့် တာဝန်ရှိပါသည်။
ထို့ကြောင့် ပြည်သူလူထုက လုပ်ပိုင်ခွင့်အာဏ (mandate) အပ်နှင်းလိုက်သောတာဝန်အရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အာဏာပိုင်များအား ပြည်သူ့လွှတ်တော်ခေါ်ယူဖွဲ့စည်းပေးပါရန် အကြံပြုခြင်း၊ တိုက်တွန်းခြင်း၊ တောင်းဆိုခြင်းများကို အာဏာပိုင်တို့က အကြိမ်ကြိမ်အခါခါ လျစ်လျူရှုခဲ့ပါသည်။
အာဏာပိုင်တို့က ၎င်းတို့ကိုယ် တိုင်ပြဌာန်းခဲ့သည့် ”ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ” ကို ၎င်းတို့ကိုယ်တိုင် ချိုးဖောက်ပြီး မဲဆန္ဒရှင် ပြည် သူလူထု၏ လိုလားတောင့်တနေသောဆန္ဒ မျက်ကွယ်ပြု၍ ပြည်သူ့လွှတ်တော်ကို ခေါ်ယူဖွဲ့စည်းပေးခဲ့ခြင်းမရှိပါ။
သို့ပါ၍ ”ဥပဒေပြုသူသည် ဥပဒေချိုးဖောက်သူမဖြစ်စေရ”၊ ”ဥပဒေ၏အထက်တွင် မည်သူမျှမရှိစေရ” နှင့် ”ဥပဒေ အရာတွင် အားလုံးအညီအမျှဖြစ်ရမည်” ဟူသောမူများနှင့်အညီ တရားဥပဒေစိုးမိုးရေးအတွက် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ဥက္ကဌက ဤရွေးကောက်ပွဲရလဒ်သည် တနိုင်ငံလုံး၊ တပြည်လုံးနှင့် သက်ဆိုင်သောကိစ္စဖြစ်သော ကြောင့် ၂၀၀၈ ခုနှစ် ဖေဖော်ဝါရီလ (၂၉) ရက်နေ့တွင် ရန်ကုန်မြို့တရားရုံးချုပ်သို့သွားရောက်၍ အာဏာပိုင်များ အား ”၂၀၀၀ ပြည့်နှစ် တရားစီရင်ရေးဥပဒေပုဒ်မ – ၅ (က)(ဇ) နှင့် (ည)” တို့အရ ပြည်သူ့လွှတ်တော်ရွေးကောက် ပွဲဥပဒေ ပုဒ်မ – ၃ ပါ ပြဌာန်းချက်နှင့်အညီ ဆောင်ရွက်ရမည့်တာဝန်များကို ဆောင်ရွက်ရန်ပျက်ကွက်လျက်ရှိ သောကြောင့် XXXX ခုနှစ် သီးခြားသက်သာခွင့်ဥပဒေ ပုဒ်မ – ၅၅ အရ ယင်းတာဝန်များကို ဆက်လက်ပျက်ကွက် ချိုးဖောက်ခြင်မပြုရန်နှင့် ယင်းဥပဒေများပါ တာဝန်ရှိသည့်အတိုင်း ဆောင်ရွက်စေရန် အမိန့်၊ ပညတ်ချက်ဒီကရီ ကို ထုတ်ဆင့်ပေးပါရန်အပြင် အခြားရရှိခွင့်ရှိသော သက်သာခွင့်များကိုလည်း ချမှတ်ပေးပါမည့်အကြောင်း” တရားစွဲဆိုခဲ့ပါသည်။ ယင်းတရားစွဲဆိုလွှာကို တရားရုံးချုပ်က လက်မခံခဲ့ကြောင်း ကြေညာလိုက်သည်။
၎ – ၃- ၀၈ နေ့တွင် ကျင်းပသော ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏
အစည်းအဝေးဆုံးဖြတ်ချက်အရ။
ဗဟိုအလုပ်အမှုဆောင်အဖွဲ့
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ရန်ကုန်မြို့
(အီးမေးက စာကို ပြန်စီထားပါသဖြင့် မထင်ရှားသော စာများကို x x x ပြထားပါတယ်)