News Features အောင်ဒင်

Aung Din – 30


(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၅၅၊ ဇူလိုင်လ ၂၅ ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈/၃၂)

မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် (30)


အောင်ဒင်၊ ဇူလိုင် ၂၉ ၊ ၂၀၁၃
အပိုင်း (၃၀) လွှတ်တော၊် ပြည်သူ့စစ်နှင့် ဘိန်းဘုရင်များ

ပြည်သူ့စစ် နှစ်မျိုး
မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ပြည်သူ့စစ်တွေကို အမျိုးအစား နှစ်မျိုးခွဲခြားသတ်မှတ်နိုင်ပါတယ်၊ ပထမတစ်မျိုးက ကာကွယ်ရေးဝန်ကြီးဋ္ဌာနရဲ့ ပြည်သူ့စစ်မဟာဗျူဟာအရ ဖွဲ့စည်းထားတဲ့ ကျေးရွာပြည်သူ့စစ်တပ်ဖွဲ့များဖြစ်ပြီး နောက်တစ်မျိုးကတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထဲက အစိုးရလက်အောက်ကို ခိုလှုံကြတဲ့ ခွဲထွက်အုပ်စုများဖြစ်ကြပါတယ်၊ အဲဒီအဖွဲ့တွေဟာ မူလက ကရင်အမျိုးသားအစည်းအရုံး (Karen National Union/KNU) ၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (Kachin Independence Organization/KIO)၊ မွန်ပြည်သစ်ပါတီ (New Mon State Party/NMSP) စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ အစိတ်အပိုင်းများဖြစ်ခဲ့ကြပါတယ်၊ နောက်တော့ သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့များကနေ ခွဲထွက်၊ မြန်မာစစ်အစိုးရနဲ့ တိုက်ရိုက်ဆွေးနွေးပြီး ဘက်ပြောင်းလာကြတဲ့အခါ မြန်မာအစိုးရက ၎င်းတပ်ဖွဲ့များကို မဖျက်သိမ်းပဲ လက်နက်ကိုင်ဆောင်ခွင့်ပေးပြီး သူတို့စိုးမိုးရာနေရာဒေသတွေမှာ ပြည်သူ့စစ်တပ်ဖွဲ့များအဖြစ် ဆက်လက်ရပ်တည်ခွင့်ပေးထားပါတယ်၊ 
အဲဒီ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအဖြစ်ကနေ အသွင်ပြောင်းလာတဲ့ ပြည်သူ့စစ်တပ်ဖွဲ့များဟာ မြန်မာ့တပ်မတော်နဲ့ အစိုးရရဲ့ အထူးအခွင့်အရေးပေးမှုတွေရလို့ ပိုပြီးခိုင်မာအားကောင်း၊ ပိုပြီးချမ်းသာကြွယ်ဝပြီး၊ ပိုပြီး ဩဇာရှိကြပါတယ်၊ မြန်မာစစ်အစိုးရအပေါ်မှာ သစ္စာခံတဲ့ရလာဒ်အဖြစ် သူတို့စိုးမိုးရာနယ်မြေတွေမှာ ထင်သလိုအုပ်စိုးချယ်လှယ်နိုင်ကြပြီး အချို့ တိုင်းရင်းသား ပြည်သူ့စစ်ခေါင်းဆောင်တွေဟာ ၂၀၁၀ ရွေးကောက်ပွဲကတဆင့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နဲ့ ပြည်နယ်လွှတ်တော်များထဲကို လွှတ်တော်ကိုယ်စားလှယ်များအဖြစ် အာဏာရ ကြံ့ခိုင်ရေးပါတီကို ကိုယ်စားပြုရောက်ရှိလာကြပါတယ်၊
ရှမ်းပြည်နယ်ထဲက ပြည်သူ့စစ်တပ်ဖွဲ့အချို့ရဲ့ ပြည်သူလူထုအပေါ် လက်နက်အားကိုး ခြိမ်းခြောက်အနိုင်ကျင့်မှုတွေ၊ ဥပဒေချိုးဖောက်သူများကို ဆက်ကြေးတောင်းပြီး အားပေးကူညီတာတွေ၊ ဒီတပ်ဖွဲ့ဝင်များကိုယ်တိုင်ရဲ့ ဥပဒေချိုးဖောက်မှုတွေကို မြို့နယ်အဆင့်၊ ခရိုင်အဆင့်အုပ်ချုပ်ရေးအဖွဲ့များက အရေးမယူရဲတာတွေကို ရှမ်းပြည်နယ် ကျောက်မဲမြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဆောင်စီက ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ တင်ပြဆွေးနွေးခဲ့ပါတယ်၊ အင်မတန်စိုးရိမ်စရာကောင်းပါတယ်၊ သာမာန်ကျေးရွာပြည်သူ့စစ်ကိုတောင်မှ ဥပဒေချိုးဖောက်တာကို အရေးမယူနိုင်ဘူးဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အုပ်စုခေါင်းဆောင်ဘဝကနေ လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာတဲ့ ပုဂ္ဂိုလ်တွေက ခေါင်းဆောင်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အသွင်ပြောင်းပြည်သူ့စစ်တပ်ဖွဲ့တွေကို အရေးယူဖို့ဆိုတာ ပိုပြီးခက်ခဲပါလိမ့်မယ်၊
ရှမ်းပြည်မြောက်ပိုင်းက ပြည်သူ့စစ် ပြဿနာ
၂၀၁၃ခုနှစ် ဇွန်လ ၂၇ရက်နေ့က ဧရာဝတီမဂ္ဂဇင်းရဲ့ အင်တာနက်စာမျက်နှာမှာ “လွှတ်တော်အမတ်နှစ်ဦးနဲ့ ရှမ်းမြောက်တောင်တန်းမူးယစ်နယ်မြေ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ်ဖော်ပြပါတယ်၊ ဆောင်းပါးရှင်က (ကို) ကျော်ခ ဖြစ်ပါတယ်၊ အဲဒီဆောင်းပါးကို http://burma.irrawaddy.org/archives/43179 မှာကြည့်နိုင်ပါတယ်၊ ဧရာဝတီမဂ္ဂဇင်းဟာ တစ်ချိန်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာအခြေစိုက်တဲ့ သတင်းဋ္ဌာနတစ်ခုဖြစ်ပေမည့် အခုအချိန်မှာတော့ မြန်မာနိုင်ငံတွင်းမှာ ရုံးဖွင့်ပြီး သတင်းမဂ္ဂဇင်းထုတ်ဝေဖြန့်ချီနေပါပြီ၊ ပြည်တွင်းမှာ ထုတ်ဝေတဲ့ ဧရာဝတီမဂ္ဂဇင်းမှာ ဒီဆောင်းပါးဖော်ပြခြင်းရှိမရှိကိုတော့ မသိရပါ၊
ဆောင်းပါးရှင်က ရှမ်းပြည်နယ် မြောက်ပိုင်းတောင်တန်းဒေသမှာ အင်မတန် တန်ခိုးဩဇာကြီးမားတဲ့ ဘိန်းဘုရင်ကြီးနှစ်ယောက်အကြောင်းကို သူကိုယ်တိုင် အဲဒီဒေသကို သွားရောက်လေ့လာခဲ့တဲ့ အတွေ့အကြုံများ၊ ဒေသခံပြည်သူများနဲ့ ကိုယ်တိုင်ဆွေးနွေးချက်များကို အခြေခံပြီး ဒီဆောင်းပါးကိုရေးပါတယ်၊ ဒီဘိန်းဘုရင် နှစ်ယောက်ဟာ ပြည်သူ့စစ်တပ်ဖွဲ့ခေါင်းဆောင်များဖြစ်ပြီး ကြံ့ခိုင်ရေးပါတီကို ကိုယ်စားပြုလို့ ပြည်သူ့လွှတ်တော်နဲ့ ရှမ်းပြည်နယ်လွှတ်တော်များမှာ လွှတ်တော်ကိုယ်စားလှယ်များလည်း ဖြစ်နေကြပါတယ်တဲ့၊ သူတို့နှစ်ယောက်စလုံးဟာ သူတို့ထိန်းချုပ်ခွင့်ရထားတဲ့ နယ်မြေအတွင်းက တောင်တန်းတွေမှာ ကိုယ်တိုင် ဘိန်းစိုက်ပျိုးထုတ်လုပ်မှု၊ အခွန်အခယူပြီး ဘိန်းစိုက်ပျိုးခွင့်ပြုမှု၊ ဘိန်းဖြူ၊ ဘိန်းမဲအပါအဝင် မူးယစ်ဆေးဝါးပေါင်းစုံကို လက်သိပ်ထိုးရောင်းချခွင့်ပြုမှုတွေမှာ အဓိကပါဝင်ပါတ်သက်သူတွေ ဖြစ်ကြတယ်လို့ သိရပါတယ်၊
အဲဒီဆောင်းပါးမှာပဲ ဆောင်းပါးရှင် ဧရာဝတီမဂ္ဂဇင်းရဲ့ သတင်းထောက်က ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ပြည်သူ့စစ်တပ်ဖွဲ့များရဲ့ ထိန်းချုပ်နယ်မြေဒေသအတွင်း ဘိန်းဖြူ၊ ဘိန်းမည်းနဲ့အခြားမူးယစ်ဆေးဝါးများကို ရောင်းချမှု၊ သုံးစွဲမှုများပြုလုပ်နေတဲ့ ကျေးရွာများစာရင်း၊ ဘိန်းစိုက်ပျိုးနေကြသော ကျေးရွာများစာရင်းနဲ့ ထိန်းချုပ်ရာ၊ ပါဝင်ရာ၊ အခွန်ကောက်ခံရာ ပြည်သူ့စစ်တပ်ဖွဲ့များရဲ့ အမည်စာရင်းကို စနစ်တကျ လက်လှမ်းမီသလောက် စုစည်းဖော်ပြထားပါတယ်၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေဟာ ဘိန်းစိုက်ပျိုးထုတ်လုပ်ရာ၊ အခွန်ကောက်ခံရာမှာတင်မက သစ်တောတွေကိုခုတ်လှဲပြီး သစ်ထုတ်လုပ်ကြ၊ သတ္တုတွင်းတွေကိုလည်း တူးဖော်ပြီး တဘက်နိုင်ငံကို ရောင်းချကြလို့ အင်မတန်ချမ်းသာကြွယ်ဝကြတယ်လို့ သိရပါတယ်၊ ဘိန်းဘုရင် ပြည်သူ့စစ်တွေက မကောင်းမှုမျိုးစုံနဲ့ ချမ်းသာကြွယ်ဝကြပေမည့် ဒေသခံပြည်သူများကတော့ အင်မတန်မှ ဆင်းရဲကြပ်တည်းကြပါတယ်၊ ကျေးရွာတွေထဲမှာ မူးယစ်ဆေးဝါးတွေကို အချိန်အခါမရွေး ဝယ်ယူသုံးစွဲခွင့်ရနေလို့ မူးယစ်ဆေး စွဲသူအရေအတွက် များပြားလာပြီး အကျင့်စာရိတ္တပျက်ပြားမှုတွေ၊ ပညာရေးနှောင့်နှေးမှုတွေ၊ စီးပွါးရေးကျဆင်းမှုတွေ၊ ကျန်းမာရေးထိခိုက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်၊
ပအို့ပြည်သူ့စစ် ပြဿနာ
နောက်ထပ်ပြည်သူ့စစ်ပြဿနာတစ်ခုက ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် အပိုင် မောက်ဆံကျေးရွာနဲ့ ဆတ်သေကျေးရွာများမှာ ဖြစ်ပျက်ခဲ့တယ်လို့ ဒီမိုကရက်တစ်မြန်မာ့အသံက ၂၀၁၃ခုနှစ် ဇွန်လ ၄ရက်နေ့မှာ ထုတ်ပြန်တဲ့ သတင်းများအရ သိရပါတယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တောင်ကြီးခရိုင် ဥက္ကဋ္ဌ ဦးတင်မောင်တိုးက ဒေသခံ ပအို့ပြည်သူ့စစ်တပ်ဖွဲ့တွေက ဆတ်သေကျေးရွာက အဖွဲ့ချုပ်ပါတီဝင် ၅၇ ယောက်ကို ခြိမ်းခြောက်ပြီး ပါတီက နှုတ်ထွက်ခိုင်းခဲ့တယ်လို့ ဆိုပါတယ်၊ အဲဒီပါတီဝင်တွေကို ပအို့ပြည်သူ့စစ်များက နှစ်ရက်၊ သုံးရက်ကြာ ဖမ်းဆီးချုပ်နှောင်ပြီး ပါတီမှ နှုတ်ထွက်စာတွေကို အတင်းအဓမ္မ လက်မှတ်ထိုးခိုင်းခဲ့တယ်လို့ ဆိုပါတယ်၊အဖွဲ့ချုပ်ရဲ့ မောက်ဆံကျေးရွာရုံးခန်းကိုလည်း ပအို့ပြည်သူ့စစ်တွေက မေလ ၁၆ရက်နေ့က လက်နက်အပြည့်အစုံနဲ့ ဝိုင်းထားခဲ့တယ်လို့ သိရပါတယ်၊
ဒီစွပ်စွဲချက်ကို ပအို့ပြည်သူ့စစ်ခေါင်းဆောင် ဗိုလ်မှူးကြီးခွန်လက ငြင်းဆန်ပါတယ်၊ သူက ဇွန်လ ၃ရက်နေ့မှာ သတင်းစာရှင်းလင်းပွဲလုပ်ပြီး သတင်းထောက်များကို ရှင်းပြရာမှာ အဖွဲ့ချုပ်ဝင်များ နှုတ်ထွက်ကြတယ်ဆိုတာ မှန်ပေမည့် သူတို့သဘောနဲ့ သူတို့နှုတ်ထွက်ကြတာဖြစ်ကြောင်း၊ ၎င်းအဖွဲ့ဝင်များကို ဖမ်းဆီးတာမှန်ပေမည့် ခေတ္တခဏသာဖြစ်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးထံ လွှဲပြောင်းပေးခဲ့ကြောင်း၊ မောက်ဆံကျေးရွာ အဖွဲ့ချုပ်ရုံးခန်းကို ပအို့တပ်ဖွဲ့များက ဝိုင်းတယ်ဆိုတာလည်း မမှန်ကြောင်း၊ ပအို့တပ်ဖွဲ့များဟာ နယ်မြေလုံခြုံရေးအရ ကင်းလှည့်ရင်း အဲဒီ ရုံးခန်းရှေ့ရောက်ခဲ့တာသာဖြစ်ကြောင်းနဲ့ ရုံးခန်းထဲကို ခြေတစ်ဖဝါးတောင် မချခဲ့ကြောင်း ငြင်းဆိုပါတယ်၊
ဗိုလ်မှူးကြီးခွန်လ ဆိုသူက သတင်းထောက်များကို ပြောပါတယ်၊ ခင်ဗျားတို့ကိုယ်တိုင် ဒီသတင်းစာရှင်းလင်းပွဲကို တက်ရောက်လာတဲ့ အဖွဲ့ချုပ်မှ နှုတ်ထွက်သူ ပါတီဝင်ဟောင်းများကို မေးကြည့်ပါလို့ ဆိုပါတယ်၊ ဒါပေမည့် သတင်းစာရှင်းလင်းပွဲကို ဗိုလ်မှူးကြီးခွန်လနဲ့အတူ တက်ရောက်လာသူများဟာ ကျေးရွာလူကြီးများဖြစ်ပြီး ဖိအားပေးလို့ နှုတ်ထွက်ခဲ့ရသူ အဖွဲ့ချုပ်ဝင်များ တစ်ယောက်မှမပါဘူးလို့ သိရပါတယ်၊ အဖွဲ့ချုပ်ကရော၊ ပအို့ပြည်သူ့စစ်တပ်ဖွဲ့ကပါ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တိုင်တန်းကြတယ်လို့လည်း သိရပါတယ်၊
ဒီပြဿနာမှာ ပါဝင်တဲ့ ပအို့ပြည်သူ့စစ်တပ်ဖွဲ့ဆိုတာ တစ်ချိန်တုံးက ပအို့အမျိုးသားတပ်မတော် (Pa O National Army) ဆိုတဲ့အမည်နဲ့ စစ်အစိုးရကို လက်နက်ကိုင် ပုန်ကန်ခဲ့တာပါ၊ နောက်ပိုင်းတော့ စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးရယူပြီး စစ်အစိုးရရဲ့ ခွင့်ပြုချက်နဲ့ အဲဒီဒေသကို ထိန်းချုပ်ခွင့်ရတဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဖြစ်နေပါတယ်၊ ပြည်သူ့စစ်ဖြစ်ပြီးတဲ့နောက် အဲဒီဒေသက လယ်မြေတွေကို အဓမ္မသိမ်းယူခဲ့တာကြောင့် လယ်သိမ်းခံလယ်သမားများ သူတို့ရဲ့ လယ်မြေတွေပြန်ရရေးအတွက် အကူအညီပေးနေတဲ့ ဒေသဆိုင်ရာ အဖွဲ့ချုပ်အဖွဲ့ဝင်တွေအပေါ် ပအို့ပြည်သူ့စစ်များက ရန်ညှိုးထားကြတယ်လို့လည်း ကြားသိရပါတယ်၊
စုံစမ်းစစ်ဆေးသင့်သော ပြဿနာများ
အထက်ဖော်ပြပါ ပြဿနာနှစ်ခုဟာ မြန်မာနိုင်ငံတစ်ဝှမ်း၊ အထူးသဖြင့် တိုင်းရင်းသားဒေသတွေမှာ ပြည်သူ့စစ်ဆိုတဲ့ လက်နက်ကိုင်တပ်ဖွဲ့များနဲ့ပါတ်သတ်ပြီး နှစ်ပေါင်းများစွာ နေ့စဉ်ဖြစ်ပေါ်နေတဲ့ ပြဿနာများထဲက အချို့ဖြစ်ပါတယ်၊ အလားတူပြဿနာတွေ အများကြီး ရှိနေပါတယ်၊ ပထမပြဿနာမှာဆိုရင် တိုင်းရင်းသားပြည်သူ့စစ်ခေါင်းဆောင်လည်းဖြစ်၊ ဒေသတွင်း ဘိန်းဖြူ၊ ဘိန်းမည်းနဲ့ အခြားမူးယစ်ဆေးဝါးများ စိုက်ပျိုး၊ ထုတ်လုပ်၊ ဖြန့်ဖြူးရောင်းချ၊ အခွန်ကောက်ခံနေတဲ့ ဘိန်းရာဇာတွေဟာ ကြံ့ခိုင်ရေးပါတီက ရွေးချယ်တင်မြှောက်ထားတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ကြီးများ ဖြစ်နေကြတယ်လို့ ဆိုပါတယ်၊ အင်မတန်ကြောက်စရာကောင်းတဲ့ စွပ်စွဲချက်ပါ၊ ပြည်ထောင်စုလွှတ်တော်ရဲ့ ဂုဏ်သိက္ခာ၊ ပြည်နယ်လွှတ်တော်ရဲ့ ဂုဏ်သိက္ခာနဲ့ ကြံ့ခိုင်ရေးပါတီရဲ့ ဂုဏ်သိက္ခာများကို အကြီးအကျယ်ထိခိုက်စေတာမို့ ဒီစွပ်စွဲချက်မှန်မမှန် စုံစမ်းစစ်ဆေးသင့်ပါတယ်၊ 
ဒုတိယပြဿနာမှာလည်း ဒေသခံ ပြည်သူ့စစ်ခေါင်းဆောင်က ဗိုလ်မှူးကြီးရာထူးနဲ့ ရပ်တည်ခွင့်ရှိမရှိ၊ ဒီ ပအို့ပြည်သူ့စစ်တပ်ဖွဲ့ဟာ ဒေသခံပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေ၊ လယ်မြေတွေကို အဓမ္မသိမ်းပိုက်ရာမှာ ပါဝင်ခြင်းရှိမရှိ၊ ပအို့ပြည်သူ့စစ်တပ်ဖွဲ့ဟာ ဘယ်ဥပဒေ၊ ဘယ်အာဏာပိုင်ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေသလဲ၊ အမှန်တကယ်ပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေကို ဖမ်းဆီးခြိမ်းခြောက်ပြီး ပါတီက နှုတ်ထွက်ခိုင်းခြင်းဟုတ် မဟုတ် ဆိုတာတွေကို စုံစမ်းစစ်ဆေးဖော်ထုတ် အရေးယူသင့်ပါတယ်၊
ဒီပြဿနာတွေကို ပြည်ထောင်စုလွှတ်တော်ကရော၊ အစိုးရအဖွဲ့ကရော အရေးတယူစုံစမ်းစစ်ဆေးဖို့၊ လက်နက်ကိုင်အင်အားစုတွေရဲ့ သာမာန်ပြည်သူတွေအပေါ် အနိုင်ကျင့်မှုတွေကို ရပ်တန်းကရပ်အောင် အရေးယူဆောင်ရွက်ဖို့လိုပါတယ်၊ စုံစမ်းစစ်ဆေးရာမှာလည်း ကြံ့ခိုင်ရေးပါတီဝင်များ၊ လက်ရှိလွှတ်တော်နဲ့ အစိုးရခေါင်းဆောင်များမပါဝင်ပဲ လူထုကြည်ညိုလေးစားသော ပုဂ္ဂိုလ်များနဲ့ လွတ်လပ်သော စုံစမ်းရေးကော်မရှင်ဖွဲ့ပြီး လုပ်ပိုင်ခွင့်အာဏာအပြည့်အဝအပ်နှင်းလို့ စုံစမ်းသင့်ပါတယ်၊
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄၇ အရ “နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှအခွင့်အရေးရှိစေရမည်၊ ထို့ပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်” ဖြစ်ပါတယ်၊ မြန်မာနိုင်ငံတစ်ဝှမ်းမှာ အခုအချိန်အထိ တရားဥပဒေ၏ အကာအကွယ်ကို မရရှာတဲ့၊ တန်းတူညီမျှအခွင့်အရေးတွေ မရရှာတဲ့၊ လူသားအချင်းချင်းအနိုင်ကျင့်တာကို ဆက်လက်ခံနေရဆဲဖြစ်တဲ့ ပြည်သူတွေ သန်းပေါင်းများစွာ ရှိနေသေးကြောင်းပါ၊
လေးစားစွာ၊
အောင်ဒင်
ဇူလိုင် ၁၈၊ ၂၀၁၃

  


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts