>
မိုးမခ
ဖေဖော်ဝါရီ ၂၀၊ ၂၀၀၈
ကာတွန်းဆရာကြီးဦးဘဂျမ်း၏ အသက် ၁၀၆ နှစ်ပြည့်သည့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့နှင့်
ရန်ကုန်ဂေဇက်သတင်းစာက သူ့ကာတွန်းများကို စတင်ဖော်ပြသည်။ အယ်ဒီတာ မစ္စတာမောင်မှိုင်းက ငွေ ၆၀ိ ထုတ်ပေးလိုက်၍ ကာတွန်း ဆရာအဖြစ် အသက်မွေးဝမ်းကြောင်းပြုရန် စိတ်ဓါတ်ခိုင်မြဲသွားသည်။
သတင်းစာဆရာများက သူ့ကာတွန်းများကို အလုအယက်သုံး၍ ကာတွန်းဆရာအဖြစ် အောင်မြင်လာသည်။ ပန်းချီဆရာအသင်း အတွင်းရေးမှူးအဖြစ် လေးနှစ်ဆောင်ရွက်သည်။
ထိုမှတဆင့်တက်၍ ပဲရော့ရုပ်ရှင်မှ ပေ ၈၀၀ ရှည်”ကြက်တောင်ကွ”နှင့် ပေ ၁၀၀၀ ခန့်ရှိ ”အသူရာ” ကာတွန်းရုပ်ရှင်ကားများကို တီထွင် ရိုက်ကူးသည်။ ထိုအချိန်ကကာတွန်း ရုပ်ရှင်ရေးဆွဲနည်း မရှိသေး၍ မှန်ရှေ့တွင် ခါးတောင်းကျိုက်လမ်းလျှောက်ကာ အရုပ်လှုပ် ရှားပုံကို ခက်ခက်ခဲခဲ မှတ်ခဲ့ရသည်ဟု ဆိုသည်။ ဤနည်းဖြင့် ပုံပေါင်းနှစ်ထောင် ရေးဆွဲပြီး ကာတွန်းရုပ်ရှင်ကို နှစ်လခွဲအတွင်း ရိုက်ကူးနိုင်ခဲ့သည်။
၁၉၅၀ ခုနှစ်လောက်က လက်ဖျားငွေသီးနေသော ဦးဘဂျမ်းအား ဖဆပလအစိုးရက အမြတ်တော်ကြေး ကောက်ရန် ဆင့်ဆို၍ ဦးဘဂျမ်းသည် ကာတွန်းမဆွဲဘဲ သုံးလခန့် သပိတ် မှောက်ဘူးသည်။ သူ့ကာတွန်းများကို မကြည့်ရမနေနိုင်သော လူထုက တောင်း ဆိုကြ၍ ကာတွန်းပြန်ဆွဲခဲ့သည်။
ဦးဘဂျမ်း၏ ကာတွန်းများသည် လူထုအပေါ် သြဇာကြီးမားသောကြောင့် ဖဆပလ အာဏာပိုင်ကြီးတဦးက ဦးဘဂျမ်းအား ညွှန်ကြားရေးဝန် တနေရာယူ၍ နိုင်ငံ့ဝန်ထမ်းဆောင်ဖို့ စည်းရုံးသည်။ ဦးဘဂျမ်းက သူ့အတွက်ရော တိုင်းပြည်အတွက်ပါ အကျိုးရှိမည်မဟုတ်ဟု ငြင်းဆိုခဲ့သည်။
ဆရာဦးဘဂျမ်းသည် တယောထိုးခြင်းနှင့် ကျားကစားခြင်းကို ၀ါသနာထုံသည်။ လူများရာ ပွဲလမ်းသဘင် ဧည့်ခံပွဲများသို့ သွားလေ့မရှိ၊ ထင်ရှားမူကို လိုလားသူလည်း မဟုတ်ချေ။
ဆရာဦးဘဂျမ်းသည် ၁၉၃၄-ခုနှစ်တွင် ပဲခူးမြို့သူ ဒေါ်ကြည်နှင့် အကြောင်းပါသည်။ ၁၉၄၈ ခုနှစ်တွင် သားကို ဗိုက်ခွဲမွေးရသော ဒဏ်ဖြင့် ဒေါ်ကြည်ကွယ်လွန်ရာ အလွန် စိတ်ထိခိုက်သွားရှာသည်။
ထို့ကြောင့် ဦးဘဂျမ်းဇာတ်လိုက်ကျော် ”ဦးဖျောက်ဆိပ်” သည် ရသေ့ဝတ်ပြောင်းကာ ”ရသေ့ကြီးဦးဖျောက်ဆိပ်” ဖြစ်လာရသည်။
ဦးဘဂျမ်းသည် စာနယ်ဇင်းများတွင် မိမိအာဘော်ဖြင့် ရေးသည့်ပုံပြင်များကို”ဘဂျမ်း” ဟူ၍ လက်မှတ်အပြည့်အစုံရေးထိုးပြီး မိမိအာဘော်မဟုတ်ဘဲ အခြားသူများ၏အာဘော်ကို သရုပ်ဖော်ပေးရသောအခါ ”ဘီဂျီ” ဟူ၍ အတိုကောက် လက်မှတ်ထိုးလေသည်။
နိုင်ငံခြား၌ ပညာဆည်းပူးရန် အစိုးရက စေလွှတ်မည်ဆိုသော်လည်း လိုလိုချင်ချင်မရှိ၊ ငြင်းဆန်ခဲ့လေသည်။
ဦးဘဂျမ်း၏ ကိုယ်ပိုင်ဇတ်ကောင်များမှာ ဗမာ့ခေတ်သတင်းစာတွင်ဦးဖျောက်ဆိပ်၊ ဟံသာဝတီသတင်းစာတွင် ”ချာရာဏသီမောင်မြေဇာ”တို့ဖြစ်သည်။
ဦးဘဂျမ်းသည် ပုဂ္ဂိုလ်ရေးအရ သရော်ပြီး ရေးသားခြင်း မပြုခဲ့ပေ။ ခေတ်၊ စရိုက်၊ သဘာဝ ကို အဓိကထားကာ သရော်ခဲ့သည်။ နေ့စဉ်ထုတ်သတင်းစာများကို ဖတ်ကာ တိုင်းပြည်အတွက် ဖြစ်ပျက်နေသော အရေးအကြောင်းများကို လေ့လာအကဲဖြတ်ပြီးမှ ပုံရေးလေ့ ရှိသည်။
ဆရာဦးဘဂျမ်းသည် အစာမကြေရောဂါ၊ အနာ့ပဆုပ်ရောဂါတို့၏ဒဏ်ကြောင့် ၁၉၅၃ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်တွင် ကွယ်လွန်သည်။ ဦးဘဂျမ်းမရှိတော့မှ ဖဆပလအစိုးရက ၁၉၅၅ ခုနှစ်တွင် အလင်္ကာကျော်စွာဘွဲ့ကို ချီးမြင့်သည်။ ကျန်ရစ်သူ တစ်ဦးတည်းသောသားလေး မောင်ကျော်ညွန့်အား ထိုဆုကို ရန်ကုန်မြို့ဂျူဗလီဟော၌ ပေးအပ်ခဲ့ သည်။ ထိုဂုဏ်ပြုပွဲတွင် ပန်းပုဦးဟန်တင်ထုထားသော ဦးဘဂျမ်း၏ကိုယ်တပိုင်း ပန်းပုရုပ်ပုံကို ပန်းချီဦးငွေကိုင်က ဖွင့်လှစ်ပေးခဲ့လေသည်။