ဆောင်းလူ

Saung Luu – Poem

တို့တိုင်းပြည်မှာ
ဆောင်းလူ
ဇူလိုင် ၃၀၊ ၂၀၁၃


တို့တိုင်းပြည်မှာ
ဟိုးရှေးရှေးတုန်းက
ဒေါင်းသံဝေ
ရှစ်လေးလုံးဆိုတဲ့သမိုင်း ရှိခဲ့ဖူးတယ် …။ 
တို့တိုင်းပြည်မှာ …
ဟိုးရှေးရှေးတုန်းက
ကမ္ဘာကျော်စေ
ရွှေဝါရောင်တော်လှန်ရေးဆိုတာ ရှိခဲ့ဖူးတယ် ..။
တို့တိုင်းပြည်မှာ …
စစ်သားတွေမှ
သမ္မတဖြစ်တယ် ..။ 
ဖား ငါးရှာ
တံငါသည်တွေမှ
သမတ အကြံပေးဖြစ်တယ် …။ 
တို့တိုင်းပြည်မှာ …
စကားတစ်လုံး 
ဖျောက်တစ်ချက်နဲ့
ငြိမ်းချမ်းရေးစကားဝိုင်းတွေရှိတယ် ..။ 
တို့တိုင်းပြည်မှာ …
သူပုန်တွေ
အယ်ဒီတာလုပ်
သတင်းစာထုတ်တယ် …။
တို့တိုင်းပြည်မှာ …
ဖာခေါင်းတွေ
ဆယ်အိမ်မှူး လုပ်..
ဖဲသမားတွေ ရာအိမ်မှူးလုပ်
ဘွဲ့ရ စာတတ်တွေ
ဆိုက်ကားနင်းတယ် …။
တို့တိုင်းပြည်မှာ …
မီးခိုးဗုံးတွေ
မီးထလောင်လို့
ထူးဆန်းတဲ့အဖြစ်တွေ ရှိခဲ့ဖူးတယ် …။ 
တို့တိုင်းပြည်မှာ …
စစ်သားတွေ လယ်လုပ်လို့
လယ်သမားတွေ ငုတ်တုတ်ထိုင်နေကြရတယ် ..။
တို့တိုင်းပြည်မှာ ..
ဘုန်းကြီးအမှုရွာပတ်
ကမ္ဘာပျက်ခဲ့ဖူးပြီ …။
တို့တိုင်းပြည်မှာ ….
ရွှေထွက်လိုက်
ငွေထွက်လိုက်
ကြေးထွက်လိုက်
သံထွက်လိုက်နဲ့
ကျေးဇူးရှင်တွေကြောင့်

ဖွတ်ဖွတ်ညက်ညက်ကြေနေရတယ် …။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts