>ဗိုလ်ခဵပ်ြအောင်ဆန်း ရုပ်ရင်ြဇာတ်ညနြ်း – ၃

>

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဇာတ်ညွှန်း – ၃
ဇာဂနာ
ဖေဖော်ဝါရီ ၅၊ ၂၀၀၈

နေရာ။ ။ ပဲခူးဆောင်
အချိန်။ ။ ည ရနာရီ
သရုပ်ဆောင်။ ။ အောင်ဆန်း၊ သိန်းဖေ၊ သီဟန်၊ ကျော်ငြိမ်း

(ဖိုင်တွဲ ကို စားပွဲပေါ်ပစ်တင်လိုက်ပြီး)

ကျော်ငြိမ်း။ ။ အဲဒီတော့ ဒါ ဘာ ဆက်လုပ်ရမှာလဲ။
သိန်းဖေ။ ။ ပြီးပြီလေ၊ ရပ်လိုက်ရုံပဲပေါ့။

အောင်ဆန်း။ ။ မဟုတ်သေးပါဘူး၊ မင်းဟာ က ရှုပ်ချည် နှပ်ချည် နဲ့။
သိန်းဖေ။ ။ ဒါ နိုင်ငံရေးပဲ။ ကိုယ် မှားတယ်ထင်တဲ့ဟာကို ဇွတ်ပေတေ လုပ်နေလို့ မရဘူး။ ပြင်သင့် ပြင်ရမှာပဲ။

ကျော်ငြိမ်း။ ။ ခု ကျောင်းသားတွေက မင်း လက်မှတ်လိုက်ထိုးခိုင်းလို့ တွဲရေးကို ဆန့်ကျင်ပြီး ခွဲရေးတွေ ဖြစ်ကုန်ပြီ။ ခု မင်းက တွဲရေး ပြန်ဖြစ်သွားတော့ ဘာပြောကြမလဲ။ အရူးမလင်လုပ်ရသလိုပဲ။

သိန်းဖေ။ ။ ငါ တွဲရေး ဖြစ်သွားပြီ ဆိုတာကို ငါကိုယ်တိုင် လိုက်ပြန်ပြောမှာပေါ့။ သူတို့ အထင်လွဲရင်လဲ ငါ သေသေချာချာ လိုက်ရှင်းပြမှာပေါ။့ ဒါပဲလေ။

အောင်ဆန်း။ ။ မင်းလုပ်ပုံက မဟုတ်သေးပါဘူး။ မင်းဟာက ဟိုကွေ့ ဟိုတက်နဲ့ လှော်။ ဒီကွေ့ ဒီတက်နဲ့ လှော် ဆိုတဲ့ ဟာကြီး … ငါ မကြိုက်ဘူး။

( စကားဝိုင်း တိတ်ဆိတ် သွား။ခပ်လှမ်းလှမ်းသို့ တွေပြီး ငေးနေကြ။ သီဟန် အခန်းထဲသို့ ၀င်လာ)

သီဟန်။ ။ ကိုနု ပြန်ရောက်နေပြီ။ နက်ဖန် ကိုအုန်း အခန်းမှာ ဆုံကြရအောင် တဲ့။

(ကျော်ငြိမ်းနဲ့ သိန်းဖေ တယောက်မျက်နှာ တယောက်ကြည့်၊ ပြုံးလိုက်ကြ)

နေရာ။ ။ ကိုအုန်းအခန်း
အချိန်။ ။ ညနေ ၄ နာရီခွဲ ခန့်
ပါဝင်သူများ။ ။ ကိုနု၊ ကိုအုန်း၊ အောင်ဆန်း၊ ကျော်ငြိမ်း၊ သိန်းဖေ၊ သီဟန်

(အခန်းထောင့်မှာ အောင်ဆန်း Edmund Burke ၏ ပါလီမန်မိန့်ခွန်းများစာအုပ် ဖတ်နေ
ထိုမှ ကင်မရာ Tilt up၊ ကိုနု လမ်းလျောက်လာ။ (ကိုနု မိတ်ဆက်ဖြစ်သည်) ကျော်ငြိမ်း၊ သိန်းဖေ စားပွဲခုံတွင် ထိုင်နေ။ သီဟန်၊ ကိုအုန်း ဆက်တီ (ခုံရှည်) တွင် ထိုင်နေ )

ကိုနု။ ။ ကိုဖိုးအေးတို့ ကိုကျော်ထွန်းတို့ ကျောင်းသားသမဂ္ဂမှာ နေရာယူထားကြတယ်ဆိုတာ ကိုယ် နယ်မှာ နေကတည်းက ကြားပါတယ်။

သိန်းဖေ။ ။ ကျနော်တို့ကို သူတို့က “မီးဒုတ်ကလေးတွေ”တဲ့။ ကျနော်ကလည်း သူတို့ကို
“အလိုတော်ရိတွေ”လို့ ပြန်ခေါ်ထားတယ်။

ကိုအုန်း။ ။ တခုရှိတာက ကိုယ့်လူတွေ ကျောင်းသားသမဂ္ဂထဲ များများရောက်နေဖို့ လိုတယ်။

အောင်ဆန်း။ ။ ရွေးကောက်ပွဲဝင်ပေါ့။ ခင်ဗျားတို့တော့ ကျနော် မသိဘူး။ ကျနော်တော့ ရွေးကောက်ပွဲဝင်ဖို့ မနက်ဖြန် စာရင်းသွားပေးတော့မယ်။

ကျော်ငြိမ်း။ ။ အဲဒီလို တယောက်တပေါက် လျှောက်လုပ်နေလို့တော့ ဘယ်ဖြစ်မလဲ။ ကျနော်တို့ သေသေချာချာ ပြင်ဆင်ပြီးမှ သမဂ္ဂကို ၀င်မယ်။ အုပ်စုနဲ့ ၀င်မယ်။

သိန်းဖေ။ ။ ကျနော့်စိတ်ကူးကတော့ အဖွဲ့တဖွဲ့ ဖွဲ့မယ်။ ယာယီအားဖြင့် အဖွဲ့နာမည်ကို “ဃ” ကြီး လို့ ပေးမယ်။ ကျနော်တို့လူတွေ အကုန်လုံး သမဂ္ဂထဲ ရောက်ဖို့ရယ်၊ အလိုတော်ရိတွေ တယောက်မှ သမဂ္ဂထဲမှာ မရှိတော့ဖို့ရယ် … အဲဒါ “ဃ” ကြီးအဖွဲ့ရဲ့ ရည်ရွယ်ချက်ပဲ။

ကိုနု။ ။ ကောင်းသားပဲ။ ကိုသိန်းဖေနဲ့ ကိုကျော်ငြိမ်း လုပ်လေ။ လိုတဲ့အချိန်မှာ ကိုယ်အဆင်သင့် ဖြစ်နေစေရမယ်။

ကိုအုန်း။ ။ကဲ “ဃ” ကြီး အသင်းဖွဲ့စည်းခြင်း အနေနဲ့ လက်ဖက်ရည်လေးတော့ သုံးဆောင်ကြပါဦး။

(အောင်ဆန်း ပြတင်းပေါက်ရှေ့မှာ စာအုပ်ကို ဖတ်လိုက်၊ ပိတ်လိုက်လုပ်ကာ တတွတ်တွတ် ရွတ်နေ။ ကိုနု အောင်ဆန်းဖက်သို့ မေးငေါ့ပြ။ သိန်းဖေက မျက်စေ့မှိတ်ပြပြီး လွှတ်ထားလိုက် ဟူသော သဘောသက်ရောက်သည့် အမူအယာပြ။ အားလုံးစာပွဲမှာ ၀ိုင်း ထိုင်ကြ။ အနီးကပ်ပြကွက်ဖြင့် လက်ဖက်ရည်ကရား ငှဲ့လိုက်ပုံ)

အချိန်။ ။ ၁၉၃၄ ခုနှစ် နိုဝင်ဘာ လ
နေရာ။ ။ တက္ကသိုလ်ကျောင်းသားသမဂ္ဂနှင့် အဓိပတိလမ်း
“တ က သ ရွေးကောက်ပွဲ” ဟူသော ဆိုင်းဘုတ်
ထိုမှတဆင့် ပျားပန်းခတ် ၀င်ထွက်နေကြသော ကျောင်းသားများ
ခန်းမထိပ်ဖက်ဆုံးတွင် မဲပုံးများထောင်ထား
ကျောင်းသားတချို့ စကားပြောနေ
ကျောင်းသားတချို့ မဲထည့်နေ
ကျောင်းသားတချို့ မဲစာရင်း သွင်းနေ

( ကိုဖိုးအေး၊ ကိုကျော်ထွန်းတို့အဖွဲ့ စာပွဲတလုံးတွင် စုထိုင်ကာ စကားပြောနေကြ၊ ၀တ်စားထားပုံမှာ မင်းသားရှုံးလောက်စေ။ ပိုးတိုက်ပုံ၊ ဘန်ကောက်ပုဆိုး၊ ဆံပင်ကို ခွဲကြောင်းညီညီ ခွဲထားစေ)

ကျောင်းသား – ၁။ ၊ ကိုကြီးဖိုးအေးတို့ပဲ နိုင်မှာပါ။ ညကျရင် အဆောင်မှာ အောင်ပွဲနော်။

ကိုဖိုးအေး။ ။ အေးပါကွာ။

ကျော်ထွန်း။ ။ ဟို … မီးတုတ်တွေလည်း တော်တော်လှုပ်ရှားတယ်နော်။

( ကျော်ထွန်း မေးငေါ့ပြရာသို့ အားလုံးလိုက်ကြည့်ကြ။ အောင်ဆန်း၊ ကျော်ငြိမ်း၊ သိန်းဖေ၊ သီဟန်တို့ ခေါင်းချင်းဆိုင်ကာ စကားပြောနေ။)

ကိုဖိုးအေး။ ။ စာရင်းမရှိပါဖူးကွာ။ ဟို သိန်းဖေဆိုတဲ့ကောင်ကတော့ လည်တယ်။ နည်းနည်း သတိထားရမယ်။ အညာသား မှုန်ကုပ်ကုပ်ကတော့ ငကြောင်ရယ်။

ကျော်ထွန်း။ ။ နယူးဘားမားမှာ လက်ထောက်အယ်ဒီတာလုပ်နေတဲ့ ကိုအောင်သန်းရဲ့ညီ အောင်ဆန်းလေ။

ကျောင်းသား – ၂ ။ ။ ဘ၀င်မြင့်နေတာလား၊ ဦးနှောက် ရေချိန်မကိုက်တာလား တခုခုတော့ တခုခုပဲ။ လမ်းမှာ တွေ့ရက်နဲ့ နှုတ်ဆက်ချင်မှ နှုတ်ဆက်တာ။ တခါက ကျနော်က ထမင်းစားပြီးပြီလားလို့ မေးတော့ စိန်းစိန်းကြီး ကြည့်ပြီး ဘာမှပြန်မပြောဘဲ၊ လှည့်ထွက်သွားတာ။

ကိုဖိုးအေး။ ။ စည်းရုံးရေးကောင်းတဲ့ သဘောပေါ့ကွာ။ ဟား ဟား ဟား ဟား …

(အားလုံး တ၀ါးဝါး ရယ်လိုက်ကြ။ ထိုရယ်သံ ကျော်ငြိမ်းတို့ စကားဝိုင်းထိ ရောက်လာ)

ကျော်ငြိမ်း။ ။ သိန်းဖေ … မင့်အလိုတော်ရိတွေ သိပ်မြူးနေတယ်နော်။

သိန်းဖေ။ ။ သူတို့နိုင်ဖို့ သေချာနေပြီကိုး။

အောင်ဆန်း။ ။ ပြန်မယ်။

သိန်းဖေ။ ။ ဟာ … နေဦးလေ။ မဲတွေ ရေလို့မှ မပြီးသေးပဲ။ ဘယ်သူတွေ အရွေးခံရတယ် ဆိုတာ ကြေညာပြီးမှ ပြန်လေ။

အောင်ဆန်း။ ။ မင်းတို့ နားထောင်ထားလည်း ပြီးတာပဲ။ ငါ စာ သွားဖတ်တော့မယ်။

(ပြောပြောဆိုဆို အောင်ဆန်း လှည့်ထွက်သွား)

ကျော်ငြိမ်း (ခနဲ့တဲ့တဲ့ ပြုံးရင်း)။ ။ ဟင်း …ဟင်း …။ သိန်းဖေတို့ စည်းရုံးရေးကတော့ တယ်ကောင်းကွာ။

သိန်းဖေ။ ။ မဆိုင်ဘူးလေ။ ဒါ သူ့စရိုက်ပဲဟာ။

စီစဉ်သူ(အော်ပြီးပြော)။ ။ ကိုင်း … အားလုံး မဲရေတွက်မယ်။ ရှေ့ကို လာခဲ့ကြပါ။

(ကျောင်းသားအားလုံး စားပွဲနားသို့ကပ်လာကြ။

အဓိပတိလမ်းအတိုင်းလျောက်လာသော အောင်ဆန်း။)

ထွန်းအုံ။ ။ ဟေ့ ကိုအောင်ဆန်း … ရွေးကောက်ပွဲ ပြီးသွားပြီလား။

အောင်ဆန်း။ ။ မဲ ကြေညာနေပြီ။

ထွန်းအုံ။ ။ ခင်ဗျားတို့ အဖွဲ့ ရွေးကောက်ပွဲဝင်တယ် မဟုတ်လား။ နိုင်သလား …

အောင်ဆန်း။ ။ ရှုံးတယ်။ အဲ … အဲ … ရှုံးမှာ သေချာတယ်၊ ခင်ဗျား ဘယ်သူ့ကို မဲ ထည့်လဲ။

ထွန်းအုံ။ ။ ဟဲဟဲ … ပြောရမှာတော့ အားနာပါတယ်ဗျာ။ ခင်ဗျားကို ကျွန်တော် မဲ မထည့်ခဲ့ဘူးဗျ။

အောင်ဆန်း။ ။ ဟား ဟား …။ ကောင်းတယ်။ မဲ တန်ဖိုး ဆိုတာ ဒီလိုထားမှပေါ့ဗျာ။ ကောင်းတယ်။ နောက်မှ အေးအေးဆေးဆေး စကား လာပြောဦးမယ်။

(ပြောပြောဆိုဆို အောင်ဆန်း ထွက်သွား။ ထွန်းအုံ ကြောင်ပြီး ကျန်ရစ်)

ထွန်းအုံ။ ။ (တစ်ယောက်တည်း ရေရွတ်ပြီးပြော) သူ့ကို မဲ မထည့်တာများ ပျော်သွားသလားမသိ။ ရူးများနေလား။

(ထွန်းအုံ ခေါင်းကုတ်ပြီး အဆောင်ဖက် လှည့်ထွက်)

(ဇာဂနာ စာကြွင်းများ – ကျွန်တော် ရေးနေတာ တော်တော် ခရီးရောက်နေပါပြီ။ အခြေအနေတခုက ဖန်တီးလာတော့ ခဏကလေး (သိပ်မကြာပါဘူး) ရပ်ပါရစေ။ ဒါပေမဲ့ သတင်းကောင်းတခုကတော့ ကျွန်တော်တို့ ဗိုလ်ချုပ်ရဲ့ရုပ်ရှင်ကို ထုတ်လုပ်ချင်သူတွေ ကမ်းလှမ်းလာပါပြီ။ သူတို့အတွက် English Version နဲ့ ပြန်ရေးပေး နေရပါတယ်။ ကျွန်တော့် C box ထဲမှာ လိပ်စာတောင်းသူများ အဆင်ပြေအောင် Gmail Address ထည့်ပေးလိုက်ပါတယ်။ ကြိုက်တာ ရေးပါခင်ဗျာ။ ဗိုလ်ချုပ်နဲ့ ပတ်သက်တာ မှန်သမျှ၊ ကျွန်တော်တို့ အလိုရှိပါတယ်။ zgnar2008@gmail.com ပါ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts