>မိုးထက်နေ – ရာဇသံ

>

ရာဇသံ
မိုးထက်နေ

ဖေဖော်ဝါရီ ၂၊ ၂၀၀၈

ရင်ဘတ်ပေါ်က စစ်ဖိနပ်ရာများ

စစ်အုပ်စုဟာ ၄င်းတို့ အာဏာတည်မြဲရေးအတွက်ကလွဲလို့  တခြားဘယ်သူမျက်နှာမှာ မကြည့်ဘူး ဆိုတာ ကျနော်တို့  သဘောပေါက်ဖို့  အချိန်တန်ပြီလို့ ထင်ပါတယ်။ ကျောင်းသား တွေ၊ ပြည်သူတွေရဲ့ သွေးတွေ၊ အသက်တွေကို သူတို့အာဏာယန္တရားရဲ့ ချောဆီအဖြစ် သုံးခဲ့တယ်။ ကျနော်တို့မိဘတွေရဲ့ ရင်ဘတ်ပေါ်က စစ်ဖိနပ်ရာတွေက ကျနော်တို့ရင်ဘတ်တွေ အထိ မရပ်သေးဘူး။

ကျောင်းသားသမဂ္ဂ အဆောက်အဦးက ပေါက်ကွဲသံနဲ့အရိုင်းခေတ်ကို စတင်ခဲ့တယ်။ ကိုကိုးကျွန်းပေါ်က လူမသိသူမသိ ယုတ်မာမှုတွေ ရှိတယ်။ ဦးသန့် အရေးအခင်း၊ မှိုင်းရာပြည့် မှာ ကျတဲ့ သွေးတွေ ဟာ ကျနော်တို့  မိဘတွေ ရင်ဘတ်ပေါ်က စစ်ဖိနပ်ရာတွေ ဖြစ်တယ်။

မြေနီကုန်းမှာ လူမမယ်ကလေးတွေ သတ်ခဲ့တယ်။ အင်းယားကန်စောင်းဟာ ကျောင်းသူ၊ကျောင်းသားတွေရဲ့အလောင်းနဲ့ ပိုမြင့်ခဲ့တယ်။ ကျောင်းပညာတပိုင်းတစနဲ့ ကျောင်း သားတွေဟာ ငှက်ဖျားနဲ့နပန်းလုံးရင်း၊ အနာဂတ်သွေးဆုံးခဲ့ရတယ်။ သူတို့ဟာ သာသနာ့ ဝန်ထမ်းတွေရဲ့သွေးနဲ့ ခြေဆေးတယ်။ ဒါဟာ ကျနော်တို့မျိုးဆက်ရင်ဘတ်ပေါ်က စစ်ဖိနပ်ရာတွေ ဖြစ်တယ်။

စစ်ရေးအမြင်နဲ့ အခြားအမြင်

ကျနော်တို့ မပါးနပ်ခဲ့ကြဘူး။ တော်လှန်ရေး၊ တော်လှန်ရေးနဲ့ ပါးစပ်က အော်ရင်း စစ်အုပ်စုကြိုးဆွဲရာ မျောပါနေတာ ကြာခဲ့ပြီ။ စစ်အုပ်စုကို မောင်းထုတ်ဖို့ သတ်ကွင်းတွေ ပြင်ဆင်ရင်းနဲ့ ကျနော်တို့ကိုယ်ကျနော်တို့ တိုက်ပွဲအပြင်ကို မောင်းထုတ်ခဲ့ပေါင်းများပြီ။

လူထုတိုက်ပွဲတွေ အကြိမ်ကြိမ် နွှဲခဲ့တယ်။ သူပုန် အကြိမ်ကြိမ် ထခဲ့တယ်။ စေ့စပ်ရေး စာပွဲတွေမှာ အကြိမ်ကြိမ် ထိုင်ခဲ့ဘူးတယ်။ ကျနော်တို့ အသနားခံ ခဲ့ဘူးတယ်။ ကျနော်တို့ ကြမ်းတမ်းခဲ့ဘူးတယ်။ ကျနော်တို့ ယဉ်ကျေးခဲ့ဘူးတယ်။ ကျနော်တို့ ဘယ်လို အချိုးတွေ ပြောင်းပြောင်း၊ စစ်အုပ်စုကတော့ စစ်ရေးအနေနဲ့ မြင်ခဲ့တယ်။ စစ်ပွဲမှာ ရန်သူကို ချေမှုန်းသလိုပဲ ကိစ္စတုန်း လုပ်ခဲ့တယ်။ စစ်အုပ်စုက ရန် ငါ ပြတ်တယ် ဆိုရမယ်။

စစ်အုပ်စုဟာ အာဏာတည်မြဲရေးတခုထဲကို စွဲကိုင်ပြီး ဆန့်ကျင်ဘက်မှန်သမျှ ချေမှုန်းတယ်။ ကျနော်တို့တွေက တဖက်ကစစ်အုပ်စုကို တိုက်ရင်း၊ ကားအကောင်းစား စီးနိုင်ဖို့၊ နိုင်ငံကောင်းကောင်းမှာ အခြေချဖို့ စတဲ့ ပုဂ္ဂိုလ်ရေးရောထွေးမှုတွေနဲ့ ပြန်လည် တုံပြန်တိုက်ခိုက်ကြတယ်။ ဒါဟာ တော်လှန်ရေးသက်ကို ကြာစေတဲ့၊ စစ်အုပ်စု သက်ဆိုးရှည်စေတဲ့ အရင်းခံအချက်လို့  မြင်တယ်။

ရွှေပြည်တော်ကို ဘာနဲ့မျှော်

ကျနော်တို့လူမျိုးတွေ မင်းလောင်းမျှော်တတ်တဲ့ဓလေ့ဟာ ဘယ်က စတယ် မသိဘူး။ ဒါပေမဲ့ သီပေါမင်း ပါတော်မူတဲ့ နောက်ပိုင်း စင်္ကြာမင်းလေး ကိုမျှော်တယ်။ ကယ်တင်ရှင်မျှော် တယ်။ တန်ခိုးရှင် မျှော်တယ်။ ကျနော်တို့ခေတ်မလည်း UN, EU, US တို့ဟာ ခေတ်သစ်စင်္ကြာမင်းလေးတွေဖြစ်တယ်။ အမှန်တော့ ကျနော်တို့နိုင်ငံရဲ့အနာဂတ်ကို သူတို့ ဘယ်လိုမှ မဖန်တီးပေးမယ် မဟုတ်ဘူး။ ကျနော်တို့သွေးတွေကို အင်္ဂတေလုပ်၊ အလောင်းတွေကို အုတ်ရိုးလိုစီပြီး ကိုယ်တိုင်ပဲ တည်ဆောက်ရမှာ ဖြစ်တယ်။

ကျနော် တနေရာက လတ်လတ်ဆတ်ဆတ် ဖတ်ခဲ့တဲ့ စာသားလေးတခု ကိုးကားလိုပါတယ်။

“နိုင်ငံရေး … စီးပွားရေး … လှုမှုရေး … အမြတ်ထုတ်စရာ လားလားမှမရှိတဲ့ တိုင်းပြည်သေးသေးလေး၊ ငါတို့ ဂရုမစိုက်သေးဘူး …”

လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ၊ ဒါဟာ ကျနော်တို့တိုင်းပြည်အပေါ် နိုင်ငံတကာရဲ့ အတွင်းပိုင်းကျတဲ့အမြင် ဖြစ်တယ်။ ဘန်ကီမွန်း၊ ဂျော့ဘုရှ်၊ ဘရောင်းနဲ့ ဂမ်ဘာရီတို့ လူမြင်ကွင်းမှာ စိတ်ဆိုးပြ၊ စိတ်မကောင်းပြတာတွေကို ကြည့်ပြီး မျှော်ကြည့်နေဖို့ မလိုဘူး။ ထိုက်သင့်တဲ့ ငွေကြေးအကူအညီပေးနေတဲ့အတွက်လည်း တနေ့တော့ ရမ်ဘိုကြီး တွေ မိုးပေါ်က ကျလာလိမ့်မယ်လို့လည်း ထင်နေဖို့ မလိုဘူး။

မသာအိမ်ကို လာတဲ့သူတိုင်း လူမှုရေးအရ ဝမ်းနည်းတဲ့မျက်နှာကို ဝတ်ဆင်ထားကြမှာဖြစ်တယ်။ ပြီးတော့ သူတို့စီးပွားမထိခိုက်နိုင်တဲ့ ကူငွေလောက်တော့ ထည့်ဝင်ကြမှာဖြစ်တယ်။ မသာလေးချပြပြီး ဖဲဝိုင်းထောင်၊ အကောက်စားနေတဲ့ လူနည်းစု အတွက် အထွာတစ်ခု အဆင်ပြေရုံပဲ ဖြစ်နေမယ်။

တော်လှန်ရေး အရည်ပျော်မှတ်

စာရွက်တွေ၊ ကုလားထိုင်တွေပေါ်မှာလုပ်တဲ့ ညီညွတ်ရေးတွေနဲ့၊ လေ့လာရေး ဆရာ့ဆရာတွေရဲ့ သွေးမစွန်းသော ကူးပြောင်းရေးလမ်းကြောင်းတို့၊ အာဏာရှင်စနစ် တစစ ယိုယွင်းလာခြင်းတို့ ဆိုတာတွေနဲ့ စားကြသောက်ကြ၊ ငြင်းကြခုံကြနဲ့ အဝေးက တိုက်ပွဲကွင်းကို ရပ်ကြည့်နေခဲ့ကြတာလည်းကြာပြီ။

ယခင်ကာလများမှာတုန်းကတော့ လူထုအသင့်မဖြစ်သေးဘူး၊ တော်လှန်ရေး အသင့်မဖြစ်သေးဘူးဆိုတဲ့ (တကယ်လည်း ဟုတ်ခဲ့တယ်) အပြောတွေနဲ့  နေခဲ့ကြတယ်။ တကယ် လူထုလမ်းပေါ်ထွက်လာတော့ ပါးစပ်အဟောင်းသားနဲ့ ကယောင်ကတမ်း ကြေငြာချက်တွေ ထုတ်ရုံကလွဲလို့ ကျနော်တို့ဘာမှ မလုပ်နိုင်ခဲ့ဘူး။

ကျနော်တို့ ပြောပြောနေကြတဲ့ တော်လှန်ရေး ရင့်မှည့်နေတယ်ဆိုတဲ့ အနေအထားကို ရောက်နေပြီ။ ခူးဖို့အချိန်ရောက်နေပြီ။ ရင့်မှည့်နေတာကို ပါးစပ်လေး ဟ ပြီး ဆက်ကြည့်နေရင်တော့ ပုတ်သိုးပြီး အရည်ပျော်သွားဖို့ပဲ ကျန်တော့တယ်။

ကျနော် နားလည်သလောက်တော့ တော်လှန်ရေးရင့်မှည့်တယ် ဆိုတာဟာ အာဏာရှင်ရဲ့ သရုပ်မှန်ကို ပြည်သူလူထုအများစုက သိသွားတဲ့အချိန်ဖြစ်တယ်။ အန်တုဖို့ ကြိုးစားလာတဲ့ အချိန်ဖြစ်တယ်။

“မတရားတဲ့ အမိန့်ဟူသမျှ တာဝန်အရ ဖီဆန်ကြ …”

ဒေါ်အောင်ဆန်းစုကြည်က ပြည်သူကို ပြောသွားတဲ့စကားစုလေး။ အတိုက်အခံတွေရဲ့ ပါးစပ်မှာ၊ စာမျက်နှာတွေပေါ်မှာ အင်မတန် ရေပန်းစားတယ်။ ပြည်သူတွေလည်း သိတယ်။ သဘောပေါက်အောင် လုပ်မပေးနိုင်ဘူး။ အဲဒီစကားကို ဘယ်လို အကောင်အထည်ဖော်ရမလဲ ပြောမပြပေးနိုင်ခဲ့ဘူး။ လမ်းပေါ်မတက်ဘဲ၊ ကြွေးကြော်သံတွေ မပါဘဲ၊ လုပ်လို့ရတဲ့ အာဏာဖီဆန်ရေးနည်းတွေကို ပြမပေးနိုင်ခဲ့ဘူး။

ပြည်သူတွေ လေ့လောကြ ဆည်းပူးကြ တိုက်ပွဲဝင်ကြလို့ အော်နေလို့မရဘူး။ ထမင်းစားပြီးတာနဲ့ ဒီနေ့တော့ ထမင်းမငတ်ဘူး၊ တော်သေးတယ်ဆိုတဲ့ အတွေးနဲ့ သက်ပြင်းချရ၊ ညဘက်အိပ်ယာဝင်ချိန်မှာလည်း မနက်ဖြန်စားဝတ်နေရေးအတွက် ပူပန်ရ ဖြစ်နေတဲ့ လူတွေက ဘယ်လိုစာအုပ်စာတမ်းတွေ လေ့လာချိန် ရပါ့မလဲ။ ကျနော်တို့ရေးနေကြတဲ့ အင်တာနက်စာမျက်နှာဆိုတာတော့ ဘုရားသခင်လောက်နီးနီး သူတို့ဘဝနဲ့ အဝေးကြီးမှာ။

အန်တုရေး ဆီသို့

ကျနော်နားလည်သလောက်တော့ တော်လှန်ရေးရင့်မှည့်တယ် ဆိုတာဟာ အာဏာရှင်ရဲ့ သရုပ်မှန်ကို ပြည်သူလူထုအများစုက သိသွားတဲ့အချိန်ဖြစ်တယ်။ အန်တုဖို့ ကြိုးစားလာတဲ့ အချိန်ဖြစ်တယ်။ အခုအချိန်မှာ ပြည်သူတွေ လို ချင်တာ အာဏာရှင် မကောင်းကြောင်း မဟုတ်ဘူး။ အာဏာရှင်ရဲ့ အကျင့်ပျက် ချစားမှုအကြောင်းမဟုတ်ဘူး။ ဒီအကြောင်းတွေကို အတွင်းထဲမှာနေတဲ့ ပြည်သူတွေက ကျနော်တို့အားလုံးထက် ပိုပြောနိုင်တယ်။ ခုချိန်မှာ ပြည်သူတွေလိုချင်နေတာ အာဏာရှင်စနစ်ကို ဘယ်လိုသုတ်သင်မလဲ ဆိုတဲ့ နည်းလမ်းပဲ။ အဲလိုပြတဲ့အခါမှာလဲ ခေတ်မှီရုံးခန်းကြီးတွေထဲက စားပွဲကြီးတွေပေါ်ထိုင်ရင်း စာတမ်းတွေ လှိမ့်ရေးနေလို့မရဘူး။ “ဒီလို ဆန့်ကျင်ရတယ်ကွ” ဆိုပြီး ပြည်သူနဲ့ တသားတည်း မားမားရပ်ပြဖို့လိုတယ်။

ဖြစ်စဉ်တခု ပေါ်ပေါက်ဖို့ ကာလံ၊ ဒေသံ၊ အဂ္ဂံ၊ ဓနံ ဆိုတာလိုတယ်။ တော်လှန်ရေးဟာလဲ အဲဒီအကြောင်းတရား ၄ ပါးထဲက မလွတ်မြောက်နိုင်ဘူး။ အချိန်ကာလ ကတော့ ဒီထက်ပို အချိန်ကိုက်ဖြစ်ဖိ့မရှိဘူး။

စစ်အုပ်စုကို ဖြုတ်ချဖို့အတွက်ကတော့ စစ်အုပ်စုရှင်သန်နေတဲ့ အရပ်မှာ တော်လှန်ရေး ရှိဖို့လိုတယ်။ သံရုံးတွေနား လှည့်ပတ်အော်လို့ နအဖပြုတ်မကျဘူး။ တခြားသော အကျိုးစီးပွားတော့ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ နိုင်ငံတကာကို ကျနော်တို့တော်လှန်ရေးလုပ်နေကြပါတယ် ဆိုတာမျိုးပေါ့။

အကြောင်းတရားအနေနဲ့ကလဲ ကုန်းဈေးနှုန်း တက်တာ၊ သံဃာတွေ အသတ်ခံရတာ၊ ကျောင်းသားတွေ နိုင်ငံရေးအကျဉ်းသားတွေ ဖမ်းဆီး နှိပ်စက်ခံရတာ၊ အမျိုးကောင်းသမီးတွေ မုဒိန်းကျင့်ခံရတာ၊ ရွာတွေမီးရှို့ခံရတာစတဲ့ အကြောင်းတွေ ဆက်ရေးရရင် စာအုပ်ထူတစ်အုပ်ဖြစ်သွား နိုင်တယ်။

ဓနံ လိုခေါ်တဲ့ ငွေးကြေး ဆိုတာကတော့ လူထုချစ်ရင် ထမင်းမငတ်ဘူး။ လူထုအနေနဲ့ ဒေါ်လာ သိန်းချီ အကုန်အကျခံပြီး ကားတွေ၊ ရုံးခန်းတွေ၊ နေစရာ အဆောင်အယောင်တွေ ငှားမပေးနိုင်ဘူးပေါ့။

ခေတ်ဆန်းချိန်သို့ ရာဇသံ

ညီညွတ်ရေး ၊ ရန်ပုံငွေ၊ လုံခြုံရေးကောင်စီဆုံးဖြတ်ချက် စတဲ့ တောဆင်ခမည်းလို အကြောင်းပြချက်တွေ နဲ့ တော်လှန်ရေးသက်ရှည်နေကြဦးမှာလား။ ကျနော်တို့ခေါင်းကို ရိုက်ခွဲနေတဲ့လက်ကို အကြမ်းဖက်သမားသမုတ်ခံရမှာ ကြောက်တဲ့စိတ်တခုထဲနဲ့ မခုခံကြတော့ဘူးလား။

ခေါင်းဆောင် ဘယ်မှာလဲ ဆိုတဲ့ အမေးနဲ့ ကျနော်တို့ကိုယ် ကျနော်တို့ ဆက် ဝှက် ထားကြဦးမလား။ ဒေါ်အောင်ဆန်းစုကြည်လည်း National Figure တယောက်အနေနဲ့ပဲ ရပ်တည်ပေးနိုင်မယ်။ ရှေ့ထွက်ပြီး ဦးဆောင်ခွင့် ဘယ်လိုမှ မရဘူး။ ၈၈ မျိုးဆက်တွေလည်း ထောင်နှစ်ရှည် အချခံဖို့ သူတို့နရသိန်တွေထဲမှာ။

ဂမ်ဘာရီနဲ့ ကုလသမဂ္ဂဆိုတာလဲ စစ်အုပ်စုနားကပ်ဖို့ မပြောနဲ့ တရုတ်နဲ့ ကုလားဆိုတဲ့ စစ်အုပ်စုရဲ့ တခြားသောတံခါးတွေကိုတောင် မဖွင့်နိုင်ရှာဘူး။

ဒေါ်အောင်ဆန်းစုကြည်ကလည်း စကားကုန် ပြောသွားပြီ။

“အဆိုးဆုံး အတွက်ပြင်ဆင် ကြတော့” တဲ့။

သူပုန် ထ ကြမှ ဖြစ်တော့မယ်။ ကျနော်တို့ နောက်ထပ်မျိုးဆက်တွေ ရှင်သန်ဖို့အတွက် ကိုယ်အလောင်းစင်ကို ပြင်ဖို့ အချိန်တန်ပြီ။ နအဖဟာ ကျနော်တို့ကို ရန်သူလို့ သဘောထားသလို ကျနော်တို့ကလည်း နအဖကို ရန်သူလို့မြင်ဖို့ ကောင်းပြီ။

ညှိနှိုင်းရေး ဆိုတာလဲ Road Map ကို အသက်သွင်းဖို့  အချိန်ခိုးထားတဲ့ ပုံပြင် ဖြစ်တယ် ဆိုတာ သဘောပေါက် ကြပြီးဖြစ်တယ်။

လိုအပ်သလောက် မထိရောက်တဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ၊ အစည်းအဝေးပွဲတွေ လဲ မျှော်လင့်မနေနဲ့ တော့။ မဖွင့်သေးတဲ့ ထီလက်မှတ်လို့သဘောထားပြီး ကိုယ့်လွတ်မြောက် လမ်းကို ကိုယ်ရှာကြဖို့ အချိန်ရောက်ပြီ။

ခေါင်းဆောင်တွေ၊ တန်ခိုးရှင်တွေ၊ မင်းလောင်းတွေ၊ ကယ်တင်ရှင်တွေမျှော်နေမဲ့ အစား ကိုယ့်ခြေ ကိုယ့်လက်နဲ့ ကိုယ်တတ်နိုင်တဲ့ဒေါင့်က တော်လှန်ရေးကို စရတော့မှာ ဖြစ်တယ်။

အကြမ်းလည်း မဖက် အကြမ်းဖက်လည်း မခံတဲ့ မြေပေါ်တိုက်ပွဲတွေ ဖော်ထုတ်ကြစို့။

လက်ရုံရည် အားကောင်းသူတွေ က လက်နက်စွဲပြီး တိုက်ကြစို့ ။

ကျနော်တို့နှလုံးသွေးတွေနဲ့ မျိုးဆက်တိုင်းရဲ့ရင်ဘတ်ပေါ်က စစ်ဖိနပ်ရာတွေကို ဆေးကြစို့။

ကျဆုံးသွားသူတွေရဲ့အလာင်းကို အကာအကွယ်ယူ၊ အလောင်းပေါ် အလောင်းဆင့်၊ နင်းတက်ရင်း စစ်အာဏာရှင်ကို ပုလ္လင်ပေါ်က တွန်းချစို့။

နအဖနဲ့ တကွ တွေဝေနေသူအားလုံးကို ရာဇသံ ပေးကြစို့ ။

ပုဂ္ဂိုလ်ရေး အကြိတ်အခဲရှိသူတွေတောင် ရန်သူကို အတူလက်တွဲတိုက်တဲ့အခါ ရင်ချင်းအပ်၊ ကျောချင်းကပ်နိုင်ကြပါတယ်။ တော်လှန်ရေးစစ်မျက်နှာကို ဖွင့်လိုက်တာနဲ့ နည်းနာအမျိုးမျိုးနဲ့ ကွဲပြားနေတဲ့ အုပ်စုတွေအကုန်လုံး တသံတည်း ထွက်လာပါလိမ့်မယ်။ ကျနော်တို့အားလုံး ခြေလှမ်းတွေမတူပေမဲ့ လမ်းကတော့ ဒီတခုထဲ မဟုတ်လား။ အနာဂတ်ကို သန့်စင်နိုင်ဖို့ ကြိုးစားရင်း ကျနော်တို့ကျဆုံးသွားတယ်ဆိုရင်တောင် ကျနော်တို့တတ်နိုင်သမျှ တန်းကုန်အောင် လုပ်သွားတယ်ဆိုတဲ့စိတ်နဲ့  သေခွင့်ရမှာ ဖြစ်တယ်။

ဒီတိုင်း ဆက်နေသွားလို့ကတော့ မတရားမှုကို သိပြီး အန်မတုနိုင်တဲ့လူဟာ မသိလို့ မတရားခံနေရတဲ့လူတွေထက် ပို ရှက်ဖို့ ကောင်းတယ်။ စစ်အုပ်စုလက်ထက် တိုက်ပွဲတွေ မှာ အသက်ပေးသွားတဲ့လူတွေအားလုံးက ကျနော်တို့ကို ရယ်မောနေတော့မယ်။ မည်သို့ပင်ဖြစ်စေ ကျနော်ကတော့ အွန်လှိုင်းစာမျက်နှာတွေပေါ်ကပဲ ရာဇသံပေးနိုင်တဲ့ ကောင်ပါ။

တကယ့် စစ်မြေပြင်အတွက် ဘယ်သူစပြီး ရာဇသံပေးမလဲ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts